*****May you be happy, healthy, wealthy and peace of mind those who have been visiting to my blog.*****
.
*****သစ်ပင်အရိပ် ဆွေမျိုးရိပ်နှင့် မိရိပ်ဘရိပ် ဆရာရိပ်ထက် မင်းရိပ်သည်သာ ဆင့်ဆင့်သာ၏။ ထိုမှတစ်ဖြာ မြတ်စွာဟောကြား တရားဆာယာ အရိပ်မှာကား လွန်စွာအေးမြ ချမ်းသာရ၍ မှီကြခိုသူ များဗိုလ်လူတို့ အပူခပ်သိမ်း ပ,ပျောက်ငြိမ်း၏ ။*****

Saturday, December 24, 2011

နှစ်ဖက်ကန်းသူ, တဖက်မြင်သူ, နှစ်ဖက်မြင်သူ


            ဗုဒ္ဓဘုရားရှင်သည် အရာရာတွင် အတုမဲ့ အနှိုင်းမဲ့ ဖြစ်သည်။ အထူးသဖြင့် တရားဟောပြောဆုံးမရာ၌ အံ့ချီးဖွယ် ကောင်းလောက်အောင်ပင် အတုမရှိဖြစ်သည်။ တရားနာသူ၏ အရည်အသွေးကိုဆင်ခြင်တော်မူ၍ အမျိုးမျိုးသော စကားပရိယာယ်  များဖြင့်ဟောကြား တော်မူသည်။  ရံဖန်ရံခါ ဥပမာ ဥပမေယျတို့ဖြင့် စကားတန်ဆာဆင်၍ ဟောပြောတော် မူခဲ့သည်။   နာသူ ကြားသူတို့သည် ထင်လွယ် မြင်လွယ် သိလွယ်ဖြစ်အောင် ထိမိစွာ ဟောပြောနိုင်သည်မှာ သူမတူအောင် ထူးချွန်လှသည်။
ဤနေရာ၌ ကုသိုလ် အကုသိုလ်စသော တရားတို့ကို ခွဲခြားသိနိုင်သော ဉာဏ်အမြင်ရှိသူ သုံးမျိုးအား 
မျက်စိနှစ်ဖက်လုံး ကန်းသူ၊
တဖက်မြင်သူ၊
နှစ်ဖက်လုံးမြင်သူ ဟူသော
ပုဂ္ဂိုလ်သုံးမျိုးနှင့် ဥပမာပေး၍ ခွဲခြားစိတ်ဖြာ ဟောကြားထားသည်ကို တင်ပြလိုပါသည်။
ဗုဒ္ဓဘုရားရှင်က-လောက၌ မျက်စိနှစ်ဖက်လုံး ကန်းသူ၊ တဖက်မြင်သူ၊ နှစ်ဖက်လုံးမြင်သူ-ဟု၍ ပုဂ္ဂိုလ်သုံးမျိုး ရှိသည်။ အဲဒီပုဂ္ဂိုလ်များမှာ...
(၁) အကြင်သူ၌ မရသေးသော စည်းစိမ်များ ရအောင်၊ ရပြီးသော စည်းစိမ်များ တိုးပွားအောင်ပြုနိုင်သောဉာဏ်မျက်စိလည်း မရှိ။
ကုသိုလ်တရား နှင့် အကုသိုလ်တရား၊ အပြစ်ရှိ တရားနှင့် အပြစ်မဲ့တရား၊ ယုတ်သော တရားနှင့် မြတ်သောတရား၊မည်းညစ်သောတရားနှင့် ဖြူစင်သောတရားတို့ကို ခွဲခြားသိနိုင်သော ဉာဏ်မျက်စိလည်း မရှိ။ထိုသူသည် မျက်စိနှစ်ဖက်လုံး ကန်းသော အန္ဓပုဂ္ဂိုလ် မည်၏။
(၂) အကြင်သူ၌ မရသေးသော စည်းစိမ်တို့ကို ရအောင်၊ ရပြီးသော စည်းစိမ်တို့ကိုလည်း တိုးပွားအောင် ပြုနိုင်သော ဉာဏ်မျက်စိရှိ၏။ကုသိုလ် အကုသိုလ်စသောတရားတို့ကို ခွဲခြားသိမြင်နိုင်သော ဉာဏ်မျက်စိကား မရှိ။ထိုသူသည် မျက်စိတဖက်သာ မြင်သော ဧကစက္ခုပုဂ္ဂိုလ် မည်၏။
(၃) အကြင်သူ၌ စည်းစိမ်ဥစ္စာတို့ကို ရရှိတိုးပွားအောင် ပြုနိုင်သော ဉာဏ်မျက်စိလည်း ရှိ၏။ကုသိုလ် အကုသိုလ်စသောတရားတို့ကို ခွဲခြားသိနိုင်သော ဉာဏ်အမြင်လည်းရှိ၏။ ထိုသူသည် မျက်စိနှစ် ဖက်လုံး မြင်သော ဒွိစက္ခုပုဂ္ဂိုလ်မည်၏။-ဟူ၍ ဟောကြားတော်မူခဲ့သည်။
ဤဟောကြားချက်တရားမှာ အင်္ဂုတ္တရနိကာယ် အန္ဓသုတ် အကျဉ်းချုပ်ဖြစ်သည်။ ဤတရားတော် ကို လေ့လာဆင်ခြင်၍ မျက်စိနှစ်ဖက်လုံးမြင်သောဒွိစက္ခု ပုဂ္ဂိုလ်များဖြစ်အောင်ကျင့်ကြံအား ထုတ်နိုင်သော်   လောကီ လောကုတ္တရာ နှစ်ဖြာသောအကျိုးကို ခံစားရရှိမည်မှာ မုချပင်ဖြစ်ပေသည်..။
အရှင် စန္ဒိမာ (ဓမ္မလရိပ်)

