*****May you be happy, healthy, wealthy and peace of mind those who have been visiting to my blog.*****
.
*****သစ်ပင်အရိပ် ဆွေမျိုးရိပ်နှင့် မိရိပ်ဘရိပ် ဆရာရိပ်ထက် မင်းရိပ်သည်သာ ဆင့်ဆင့်သာ၏။ ထိုမှတစ်ဖြာ မြတ်စွာဟောကြား တရားဆာယာ အရိပ်မှာကား လွန်စွာအေးမြ ချမ်းသာရ၍ မှီကြခိုသူ များဗိုလ်လူတို့ အပူခပ်သိမ်း ပ,ပျောက်ငြိမ်း၏ ။*****

Tuesday, October 30, 2012

သောဏနန္ဒဇာတ်တော်လာ မိဘဂုဏ်ရည် (၁၂) ပါး


(၁) မိဘတို့သည် သားသမီးအပေါ်မေတ္တာထားသောကြောင့် “ဗြဟ္မာ”မည်ပါတယ်။
(၂) ငယ်စဉ်ကတည်းက ဒီလိုစား၊ ဒီလိုသွား ဒီလိုနေ စသဖြင့် သင်ကြားပြသပေးသောကြောင့် “ လက်ဦးဆရာ” ဖြစ်ပါတယ်။
(၃)မိဘတို့သည် ရပ်ဝေးတွင် စီးပွါးရှာ၍ သားသမီးကိုကျွေးမွေးသည်။ သားသမီးတို့ကလည်း ထိုသို့ပြန်လည် လုပ်ကျွေးထိုက်သော “အာဟုနေယျ” ပုဂ္ဂိုလ်ဖြစ်ပါတယ်။
(၄)သားသမီးများရှာဖွေထားသည်ကို  မပျောက်ပျက်အောင် တိုးတက်အောင်စောင့်ရှောက်ပေးသော “ပုဗ္ဗဒေ၀တာ” ပုဂ္ဂိုလ်ဖြစ်ပါတယ်။
(၅) သားသမီးများမမွေးခင်ကတည်းက ကြိုတင်ချစ်ခင်လွန်းသောကြောင့်  “သုဟဒ” ပုဂ္ဂိုလ်ဖြစ်ပါတယ်။
(၆)လူဖြစ်အောင်မွေးဖွားပေးခဲ့သော မိခင်၏ဂုဏ်ကို “ဇနေတ္တိ” ဟုခေါ်ပါတယ်။
(၇)နို့ချိုတိုက်ကျွေးခဲ့သော မိခင်၏ ဂုဏ်ကို “ပေါသက” ဟုခေါ်ပါတယ်။
(၈)ယုယကြင်နာစွာ မွေးဖွားပေးခဲ့သော မိခင်၏ဂုဏ်ကို “ပေါသေန္တ”ဟုခေါ်ပါတယ်။
(၉) မိဘတို့သည် သားသမီးများကို အမြဲတစေစောင့်ရှောက်နေတတ်သောကြောင့် “အာပါဒက”ဟုခေါ်ပါတယ်။
(၁၀) လောကအကြောင်း၊လူအကြောင်းကို သူတို့သိသမျှ သားသမီးများသိရအောင် ပြောပြတတ်သောကြောင့် “ဒေဿတာရ” မည်ပါတယ်။
(၁၁) သားသမီးများနားဝင်အောင် ချော့မော့ပြောပြတတ်သောကြောင့် “တောသယန္တိ”ဟုခေါ်ပါတယ်။
(၁၂) ကိုယ်သုးံဖို့ရှာဖွေထားသော ပစ္စည်းများကို ကိုယ်ကိုယ်တိုင်မသုးံရက်၊ မစားရက်ဘဲ သားသမီးများအတွက် ချန်ထားတတ်သောကြောင့်  “ဂေါပယန္တိ” ဟုခေါ်ပါတယ်။
ဤဂုဏ်ရည်များသည် မိဘတို့က သားသမီးအပေါ် မည်မျှကောင်းကြောင်း ထင်ရှားစေသော ဂုဏ်ရည်များ ဖြစ့်ပါသောကြောင့် သားသမီးတိုင်း မိဘကျေးဇူးကိုသိတတ်နားလည်နိုင်တတ်ကြပါစေလို့…. 

