*****May you be happy, healthy, wealthy and peace of mind those who have been visiting to my blog.*****
.
*****သစ်ပင်အရိပ် ဆွေမျိုးရိပ်နှင့် မိရိပ်ဘရိပ် ဆရာရိပ်ထက် မင်းရိပ်သည်သာ ဆင့်ဆင့်သာ၏။ ထိုမှတစ်ဖြာ မြတ်စွာဟောကြား တရားဆာယာ အရိပ်မှာကား လွန်စွာအေးမြ ချမ်းသာရ၍ မှီကြခိုသူ များဗိုလ်လူတို့ အပူခပ်သိမ်း ပ,ပျောက်ငြိမ်း၏ ။*****

Saturday, December 24, 2011

နှစ်ဖက်ကန်းသူ, တဖက်မြင်သူ, နှစ်ဖက်မြင်သူ


            ဗုဒ္ဓဘုရားရှင်သည် အရာရာတွင် အတုမဲ့ အနှိုင်းမဲ့ ဖြစ်သည်။ အထူးသဖြင့် တရားဟောပြောဆုံးမရာ၌ အံ့ချီးဖွယ် ကောင်းလောက်အောင်ပင် အတုမရှိဖြစ်သည်။ တရားနာသူ၏ အရည်အသွေးကိုဆင်ခြင်တော်မူ၍ အမျိုးမျိုးသော စကားပရိယာယ်  များဖြင့်ဟောကြား တော်မူသည်။  ရံဖန်ရံခါ ဥပမာ ဥပမေယျတို့ဖြင့် စကားတန်ဆာဆင်၍ ဟောပြောတော် မူခဲ့သည်။   နာသူ ကြားသူတို့သည် ထင်လွယ် မြင်လွယ် သိလွယ်ဖြစ်အောင် ထိမိစွာ ဟောပြောနိုင်သည်မှာ သူမတူအောင် ထူးချွန်လှသည်။
ဤနေရာ၌ ကုသိုလ် အကုသိုလ်စသော တရားတို့ကို ခွဲခြားသိနိုင်သော ဉာဏ်အမြင်ရှိသူ သုံးမျိုးအား 
မျက်စိနှစ်ဖက်လုံး ကန်းသူ၊
တဖက်မြင်သူ၊
နှစ်ဖက်လုံးမြင်သူ ဟူသော
ပုဂ္ဂိုလ်သုံးမျိုးနှင့် ဥပမာပေး၍ ခွဲခြားစိတ်ဖြာ ဟောကြားထားသည်ကို တင်ပြလိုပါသည်။
ဗုဒ္ဓဘုရားရှင်က-လောက၌ မျက်စိနှစ်ဖက်လုံး ကန်းသူ၊ တဖက်မြင်သူ၊ နှစ်ဖက်လုံးမြင်သူ-ဟု၍ ပုဂ္ဂိုလ်သုံးမျိုး ရှိသည်။ အဲဒီပုဂ္ဂိုလ်များမှာ...
(၁) အကြင်သူ၌ မရသေးသော စည်းစိမ်များ ရအောင်၊ ရပြီးသော စည်းစိမ်များ တိုးပွားအောင်ပြုနိုင်သောဉာဏ်မျက်စိလည်း မရှိ။
ကုသိုလ်တရား နှင့် အကုသိုလ်တရား၊ အပြစ်ရှိ တရားနှင့် အပြစ်မဲ့တရား၊ ယုတ်သော တရားနှင့် မြတ်သောတရား၊မည်းညစ်သောတရားနှင့် ဖြူစင်သောတရားတို့ကို ခွဲခြားသိနိုင်သော ဉာဏ်မျက်စိလည်း မရှိ။ထိုသူသည် မျက်စိနှစ်ဖက်လုံး ကန်းသော အန္ဓပုဂ္ဂိုလ် မည်၏။
(၂) အကြင်သူ၌ မရသေးသော စည်းစိမ်တို့ကို ရအောင်၊ ရပြီးသော စည်းစိမ်တို့ကိုလည်း တိုးပွားအောင် ပြုနိုင်သော ဉာဏ်မျက်စိရှိ၏။ကုသိုလ် အကုသိုလ်စသောတရားတို့ကို ခွဲခြားသိမြင်နိုင်သော ဉာဏ်မျက်စိကား မရှိ။ထိုသူသည် မျက်စိတဖက်သာ မြင်သော ဧကစက္ခုပုဂ္ဂိုလ် မည်၏။
(၃) အကြင်သူ၌ စည်းစိမ်ဥစ္စာတို့ကို ရရှိတိုးပွားအောင် ပြုနိုင်သော ဉာဏ်မျက်စိလည်း ရှိ၏။ကုသိုလ် အကုသိုလ်စသောတရားတို့ကို ခွဲခြားသိနိုင်သော ဉာဏ်အမြင်လည်းရှိ၏။ ထိုသူသည် မျက်စိနှစ် ဖက်လုံး မြင်သော ဒွိစက္ခုပုဂ္ဂိုလ်မည်၏။-ဟူ၍ ဟောကြားတော်မူခဲ့သည်။
ဤဟောကြားချက်တရားမှာ အင်္ဂုတ္တရနိကာယ် အန္ဓသုတ် အကျဉ်းချုပ်ဖြစ်သည်။ ဤတရားတော် ကို လေ့လာဆင်ခြင်၍ မျက်စိနှစ်ဖက်လုံးမြင်သောဒွိစက္ခု ပုဂ္ဂိုလ်များဖြစ်အောင်ကျင့်ကြံအား ထုတ်နိုင်သော်   လောကီ လောကုတ္တရာ နှစ်ဖြာသောအကျိုးကို ခံစားရရှိမည်မှာ မုချပင်ဖြစ်ပေသည်..။
အရှင် စန္ဒိမာ (ဓမ္မလရိပ်)