Sunday, December 18, 2011

သံသုမာရဂိရိ.....သို့

          
  ဒီနေ့ 18,12,2011 တနင်္ဂနွေနေ့မှာ ...တက္ကသိုလ်ကျောင်းပိတ်ရက်မို့  အဆောင်နေသူငယ်ချင်း ရဟန်းတော် (၈) ပါးနုင့် အတူ သံသုမာရဂိရိ ( ဟိန္ဒူ တို့ အခေါ်---ကျူးနာရ်) သို့ ကားလေးတစ်စီးဖြင့် နံနက် ၉ နာရီ ၃၀ မှာ Sanskrit University , International Hostel မှ ဘုရားဖူးခရီး ထွက်ခွါခဲ့ပါတယ်။ အိန္ဒိယ နိုင်ငံရဲ့ ရာသီဥတုက ဒီဇင်ဘာဆောင်းရက်များမှာ အလွန်တရာမှ ချမ်း..အေး ပြီး နှင်းမိုးတွေ ကျနေတာမို့ နံနက် ၈ နာရီ လောက်က ထွက်မယ်လို့ အစီ အစဉ်ချထားပေမေ့ သတ်မှတ်ထားတဲ့ အချိန်တိုင်းမထွက်ဖြစ်ခဲ့ပါဘူး ။ ဗာရာဏသီမြို့ရဲ့ အထွက် မှာတော့ ဟိန္ဒူဘာသာဝင်တို့ရဲ့ အသက်သွေးကြောသဖွယ်ဖြစ်တဲ့ ဂင်္ဂါမြစ် ပေါ်က ဗြိတိသျှ တို့ တည်ဆောက်ခဲ့တဲ့ တံတားကြီး ကို ဖြတ်ကျော်ရပါတယ်။  တံတားကြီး မှ ရှေ့ကီလိုမီတာ ၁၀ လောက်မှာတော့ ဗာရာဏသီ ပြည်ရှင် ဗြဟ္မဒတ်မင်းကြီး စိုးစံအုပ်ချုပ်ခဲ့သော နန်းတော်ဟောင်း ရှေ့လမ်းအတိုင်း ကားလေးကို ပုံမှန်လေးမောင်းကာ နံနက် ၁၁ နာရီ ၂၀ တွင် သံသုမာရ ဂိရိ တောင်သို့   ရောက်ရှိပါသည်။   တောင် ၏  အောက်ခြေတွင် မူဆလင်ဘာသာဝင်တို့၏ သချိုင်္င်းတစ်ခုကိုတွေ့မြင်ရပြီး သံသုမာရဂိရိ တောင်၏ အနောက်ဘက်တွင် ဟိန္ဒူဘာသာဝင်တို့၏ ဘုရား ကျောင်းကို တွေ့ရပါသည်.  အိန္ဒိယနိုင်ငံ၌ ဗုဒ္ဓဘာသာတို့ အထွဋ်အမြတ်ဖြစ်သောနေရာများတွင် ဘာသာခြားတို့၏ အဆောက်အဦများ  တည်ဆောက်တတ် ကြပါသည်။ ဤသည်ကား အိန္ဒိယနိုင်ငံ၌ သူတို့ရဲ့ ဘာသာတွေကို တိုးချဲ့အောင် ပြုလုပ်ခြင်းပင်လော့ဟု .. စာရေးသူတွေးတော့မိပါသည်။  သံသုမာရဂိရိ ခေါ်သောဤနေရာသည်..ဗာရာဏသီမြို့ ဂင်္ဂါမြစ်တောင် ဘက်တွင် တည်ရှိကာ (၁) ရှေးဘ၀အဆက်ဆက်ကတော်စပ်ခဲ့ဖူးသော ခမည်းတော် သူဌေး နကုလပိတာ၊ မယ်တော် သူဌေးမ နကုလမာတာတို့နှင့် ဘုရားရှင်တွေ့ဆုံတဲ့နေရာ ။(၂) နကုလ ပိတာနုင့် နကုလမာတာတို့ရဲ့ လျှောက်ထားချက်ကြောင့် မြတ်စွာဘုရားရှင်က " ကိုယ်သာနာ၍ စိတ်မနာပါစေနဲ့ "ဆိုတဲ့ တရားတော်ကို ဟောကြားတော်မူခဲ့သောနေရာ (၃) မြတ်စွာဘုရားရှင် (၈) ၀ါမြောက် သီတင်းသုးံတော် မူခဲ့သောနေရာလည်း ဖြစ်ပါတယ်။  ယခု အခါ သံသုမာရဂိရိ ဟူသောနေရာ၌ ဗုဒ္ဓဘာသာနုင့် ဆိုင်ရာ အဆောက်အဦ တစ်ခုမျှသာရှိပါသော်လည်း  ဘုရားရှင် ၀ါဆို ၀ါကပ် သီတင်းသုးံတော်မူခဲ့သော နေရာ ၊ ဘုရားသခင်တရားဟောတော်မူရာဒေသထူး ဖြစ်သဖြင့်  ဗာရာဏသီ မြို့ကို ရောက်လျှင် အမှန်ပင် သွားသင့်သော နေရာတစ်ခုဖြင်ကြောင်း ဓမ္မဒါန အဖြစ် ရေးသားတင်ပြအပ်ပါသည်။ 
အရှင် စန္ဒိမာ (ဓမ္မလရိပ်)..

