*****May you be happy, healthy, wealthy and peace of mind those who have been visiting to my blog.*****
.
*****သစ်ပင်အရိပ် ဆွေမျိုးရိပ်နှင့် မိရိပ်ဘရိပ် ဆရာရိပ်ထက် မင်းရိပ်သည်သာ ဆင့်ဆင့်သာ၏။ ထိုမှတစ်ဖြာ မြတ်စွာဟောကြား တရားဆာယာ အရိပ်မှာကား လွန်စွာအေးမြ ချမ်းသာရ၍ မှီကြခိုသူ များဗိုလ်လူတို့ အပူခပ်သိမ်း ပ,ပျောက်ငြိမ်း၏ ။*****

Saturday, December 24, 2011

နှစ်ဖက်ကန်းသူ, တဖက်မြင်သူ, နှစ်ဖက်မြင်သူ


            ဗုဒ္ဓဘုရားရှင်သည် အရာရာတွင် အတုမဲ့ အနှိုင်းမဲ့ ဖြစ်သည်။ အထူးသဖြင့် တရားဟောပြောဆုံးမရာ၌ အံ့ချီးဖွယ် ကောင်းလောက်အောင်ပင် အတုမရှိဖြစ်သည်။ တရားနာသူ၏ အရည်အသွေးကိုဆင်ခြင်တော်မူ၍ အမျိုးမျိုးသော စကားပရိယာယ်  များဖြင့်ဟောကြား တော်မူသည်။  ရံဖန်ရံခါ ဥပမာ ဥပမေယျတို့ဖြင့် စကားတန်ဆာဆင်၍ ဟောပြောတော် မူခဲ့သည်။   နာသူ ကြားသူတို့သည် ထင်လွယ် မြင်လွယ် သိလွယ်ဖြစ်အောင် ထိမိစွာ ဟောပြောနိုင်သည်မှာ သူမတူအောင် ထူးချွန်လှသည်။
ဤနေရာ၌ ကုသိုလ် အကုသိုလ်စသော တရားတို့ကို ခွဲခြားသိနိုင်သော ဉာဏ်အမြင်ရှိသူ သုံးမျိုးအား 
မျက်စိနှစ်ဖက်လုံး ကန်းသူ၊
တဖက်မြင်သူ၊
နှစ်ဖက်လုံးမြင်သူ ဟူသော
ပုဂ္ဂိုလ်သုံးမျိုးနှင့် ဥပမာပေး၍ ခွဲခြားစိတ်ဖြာ ဟောကြားထားသည်ကို တင်ပြလိုပါသည်။
ဗုဒ္ဓဘုရားရှင်က-လောက၌ မျက်စိနှစ်ဖက်လုံး ကန်းသူ၊ တဖက်မြင်သူ၊ နှစ်ဖက်လုံးမြင်သူ-ဟု၍ ပုဂ္ဂိုလ်သုံးမျိုး ရှိသည်။ အဲဒီပုဂ္ဂိုလ်များမှာ...
(၁) အကြင်သူ၌ မရသေးသော စည်းစိမ်များ ရအောင်၊ ရပြီးသော စည်းစိမ်များ တိုးပွားအောင်ပြုနိုင်သောဉာဏ်မျက်စိလည်း မရှိ။
ကုသိုလ်တရား နှင့် အကုသိုလ်တရား၊ အပြစ်ရှိ တရားနှင့် အပြစ်မဲ့တရား၊ ယုတ်သော တရားနှင့် မြတ်သောတရား၊မည်းညစ်သောတရားနှင့် ဖြူစင်သောတရားတို့ကို ခွဲခြားသိနိုင်သော ဉာဏ်မျက်စိလည်း မရှိ။ထိုသူသည် မျက်စိနှစ်ဖက်လုံး ကန်းသော အန္ဓပုဂ္ဂိုလ် မည်၏။
(၂) အကြင်သူ၌ မရသေးသော စည်းစိမ်တို့ကို ရအောင်၊ ရပြီးသော စည်းစိမ်တို့ကိုလည်း တိုးပွားအောင် ပြုနိုင်သော ဉာဏ်မျက်စိရှိ၏။ကုသိုလ် အကုသိုလ်စသောတရားတို့ကို ခွဲခြားသိမြင်နိုင်သော ဉာဏ်မျက်စိကား မရှိ။ထိုသူသည် မျက်စိတဖက်သာ မြင်သော ဧကစက္ခုပုဂ္ဂိုလ် မည်၏။
(၃) အကြင်သူ၌ စည်းစိမ်ဥစ္စာတို့ကို ရရှိတိုးပွားအောင် ပြုနိုင်သော ဉာဏ်မျက်စိလည်း ရှိ၏။ကုသိုလ် အကုသိုလ်စသောတရားတို့ကို ခွဲခြားသိနိုင်သော ဉာဏ်အမြင်လည်းရှိ၏။ ထိုသူသည် မျက်စိနှစ် ဖက်လုံး မြင်သော ဒွိစက္ခုပုဂ္ဂိုလ်မည်၏။-ဟူ၍ ဟောကြားတော်မူခဲ့သည်။
ဤဟောကြားချက်တရားမှာ အင်္ဂုတ္တရနိကာယ် အန္ဓသုတ် အကျဉ်းချုပ်ဖြစ်သည်။ ဤတရားတော် ကို လေ့လာဆင်ခြင်၍ မျက်စိနှစ်ဖက်လုံးမြင်သောဒွိစက္ခု ပုဂ္ဂိုလ်များဖြစ်အောင်ကျင့်ကြံအား ထုတ်နိုင်သော်   လောကီ လောကုတ္တရာ နှစ်ဖြာသောအကျိုးကို ခံစားရရှိမည်မှာ မုချပင်ဖြစ်ပေသည်..။
အရှင် စန္ဒိမာ (ဓမ္မလရိပ်)

No comments:

Post a Comment