Sunday, December 18, 2011

သံသုမာရဂိရိ.....သို့

          
  ဒီနေ့ 18,12,2011 တနင်္ဂနွေနေ့မှာ ...တက္ကသိုလ်ကျောင်းပိတ်ရက်မို့  အဆောင်နေသူငယ်ချင်း ရဟန်းတော် (၈) ပါးနုင့် အတူ သံသုမာရဂိရိ ( ဟိန္ဒူ တို့ အခေါ်---ကျူးနာရ်) သို့ ကားလေးတစ်စီးဖြင့် နံနက် ၉ နာရီ ၃၀ မှာ Sanskrit University , International Hostel မှ ဘုရားဖူးခရီး ထွက်ခွါခဲ့ပါတယ်။ အိန္ဒိယ နိုင်ငံရဲ့ ရာသီဥတုက ဒီဇင်ဘာဆောင်းရက်များမှာ အလွန်တရာမှ ချမ်း..အေး ပြီး နှင်းမိုးတွေ ကျနေတာမို့ နံနက် ၈ နာရီ လောက်က ထွက်မယ်လို့ အစီ အစဉ်ချထားပေမေ့ သတ်မှတ်ထားတဲ့ အချိန်တိုင်းမထွက်ဖြစ်ခဲ့ပါဘူး ။ ဗာရာဏသီမြို့ရဲ့ အထွက် မှာတော့ ဟိန္ဒူဘာသာဝင်တို့ရဲ့ အသက်သွေးကြောသဖွယ်ဖြစ်တဲ့ ဂင်္ဂါမြစ် ပေါ်က ဗြိတိသျှ တို့ တည်ဆောက်ခဲ့တဲ့ တံတားကြီး ကို ဖြတ်ကျော်ရပါတယ်။  တံတားကြီး မှ ရှေ့ကီလိုမီတာ ၁၀ လောက်မှာတော့ ဗာရာဏသီ ပြည်ရှင် ဗြဟ္မဒတ်မင်းကြီး စိုးစံအုပ်ချုပ်ခဲ့သော နန်းတော်ဟောင်း ရှေ့လမ်းအတိုင်း ကားလေးကို ပုံမှန်လေးမောင်းကာ နံနက် ၁၁ နာရီ ၂၀ တွင် သံသုမာရ ဂိရိ တောင်သို့   ရောက်ရှိပါသည်။   တောင် ၏  အောက်ခြေတွင် မူဆလင်ဘာသာဝင်တို့၏ သချိုင်္င်းတစ်ခုကိုတွေ့မြင်ရပြီး သံသုမာရဂိရိ တောင်၏ အနောက်ဘက်တွင် ဟိန္ဒူဘာသာဝင်တို့၏ ဘုရား ကျောင်းကို တွေ့ရပါသည်.  အိန္ဒိယနိုင်ငံ၌ ဗုဒ္ဓဘာသာတို့ အထွဋ်အမြတ်ဖြစ်သောနေရာများတွင် ဘာသာခြားတို့၏ အဆောက်အဦများ  တည်ဆောက်တတ် ကြပါသည်။ ဤသည်ကား အိန္ဒိယနိုင်ငံ၌ သူတို့ရဲ့ ဘာသာတွေကို တိုးချဲ့အောင် ပြုလုပ်ခြင်းပင်လော့ဟု .. စာရေးသူတွေးတော့မိပါသည်။  သံသုမာရဂိရိ ခေါ်သောဤနေရာသည်..ဗာရာဏသီမြို့ ဂင်္ဂါမြစ်တောင် ဘက်တွင် တည်ရှိကာ (၁) ရှေးဘ၀အဆက်ဆက်ကတော်စပ်ခဲ့ဖူးသော ခမည်းတော် သူဌေး နကုလပိတာ၊ မယ်တော် သူဌေးမ နကုလမာတာတို့နှင့် ဘုရားရှင်တွေ့ဆုံတဲ့နေရာ ။(၂) နကုလ ပိတာနုင့် နကုလမာတာတို့ရဲ့ လျှောက်ထားချက်ကြောင့် မြတ်စွာဘုရားရှင်က " ကိုယ်သာနာ၍ စိတ်မနာပါစေနဲ့ "ဆိုတဲ့ တရားတော်ကို ဟောကြားတော်မူခဲ့သောနေရာ (၃) မြတ်စွာဘုရားရှင် (၈) ၀ါမြောက် သီတင်းသုးံတော် မူခဲ့သောနေရာလည်း ဖြစ်ပါတယ်။  ယခု အခါ သံသုမာရဂိရိ ဟူသောနေရာ၌ ဗုဒ္ဓဘာသာနုင့် ဆိုင်ရာ အဆောက်အဦ တစ်ခုမျှသာရှိပါသော်လည်း  ဘုရားရှင် ၀ါဆို ၀ါကပ် သီတင်းသုးံတော်မူခဲ့သော နေရာ ၊ ဘုရားသခင်တရားဟောတော်မူရာဒေသထူး ဖြစ်သဖြင့်  ဗာရာဏသီ မြို့ကို ရောက်လျှင် အမှန်ပင် သွားသင့်သော နေရာတစ်ခုဖြင်ကြောင်း ဓမ္မဒါန အဖြစ် ရေးသားတင်ပြအပ်ပါသည်။ 
အရှင် စန္ဒိမာ (ဓမ္မလရိပ်)..