Saturday, December 17, 2011

ကံ နဲ့ ကံရဲ့ အကျိုးတရားကို ယုံကြည်ခြင်း

ကံ ၊ ကံ၏ အကျိုးတရားကို ယုံ ကြည်မူ ရှိသူတိုင်းကို  ဗုဒ္ဓဘာသာလို့ ခေါ်ပါတယ်။  မြတ်စွာဘုရားရှင်သည် အင်္ဂုတ္တရ နိကာယ်၊ ပဉ္စက နိပါတ် ပါဠိတော်မှာ " ကမ္မဿကာ၊ ကမ္မဒါယာဒါ၊ ကမ္မယောနိ၊ ကမ္မဗန္ဓု၊ ကမ္မပဋိဿရဏာ ၊ ယံ ကမ္မံကရိဿန္တိ ကလျာဏံဝါ ပါပကံဝါ တဿ ဒါယဒေါ ဘ၀ိဿန္တိ''၊ တဲ့ ဒီတရားတွေကို မိမိတို့ တစ်သက်တာလုးံ ခိုင်ခိုင်မြဲမြဲယုံကြည်ဖို့ လိုအပ်တယ်လို့ မှာကြားတော်မူခဲ့ပါတယ်။ ဘ၀မှာ မိမိကိုယ်ကို မိမိသိတတ်လာတာနဲ့ ကံတွေကို ပြုလုပ်တော့တာပါဘဲ ။ ကိုယ်နဲ့မဟုတ်ရင် အပြောနဲ့ စိတ်နဲ့ပြုမယ်။ မပြုဘဲနေဖို့မဖြစ်နိုင်ပါဘူး ။ ဒီလိုပြုထားတဲ့ ကံသာလျှင် မိမိဥစ္စာရှိတာကို ကမ္မဿကာ လို့ ခေါ်ပါတယ်။  အပြုတိုင်း အကျိုးကို ဖြစ်စေတယ်။ ကောင်းတာ မဟုတ်ရင် ဆိုးတာ  ကောင်းကျိုးပေးတာ မဟုတ်ရင် ဆိုးကျိုးပေးတာပဲ ။  ဒါဟာ မရှောင်ကွင်းနိုင်ပါဘူး ။ဒီတော့ ကိုယ်၊ နုတ် ၊စိတ် တို့က အမူကို  ပြုလိုက်တာနဲ့ အကျိုးကို ခံစားရမှာပဲ ၊ ဒါကို ကမ္မဒါယာဒါ လို့ ခေါ်ပါတယ်။  ကောင်းတဲ့ အပြု တွေရဲ့ အကျိုးတရားက ကိုယ် ၊ နှုတ် ၊ စိတ် တွေကို ပစ္စက္ခရော နောင်မှာပါ ချမ်းသာတဲ့  အခြေနေမှာ  ဖြစ်ပေါ်စေလိမ့်မယ်။  မကောင်းတဲ့ အပြုအမူတွေရဲ့ အကျိုးတရားက ကိုယ်၊ နှုတ် ၊ စိတ်တို့ကို ပစ္စက္ခရော နောင်မှာပါ ဆင်းရဲ့တဲ့ အခြေနေမှာ ရောက်စေလိမ့်မယ်   ဒါကို ကမ္မယောနိ လို့ ခေါ်ပါတယ်။ အရင်ဘ၀များမှာ ကိုယ်၊ နှုတ် ၊  စိတ်တို့က ပြုလုပ်တဲ့ကံတွေက လက်ရှိဘ၀မှာ  အခြေနေ အမျိုးမျိုးကို ဖန်စီရင်ပေးတာပါဘဲ ။ ဒါကို ကမ္မဗန္ဓု လို့ ခေါ်ပါတယ်။  ဗုဒ္ဓဘာသာ အလိုအရ  လူသားတွေဟာ ကံကြောင့်မွေးဖွားလာရတာ ၊ မွေးဖွားပြီးတာနဲ့ မလှုပ်ရှားဘဲ ၊ မပြုဘဲ မနေနိုင်ကြပါဘူး ။  အသက်ဆက်နိုင်ဖို့အရေး  ကောင်းမူ သို့ မဟုတ် မကောင်းမူ တစ်ခုခုကတော့ အမြဲမပြတ် ရှိနေကြတယ် ပြုနေကြတယ်။ အသက်ဆက်နိုင်ရေး ..ဒီအပြုအူတွေပေါ် မှီခိုနေကြတဲ့အတွက် ဒါကို ကမ္မပဋိသရဏလို့ခေါ်ပါတယ်။  ဒီတော့ မိမိဘာသာဘဲ ဘယ်လိုကမ္မကို ပြုမလဲ ဆုးံဖြတ်ရမယ်။ ကောင်းမူကံ ၊ မကေောင်းမူကံဆိုတာ အခြားသူနဲ့မဆိုင်၊ မိမိနဲ့သာ ဆိုင်တာ ဖြစ်တယ် ။ သတ္တ၀ါ  အမျိုးမျိုး ဖြစ်ပေါ်စေတာ ကံတစ်ခုပဲဖြစ်တယ်။ ဘယ်သူ ဘယ်အရာဝတ္ထု မှ ဒီအစွမ်းမရှိဘူး ။ ဒါကြောင့် ကလျာဏံဝါ  ပါ ပကံဝါ တဿဒါယဒါ ဘ၀ိဿန္တိ လို့ ခေါ်ပါတယ်။  ကံနဲ့  ပါတ်သက်တဲ့  ဒီအချက်ခြောက်ချက်ကို  ဗုဒ္ဓဘာသာဝင်တိုင်းဟာ စွဲစွဲမြဲမြဲ ယုံကြည်ကြရလိမ့်မယ်လို့  ဓမ္မလရိပ်မှ ဓမ္မဒါန ပြုအပ်ပါသည်။
 လှည်းသွားရာ နောက်သို့  လှည်းဘီးသည် အစဉ်လိုက်သကဲ့သို့ သင်လုပ်သော ကုသိုလ် ၊ အကုသိုလ်ကံသည် သင့်နောက်သို့ အစဉ် အစဉ်အမြဲလိုက်ပါလာပါလိမ့်မယ်။ (မြတ်ဗုဒ္ဓ)
အရှင် စန္ဒိမာ (ဓမ္မလရိပ်)