                                                           အရှင်စန္ဒိမာ (ဓမ္မလရိပ်)
                                                              

Wednesday, October 24, 2012

မွေးနေ့မှာ အမေကို သတိရနိုင်ကြပါစေ


မွေးနေ့ဆိုတာ  လူသားတစ်ယောက် လူ့လောကကြီးထဲသို့ မိခင် ၀မ်းကြာတိုက်ကနေ မွေးဖွားသန့်စင် လူဖြစ်လာသည့် ခန္ဓာအိမ်ကို ရတဲ့ နေ့ရက်အား ဂုဏ်ပြုသတ်မှတ်ခေါ်ဆိုသောနေ့ (တစ်နည်း) ကိုယ့်မိခင်က ကိုယ့်ကို မွေးခဲ့တဲ့နေ့ဖြစ်လို့ မိခင်ကို အလေးအမြတ်ပြုရမဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။
မြတ်စွာဘုရားရှင်ရဲ့ တရားဒေသနာတော်အရ “ဘ၀ပစ္စယာ ဇာတိ”  ကမ္မဘ၀လို့ခေါ်တဲ့ အတိတ်ဘ၀က ပြုလုပ်ခဲ့တဲ့ ကုသိုလ်ကံကြောင့်   ဥပပ္ပတ္တိဘ၀ လို့ဆိုတဲ့ ယခုဘ၀မှာလာပြီး လူ ဖြစ်လာပါတယ်။
တကယ်တော့ လူ့ဘ၀ လူ့အဖြစ်ကို ရတယ်ဆိုတာ တွေးကြည့်ရင် အမတန်မှ ခဲ့ယဉ်းလှတဲ့ ဘ၀တစ်ခုပါ။ " လူ့ပြည်က အပ်တစ်စင်းကို မိုးပေါ်ထောင် ၊မိုးပေါ်က အပ်တစ်စင်းကို လူ့ပြည်ပစ်ချ၊ ထိုအပ်နှစ်စင်း ထိပ်ချင်းထိလျှင် ထိမည်။ လူ့ဘ၀ကို ရရှိရန်တော့ မလွယ်ပါဘူး။ ပြီးတော့ ပင်လယ်သမုဒ္ဒရာထဲ မျောချင်ရာမျောနေသော အပေါက်တစ်ပေါက်ပါ  ပျဉ်ချပ်ကဲ့သို့  အနှစ်တစ်ရာမှ တစ်ခါ သမုဒ္ဒရာရေမျက်နှာပေါ် ပေါ်ချင်ရာပေါ်သည့် လိပ်ကန်းကြီး၏ ဦးခေါင်း စွပ်မိလျှင်  စွပ်မိမည် လူ့ဘ၀ကို ရရှိရန်တော့ မလွယ်ကူပါ"။  ဒါကြောင့်လည်း ဘုရားရှင်က အလွန်တရာမှ ရခဲ့လှပါတယ်ဆိုတဲ့ ဒုလ္လဘတရား ငါးပါးထဲမှာ လူ့ဘ၀ကို “မနုသတ္တဘာဝ ဒုလ္လဘ” လို့ အတိအကျဟောကြားထားပါတယ်။  လွယ်လွယ်လေးနဲ့ လူ့ဘ၀ကို ရလာတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး ။
ဒီတော့ လူဖြစ်ရင် ဘ၀ တစ်ခုရလာမယ်။  ဘ၀ရရင် ခန္ဓာရတယ်။ ဒီခန္ဓာဟာ ဘယ်အချိန်က စပြီး ရလာသလဲဆိုရင် မိခင်ရဲ့ ၀မ်းကြာတိုက်ကနေ မွေးဖွားတဲ့ နေ့ကစပြီး ခန္ဓာကိုယ် စပြီးရလာခဲ့တာပါ။  ဒါကြောင့် မွေးနေ့မှာ အထူးသဖြင့်  မိခင်ကို အရင် ရှိခိုးကန်တော့ပြီး..( အမေ သုးံဖို့၊ အမေ လှူလိုရာ လှူဖို့ ၊ အမေ စိတ်ချမ်းသာဖို့ ) မိမိက ကုသိုလ်ကောင်းမူတွေ ပြုလုပ်ပေးသင့်ပါတယ်။  ပြီးမှသာ တခြားသော သူတွေကို  မုန့်လေးဘာလေး ကျွေးချင်ရင်ကျွေးပါ။ ဒီလိုဆိုရင် မွေးနေ့ဟာ ဘယ်လောက်ကြည်နူးစရာကောင်းမလဲ…။ သို့သော်လည်း တစ်ချို့တစ်ချို့သောမွေးနေ့ရှင်တွေဟာ ငွေတွေအမြောက်အများကုန်လို့ လှူဒါန်းမှ ကုသိုလ်ရတယ်လို့ထင်ကြသလို တစ်ချို့တစ်ချို့သော မွေးနေ့ရှင်တွေဟာလည်း အနောက်တိုင်းတွေကို အတုယူပြီး ပျော်ကြပါးကြတာတွေ ဒီခေတ်မှာတော့ အများကြီးတွေ့မြင်နေရပါတယ်။ ဒီနေ့မှာ မိခင်ကို ကန်တော့ဖို့ ၊ မိခင်ကိုစိတ်ချမ်းသာအောင်ထားဖို့တော့ မေ့နေကြတယ်။