Saturday, December 17, 2011

ကံ နဲ့ ကံရဲ့ အကျိုးတရားကို ယုံကြည်ခြင်း

ကံ ၊ ကံ၏ အကျိုးတရားကို ယုံ ကြည်မူ ရှိသူတိုင်းကို  ဗုဒ္ဓဘာသာလို့ ခေါ်ပါတယ်။  မြတ်စွာဘုရားရှင်သည် အင်္ဂုတ္တရ နိကာယ်၊ ပဉ္စက နိပါတ် ပါဠိတော်မှာ " ကမ္မဿကာ၊ ကမ္မဒါယာဒါ၊ ကမ္မယောနိ၊ ကမ္မဗန္ဓု၊ ကမ္မပဋိဿရဏာ ၊ ယံ ကမ္မံကရိဿန္တိ ကလျာဏံဝါ ပါပကံဝါ တဿ ဒါယဒေါ ဘ၀ိဿန္တိ''၊ တဲ့ ဒီတရားတွေကို မိမိတို့ တစ်သက်တာလုးံ ခိုင်ခိုင်မြဲမြဲယုံကြည်ဖို့ လိုအပ်တယ်လို့ မှာကြားတော်မူခဲ့ပါတယ်။ ဘ၀မှာ မိမိကိုယ်ကို မိမိသိတတ်လာတာနဲ့ ကံတွေကို ပြုလုပ်တော့တာပါဘဲ ။ ကိုယ်နဲ့မဟုတ်ရင် အပြောနဲ့ စိတ်နဲ့ပြုမယ်။ မပြုဘဲနေဖို့မဖြစ်နိုင်ပါဘူး ။ ဒီလိုပြုထားတဲ့ ကံသာလျှင် မိမိဥစ္စာရှိတာကို ကမ္မဿကာ လို့ ခေါ်ပါတယ်။  အပြုတိုင်း အကျိုးကို ဖြစ်စေတယ်။ ကောင်းတာ မဟုတ်ရင် ဆိုးတာ  ကောင်းကျိုးပေးတာ မဟုတ်ရင် ဆိုးကျိုးပေးတာပဲ ။  ဒါဟာ မရှောင်ကွင်းနိုင်ပါဘူး ။ဒီတော့ ကိုယ်၊ နုတ် ၊စိတ် တို့က အမူကို  ပြုလိုက်တာနဲ့ အကျိုးကို ခံစားရမှာပဲ ၊ ဒါကို ကမ္မဒါယာဒါ လို့ ခေါ်ပါတယ်။  ကောင်းတဲ့ အပြု တွေရဲ့ အကျိုးတရားက ကိုယ် ၊ နှုတ် ၊ စိတ် တွေကို ပစ္စက္ခရော နောင်မှာပါ ချမ်းသာတဲ့  အခြေနေမှာ  ဖြစ်ပေါ်စေလိမ့်မယ်။  မကောင်းတဲ့ အပြုအမူတွေရဲ့ အကျိုးတရားက ကိုယ်၊ နှုတ် ၊ စိတ်တို့ကို ပစ္စက္ခရော နောင်မှာပါ ဆင်းရဲ့တဲ့ အခြေနေမှာ ရောက်စေလိမ့်မယ်   ဒါကို ကမ္မယောနိ လို့ ခေါ်ပါတယ်။ အရင်ဘ၀များမှာ ကိုယ်၊ နှုတ် ၊  စိတ်တို့က ပြုလုပ်တဲ့ကံတွေက လက်ရှိဘ၀မှာ  အခြေနေ အမျိုးမျိုးကို ဖန်စီရင်ပေးတာပါဘဲ ။ ဒါကို ကမ္မဗန္ဓု လို့ ခေါ်ပါတယ်။  ဗုဒ္ဓဘာသာ အလိုအရ  လူသားတွေဟာ ကံကြောင့်မွေးဖွားလာရတာ ၊ မွေးဖွားပြီးတာနဲ့ မလှုပ်ရှားဘဲ ၊ မပြုဘဲ မနေနိုင်ကြပါဘူး ။  အသက်ဆက်နိုင်ဖို့အရေး  ကောင်းမူ သို့ မဟုတ် မကောင်းမူ တစ်ခုခုကတော့ အမြဲမပြတ် ရှိနေကြတယ် ပြုနေကြတယ်။ အသက်ဆက်နိုင်ရေး ..ဒီအပြုအူတွေပေါ် မှီခိုနေကြတဲ့အတွက် ဒါကို ကမ္မပဋိသရဏလို့ခေါ်ပါတယ်။  ဒီတော့ မိမိဘာသာဘဲ ဘယ်လိုကမ္မကို ပြုမလဲ ဆုးံဖြတ်ရမယ်။ ကောင်းမူကံ ၊ မကေောင်းမူကံဆိုတာ အခြားသူနဲ့မဆိုင်၊ မိမိနဲ့သာ ဆိုင်တာ ဖြစ်တယ် ။ သတ္တ၀ါ  အမျိုးမျိုး ဖြစ်ပေါ်စေတာ ကံတစ်ခုပဲဖြစ်တယ်။ ဘယ်သူ ဘယ်အရာဝတ္ထု မှ ဒီအစွမ်းမရှိဘူး ။ ဒါကြောင့် ကလျာဏံဝါ  ပါ ပကံဝါ တဿဒါယဒါ ဘ၀ိဿန္တိ လို့ ခေါ်ပါတယ်။  ကံနဲ့  ပါတ်သက်တဲ့  ဒီအချက်ခြောက်ချက်ကို  ဗုဒ္ဓဘာသာဝင်တိုင်းဟာ စွဲစွဲမြဲမြဲ ယုံကြည်ကြရလိမ့်မယ်လို့  ဓမ္မလရိပ်မှ ဓမ္မဒါန ပြုအပ်ပါသည်။
 လှည်းသွားရာ နောက်သို့  လှည်းဘီးသည် အစဉ်လိုက်သကဲ့သို့ သင်လုပ်သော ကုသိုလ် ၊ အကုသိုလ်ကံသည် သင့်နောက်သို့ အစဉ် အစဉ်အမြဲလိုက်ပါလာပါလိမ့်မယ်။ (မြတ်ဗုဒ္ဓ)
အရှင် စန္ဒိမာ (ဓမ္မလရိပ်)