Sunday, December 4, 2011

အိန္ဒိယနိုင်ငံရှိ ပညာတော်သင်ရဟန်းတော်များ အား သီတဂူဆရာတော် ဘုရားကြီး ထံမှ ပညာတော်သင်ဆု ထောက်ပံ့လှူဒါန်း

             2,12,2011 နေ့တွင် အိန္ဒိယ နိုင်ငံ တက္ကသိုလ် အသီးသီးတွင် ထေရ၀ါဒဗုဒ္ဓသာသနာတော်ကြီး စည် ပင်ပြန့်ပွါးတိုးတက်အောင် နိုင်ငံတကာ အဆင့်မီ ပညာရပ်များကို ဆည်းပူး သင်ကြားလေ့လာတော် မူနေကြသော မြန်မာနိုငံမှ ပညာတော်သင်ရဟန်းတော်များအား ကမ္ဘာ့သာသနာပြု သီတဂူဆရာတော် ဘဒ္ဒန္တ ဒေါက်တာ ဥာဏိဿရ -မှ ပညာရေးအတွက် အထောက်အပံ့ဖြစ်စေခြင်းအလို့ငှါ  တစ်ပါးလျှင် USD 100 $ ထောက်ပံ့လှူဒါန်းခဲ့ပါသည်။  
2011- 2012 ပညာသင်နုစ်  အိန္ဒိယနိုင်ငံ တက္ကသိုလ် အသီးသီးတွင် ပညာသင်ကြားနေကြသော မြန်မာကျောင်းသား ရဟန်းတော်များစာရင်းမှာ
(၁)  မဂဓ တက္ကသိုလ်  ၁၉၉  ပါး   (၂) ဆန်စကရစ် တက္ကသိုလ် ၈၄ ပါး  (၃)B.H U တက္ကသိုလ်  ၁၉ ပါး  (၄) နာလန္ဒာ တက္ကသိုလ်  ၉၄ ပါး  (၅)ဘုံဘေ တက္ကသိုလ် ၂၇ ပါး  (၆) ပုနေး တက္ကသိုလ် ၁၇ ပါး (၇) နာဂဇုန တက္ကသိုလ် ၁၈ ပါး ( ၈) နာဂပူ တက္ကသိုလ် ၂၀ ပါး  (၉) နာဂပူ (စောမယ ကောလိပ်) ၁၅ပါး (၁၀) ဒေလီ တက္ကသိုလ် ၂၁ ပါး (၁၀) ပန်ဂျပ် တက္ကသိုလ် ၄ ပါး (၁၁) မက်ဒရစ် တက္ကသိုလ် ၈ ပါး  (၁၂) ဂျမူး တက္ကသိုလ် ၁ ပါး (၁၃)  ကာလကတ္တား တက္ကသိုလ် ၁ ပါး  (၁၄) ဟိုင်ဒရာဘတ် တက္ကသိုလ် ၁ ပါး  ..စုစုပေါင်း   အိန္ဒိယ နိုင်ငံတွင် ပညာသင်ကြားနေကြသော မြန်မာ  passport ကိုင် ကျောင်းသား ရဟန်းတော် (၅၂၈ )ပါး ရှိပါသည် ။  ဆရာတော် ဘုရားကြီး၏ သာသနာပြု လုပ်ငန်းများနုင့် သာသနာပြုစိတ်ဓါတ်များကား Generation ရဟန်းတော်များအတွက် အမှန်ပင် အတု ယူဖွယ်ကောင်းလှပါသည်။. ဆရာတော်ဘုရားကြီး ကိုယ်စိတ် နုစ်ဖြာကျန်းမာချမ်းသာပြီး သက်တော်ရာကျော်ရှည်ကာ သာသနာပြုလုပ်ငန်းတွေ အောင်မြင်ပါစေကြောင်း  ဆုတောင်း ဆန္ဒပြုရင်း ... ဆရာတော် ဘုရားကြီး ၏ ရဟန်းတော်များအပေါ် ကြီးမားသော မေတ္တာစေတနာ ရှိပုံကို အများသဒ္ဓါပွါးများပါစေခြင်း အကျိုးငှါ ဓမ္မဒါန အဖြစ်ရေးသားတင်ပြအပ်ပါသည်။။။
As soon as we live, we must learn. As soon as we learn, we must live. ( Dr. Nanissara)2,12,2011..7:00 Pm
အရှင် စန္ဒိမာ (ဓမ္မလရိပ်)