အမှန်စင်စစ်အားဖြင့်  မွေးနေ့မှာ မိခင်ထက် ကျေးဇူး ကြီးမားတဲ့သူ ၊မိခင်ထက် မေတ္တာ ကရုဏာတွေ ကြီးမားတဲ့သူ ဒီကမ္ဘာမှာ ဘယ်သူရှိမှာလဲ။ လူတိုင်းမှာ ကျေးဇူးရှင်များကိုယ်စီရှိကြပေရာ ကျေးဇူးရှင်များအပေါ် ကျေးဇူးတင်စေတဲ့အကြောင်းအရာများကို မသိ၍သာ ကျေးဇူးကို ပြန်လည် မပေးဆပ်ကြသေးဘဲ လွှင့်မျော၊ မေ့လျော့ နေတတ်ကြပါတယ်။ ကျေးဇူးရှင်များ၏ ကျေးဇူး (ဂုဏ်တော်) ကို  မှန်ကန်စွာသိလာသည်နှင့်အမျှ ကျေးဇူးတရားအား ပြန်လည် မပေးဆပ်ဘဲ မနေနိုင်ကြတော့ပါ။  ကျေးဇူးတရားတို့မည်သည် ပြန်လည်ဆပ်၍ ကျေတယ်လို့ ဆိုရိုးထုံးစံမရှိပါသော်လည်း ယူပြီးကြွေးမြီကို ပြန်လည်ပေးဆပ်ရန် တာဝန်ရှိသကဲ့သို့ တင်ပြီးကျေဇူးကြွေးကိုလည်း ပြန်လည်ပေးဆပ်ရန်မှာ လူသားတိုင်းရဲ့ တာဝန်တစ်ရပ်ဖြစ်ပါတယ်။  ဒါကြောင့်လည်း နိုင်းတုစရာမရှိသော မိခင်ရဲ့ ကျေးဇူးတရားတွေကို အာရုံပြုပြီး  “မွေးနေ့ မွေးရက် ကုသိုလ်ဆက် အသက်ရှည်တတ်တယ်” လို့ စာပေကျမ်းဂန်များမှာ ပါရှိသလို မွေးနေ့မှာ မိခင်ကို လှူတဲ့အလှူဟာ အမွန်မြတ်ဆုးံသော အလှူတစ်ခု ဖြစ်ပြီး   အလှူရှင် ဖြစ်တဲ့ မိမိအတွက်လည်း ဒီကုသိုလ်ကောင်းမူကြောင့်  အသက်ရှည်ခြင်းဆိုတဲ့ အကျိုးတရားကို ရရှိမှာပါ ။ ။   "မိမိထက် အသက် သိက္ခာ ဂုဏ်ဝါ ကြီးသောသူတို့ကို အရိုသေပြုလေ့ ရှိခိုးကန်တော့လေ့ ရှိသောသူတွေဟာ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ခွန်အားကြီးခြင်း၊ ချမ်းသာခြင်း " ဆိုတဲ့ အကျိုးတရားလေးပါးကို  အမှန်ပင်ရရှိနိုင်ကြောင်းကို ဓမ္မပဒ ပါဠိတော်ထဲမှာ ဖတ်ရူလေ့လာ မှတ်သားရပါတယ်။
မွေးနေ့နဲ့ ပါတ်သက်လို့ လောကဥပမာ တစ်ခု အနေနဲ့ ပြောပြရမယ်ဆိုရင် ..လူတွေဟာ ကိုယ်နေဖို့ အိမ်ကို ဆောက်ကြတဲ့အခါ အိမ်ပုံစံလှလှလေးတွေကို  ရွေးချယ်ပြီး ဆောက်တတ်ကြပါတယ်။ ဆောက်ပြီးတော့ ပိုလှအောင် ဆေးရောင် အမျိုးမျိုး သုတ်ကြပါတယ်။ ဒီတော့ အိမ်လေးဟာ နေချင်စရာကောင်းလိုက်တာလို့ တွေ့မြင်တဲ့ လူအားလုးံက ချီကျူးကြသလို  ဒီအတိုင်းပဲ မိမိဘ၀ မိမိခန္ဓာကိုယ် အိမ်ကလေး လှလှပပ သပ်သပ်ရပ်ရပ် တင့်တင့်တယ်တယ် ဖြစ်ချင်ရင် နေချင်ရင် အကုသိုလ်ကံ ဆိုတဲ့ လက်သမားကို  မငှါးမိဖို့ အရေးကြီးပါတယ်။ ဘာလို့လဲ ဆိုတော့ .. အကုသိုလ်ကံ လက်သမားဟာ လူနေတဲ့အိမ်တွေကို ဖြစ်ကလက်ဆန်း ပြီးပြီးရောဆိုပြီး ရွဲ့ရွဲ့စောင်းစောင်း ဆောက်တတ်တဲ့အလေ့ အကျင့်ရှိလို့ပါဘဲ။