Sunday, December 4, 2011

အိန္ဒိယနိုင်ငံရှိ ပညာတော်သင်ရဟန်းတော်များ အား သီတဂူဆရာတော် ဘုရားကြီး ထံမှ ပညာတော်သင်ဆု ထောက်ပံ့လှူဒါန်း

             2,12,2011 နေ့တွင် အိန္ဒိယ နိုင်ငံ တက္ကသိုလ် အသီးသီးတွင် ထေရ၀ါဒဗုဒ္ဓသာသနာတော်ကြီး စည် ပင်ပြန့်ပွါးတိုးတက်အောင် နိုင်ငံတကာ အဆင့်မီ ပညာရပ်များကို ဆည်းပူး သင်ကြားလေ့လာတော် မူနေကြသော မြန်မာနိုငံမှ ပညာတော်သင်ရဟန်းတော်များအား ကမ္ဘာ့သာသနာပြု သီတဂူဆရာတော် ဘဒ္ဒန္တ ဒေါက်တာ ဥာဏိဿရ -မှ ပညာရေးအတွက် အထောက်အပံ့ဖြစ်စေခြင်းအလို့ငှါ  တစ်ပါးလျှင် USD 100 $ ထောက်ပံ့လှူဒါန်းခဲ့ပါသည်။  
2011- 2012 ပညာသင်နုစ်  အိန္ဒိယနိုင်ငံ တက္ကသိုလ် အသီးသီးတွင် ပညာသင်ကြားနေကြသော မြန်မာကျောင်းသား ရဟန်းတော်များစာရင်းမှာ
(၁)  မဂဓ တက္ကသိုလ်  ၁၉၉  ပါး   (၂) ဆန်စကရစ် တက္ကသိုလ် ၈၄ ပါး  (၃)B.H U တက္ကသိုလ်  ၁၉ ပါး  (၄) နာလန္ဒာ တက္ကသိုလ်  ၉၄ ပါး  (၅)ဘုံဘေ တက္ကသိုလ် ၂၇ ပါး  (၆) ပုနေး တက္ကသိုလ် ၁၇ ပါး (၇) နာဂဇုန တက္ကသိုလ် ၁၈ ပါး ( ၈) နာဂပူ တက္ကသိုလ် ၂၀ ပါး  (၉) နာဂပူ (စောမယ ကောလိပ်) ၁၅ပါး (၁၀) ဒေလီ တက္ကသိုလ် ၂၁ ပါး (၁၀) ပန်ဂျပ် တက္ကသိုလ် ၄ ပါး (၁၁) မက်ဒရစ် တက္ကသိုလ် ၈ ပါး  (၁၂) ဂျမူး တက္ကသိုလ် ၁ ပါး (၁၃)  ကာလကတ္တား တက္ကသိုလ် ၁ ပါး  (၁၄) ဟိုင်ဒရာဘတ် တက္ကသိုလ် ၁ ပါး  ..စုစုပေါင်း   အိန္ဒိယ နိုင်ငံတွင် ပညာသင်ကြားနေကြသော မြန်မာ  passport ကိုင် ကျောင်းသား ရဟန်းတော် (၅၂၈ )ပါး ရှိပါသည် ။  ဆရာတော် ဘုရားကြီး၏ သာသနာပြု လုပ်ငန်းများနုင့် သာသနာပြုစိတ်ဓါတ်များကား Generation ရဟန်းတော်များအတွက် အမှန်ပင် အတု ယူဖွယ်ကောင်းလှပါသည်။. ဆရာတော်ဘုရားကြီး ကိုယ်စိတ် နုစ်ဖြာကျန်းမာချမ်းသာပြီး သက်တော်ရာကျော်ရှည်ကာ သာသနာပြုလုပ်ငန်းတွေ အောင်မြင်ပါစေကြောင်း  ဆုတောင်း ဆန္ဒပြုရင်း ... ဆရာတော် ဘုရားကြီး ၏ ရဟန်းတော်များအပေါ် ကြီးမားသော မေတ္တာစေတနာ ရှိပုံကို အများသဒ္ဓါပွါးများပါစေခြင်း အကျိုးငှါ ဓမ္မဒါန အဖြစ်ရေးသားတင်ပြအပ်ပါသည်။။။
As soon as we live, we must learn. As soon as we learn, we must live. ( Dr. Nanissara)2,12,2011..7:00 Pm
အရှင် စန္ဒိမာ (ဓမ္မလရိပ်)