Wednesday, November 23, 2011

မပြစ်မှားသင့်သော ခင်ပွန်းကြီး(၁၀)ပါး

မှတ်မိနေပါသေးသည် ရဟန်းဖြစ်ခါစ ပြည်တွင်းတွင် ပရိယတ္တိစာပေများကိုသင်ယူနေစဉ် တစ်ခုသော ညနေချမ်းကာလသမယမှာ စာရေးသူပညာသင်ကြားနေထိုင်ရာဖြစ်တဲ့ ကျောင်းတိုက်အနီးတရားပွဲမှာ တရားဟောဓမ္မကထိကဆရာတော် (ပျံလွန်တော်မူပြီးသွားသော ကျေးဇူးတော်ရှင် ဖြူးဆရာတော်) က ခင်ပွန်းကြီး (၁၀) ပါးကို အကျယ်တစ်ဝင့် ဟောကြားသွားခဲ့သည်။
မြတ်ဗုဒ္ဓရဲ့အဆုံးအမကို ခံယူပြီး မြတ်ဗုဒ္ဓဟောကြားသော ကံ၊ ကံ၏အကျိုးကို ယုံကြည်သော သူများသည် လောက၌ မဖြစ်မှားသင့်သော ပုဂ္ဂိုလ် (၁၀) ယောက်ရှိသည်။ ထိုပုဂ္ဂိုလ်များသည် အလွန်ကျေးဇူးများသောကြောင့် ပြစ်မှားခြင်းငှါ မသင့်တော်ပါ။
ထိုပုဂ္ဂိုလ်တို့မှာ (၁) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော သမ္မာသမ္ဗုဒ္ဓဘုရားရှင်။ (၂) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါအရှင်မြတ်။ (၃) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော အဂ္ဂသာဝက၊ မဟာသာဝကရဟန္တာအရှင်မြတ်။ (၄) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ရဟန္တာအရှင်မြတ်။ (၅) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မိခင်။ (၆) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ဖခင်။ (၇) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော လိမ္မာစေရန် ကျိုးကြောင်းဆုံးမပေးသော ဆရာ။ (၈) သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို ဆည်းပူးဖြည့်ကျင့်လျက်ရှိကြကုန်သော လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်၊ အရိယာပုဂ္ဂိုလ်။ (၉) ကျေးဇူးကြီးမားကြကုန်သော တရားဓမ္မတို့ကို ဟောပြောပေးတက်သော ဆရာ။ (၁၀) ထမင်းတစ်လုပ်၊ ရေတစ်မှုတ်စသည်ဖြင့် ပေးကမ်းချီးမြှင့်လှူဒါန်းထောက်ပံ့ဘူးသော ကျေးဇူးရှင် များဖြစ်ကြပါသည်။ ဤပုဂ္ဂိုလ် (၁၀)ယောက်ကို ခင်ပွန်းကြီး (၁၀)ပါးဟုခေါ်သည်။