ကုသိုလ်ကံ လက်သမားကတော့ ကျကျနန ဒီဇိုင်းလှလှစရွေးကျကျ ခိုင်ခံလှပအောင် ဆောက်တတ်ပါတယ်။  အကုသိုလ်ကံ လက်သမားဆောက်တဲ့အိမ်နဲ့ ကုသိုလ်ကံ လက်သမား ဆောက်တဲ့ အိမ်ကို နိုင်းယှဉ် ကြည့်မယ် ဆိုလျှင်လည်း လုးံဝ တူညီမူတွေမရှိပါဘူး ။  အဲဒါကြောင့်မို့ .. ဘ၀ခန္ဓာအိမ်လှလှပပ တည်ဆောက်ချင်ရင် ကုသိုလ်ကံလက်သမားနဲ့ ပေါင်းဆောက်ဖို့ လိုအပ်ပါတယ်။ ပြီးမှသာ ဘ၀ခန္ဓာအိမ်အသစ်ကလေးဟာ လှပတင့်တယ် ကျက်သရေရှိရှိ နေရ ထိုင်ရမှာပါ။ သို့သော်လည်း ဘ၀ခန္ဓာအိမ် အသစ်ပေါ် နေရတယ် ဆိုပြီး မေ့မေ့ လျော့လျော့ ပေါ့ပေါ့ ဆဆ နေဖို့တော့ မသင့်တော်ပါဘူး ။ အေးဒီ လောကအိမ်ကလေးဟာ ဆောက်လုပ်ပြီးလို့ တစ်နှစ်လောက် ကြာလာရင် အရောင်တွေ မှိန်လာ တတ်ပါတယ်။  ရေညှီတွေ နံရံပေါ်မှာတက်လာတတ်ပါတယ်။
အဲဒီလိုဖြစ်လာတဲ့အခါ အိမ်ရှင်က ငွေကို နှမြောမနေဘဲ သတိဝီရိယထားပြီး ဆေးသုတ်ပေးရင် အိမ်ကြီးဟာ ပကတိ အသစ်ကဲ့သို့ကောင်းမွန်လှပနေမှာဖြစ်ပါတယ်။ ဒီအတိုင်းပဲ မိမိတို့ ရှိထားတဲ့ ဆောက်လုပ်ထားတဲ့ လူ့ဘ၀ ခန္ဓာကိုယ်ကို ထာဝရ လှပအောင် တစ်နှစ်တစ်ခါဆိုသလို မွေးနေ့မှာ အထူးသဖြင့် အနန္တဂိုဏ်းဝင် ကျေးဇူးရှင် မိခင်ကို စိတ်ချမ်းသာဖို့ ကုသိုလ်တွေပြုလုပ်ပြီး ကုသိုလ်ဆေးရောင်တွေ သုတ်သင့်ပါတယ်။  ဒီလိုဆိုရင် လူ့ဘ၀ ခန္ဓာအိမ်ဟာ အမြဲထာဝရ အသစ်ကဲ့သို့ လှပသေသပ် ကျက်သရေမင်္ဂလာ ရှိနေမှာဖြစ်ပါတယ်။
ဒါကြောင့် လူ့ဘ၀ ခန္ဓာအိမ်မှာ ကပ်နေတဲ့ အကုသိုလ်ရေညှီတွေကို ခြုစ်ထုတ်ပြီး ကုသိုလ် ဆေးရောင် တွေ သုတ်လိမ်းရတဲ့အတွက် ယခုဘ၀မှာလည်း ကာယိကသုခ-ကိုယ်ကျန်းမာခြင်း၊ စေတသိက သုခ- စိတ်ချမ်းသာခြင်းလို့ခေါ်တဲ့ ချမ်းသာသုခ အ၀၀နှင့်ပြည့်စုံကြ၍ နောင်ဘ၀မှာလည်း ကောင်းရာသုဂတိ ဘုံဘ၀ ဘုံဌာနကို ဧကန်မုချ ရောက်ရှိနိုင်ပါလိမ်မယ်လို့... ကြည်နူးစရာကောင်းတဲ့ မွေးနေ့လေးကို တန်ဖိုးရှိရှိပြုလုပ်ရင်း...........
မွေးနေ့ရှင်များအားလုးံ မွေးနေ့မှာ  အမေကို မမေ့ကြပါနဲ့ အမေကို သတိရ ကန်တော့ နိုင်ကြပါစေ။ ။  ။ 

        သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ၊
အလှူ မှန်သမျှတွင်  တရားအလှူသည် အမြတ်ဆုးံ ၊
Dhamma- gift excels all other gifts.

                                                          အရှင် စန္ဒိမာ(ဓမ္မလရိပ်) 
                                                                           24,10,2012