ခင်ပွန်းကြီးဆယ်ပါးကို ပြစ်မားမိသော သူတို့သည် ပစ္စုပ္ပန်၊ တမလွန် ဆိုးကျိုးများကိုရရှိနိုင်ပါသည်။ ခင်ပွန်းကြီးဆယ်ပါးရဲ့ကျေးဇူးကို သိရှိနားလည်၍ ပူဇော်သောသူတို့သည် ပစ္စုပ္ပန်၊ တမလွန် ကောင်းကျိုးချမ်းသာများကို ရရှိနိုင်ပါသည်။ ကျေးဇူးကြီးမားသော ခင်ပွန်းကြီးဆယ်ပါးအား ပြစ်မားမိသောသူတို့သည် “သွေးအန်ဖြစ်လွယ်၊ ရောင်းဝယ်ရှုံးခြင်း၊ ချို့ယွင်းအင်္ဂါ၊ နူနာကုဋ္ဌ၊ ရူးကြဖောက်ပြန်၊ မင်းဒဏ်သင့်ခဏ်း၊ ကြမ်းတမ်းစွပ်စွဲ၊ သေကွဲသားချင်း၊ ပျက်ခြင်းစည်းစိမ်၊ နေအိမ်မီးလောင်၊ ဒုက္ခကောင်သည်၊ လူ့ဘောင်ဒိဋ္ဌ၊ တွေ့ကြုံရ၍၊ သောကငရဲ၊ ကမ္ဘာစွဲ၏ ထို့အပြင် မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ကိုလည်း တားဆီးနိုင်၏။
ထို့အပြင် ခင်ပွန်းကြီးဆယ်ပါးကို ပူဇော်သောသူတို့သည်၊ (၁) အရပ်တစ်ပါးသွားလည်း အစားအစာမရှားပါးခြင်း။ (၂) ရောက်ရာအရပ်၌ လေးစားပူဇော်ခံရခြင်း။ (၃) ရန်သူမျိုးငါးပါးမနှိပ်စက်ခြင်း။ (၄) ချစ်ခင်သူပေါများခြင်း။ (၅) မည်သည့်ပရိသတ်အလယ်၌မဆို တင့်တယ်စွာနေနိုင်ခြင်း။ (၆) ကောင်းသောဂုဏ်သတင်းကျော်စောခြင်း။ (၇) အခြံအရံမပြတ်ရှိခြင်း။ (၈) မွေးမြူသော တိရိစ္ဆာန် စိုက်ပျိုးသောသီးနှံ ဖြစ်ထွန်းခြင်း။ (၉) ဘေးဒုက္ခရောက်ခဲ့သော် အကူအညီ အမှီအတွယ်ရရှိခြင်း။ (၁၀) သား သမီးနှင့် စီးပွါးဥစ္စာ ကောင်းမွန်စွာ ဖြစ်ထွန်းခြင်းစသည့် အကျိုးတရားတို့ကို ရရှိပါသည်။ ထို့ကြောင့် စာရေးသူရဲ့ ချစ်စွာသော စာဖတ်ပရိသတ်များလည်း ခင်ပွန်းကြီးဆယ်ပါးရဲ့ ကျေးဇူးတရားများကိုနားလည်သိရှိကြ၍ ကျေးဇူးဆပ်ကာ အထက်ဖေါ်ပြပါ ကောင်းကျိုးချမ်းသာများကို ရရှိနိုင်ကြပါစေ…….
(သူတစ်ပါးပြုဘူးသော ကျေးဇူးကို သိမြင်တတ် ပေးဆပ်တတ်ခြင်းသည် ကောင်းမြတ်သော မင်္ဂလာတစ်ပါး ဖြစ်ပါသည်)။
To acknowledge other’s gratitude and repay the gratitude one has to owe is a noble blessing.

အရှင် စန္ဒိမာ (ဓမ္မလရိပ်)

THE GREAT COMPASSION OF THE BUDDHA



Ever since millions of years ago, when being in human life was a hermit in the name of Sumedha, our present Gotama Buddha had been known the way to attain the end of suffering sate- Nibbana, but seeing the living beings suffered in darkness as a result of ignorance, he decided to sacrifice his lives, and he renounced his own enlightenment in favor of making the strenuous effort to become a Buddha-Enlightened one, without taking the great chance that he got. His great compassion would give him the power to lead too many being to liberation, not just himself, not has ego in his heart.

Furthermore, when becoming an enlightened one, “he also made up his mind to show the path to all being leading to the Nibbana I am going to take the beings out from Samsara (the cycle of suffering) as much as I can.” Because he saw they could not take out themselves alone without help. Since then, his heart had changed when he saw with the eyes of great compassion how being suffered on account of misguided activities. He therefore decided to try hard to attain intuitive wisdom or supreme enlightenment (Sambbanyuta Nyanna) necessary to guide them to free themselves from the wheel of suffering.

In his final life in the name of Prince Siddhattha from his childhood the prince was given to serious contemplation. When the prince grew up father’s fervent wish was that his son should marry, bring up a family and be his worthy successor; but he feared the prince would one day give up home for the homeless life of an ascetic.

According to the custom of the time, at the early age of sixteen the prince was married to his cousin Yasodhara, the only daughter of king Suppabuddha and Queen Pamita of Koliyas. The princess was the same age as the prince. Lacking nothing of the wordly joys of life he lived knowing naught of sorrow and dukkha.yet all the efforts of the father to hold his son a prisoner to the senses and make him worldly-minded were of no evil. King Sudhodana attempts to life’s miseries from his son’s inquiring eyes only heightened prince Siddhana’s curiosity and his resolute search for Truth & Enlightenment.

One day, the fourth vision of the woeful sings deeply moved him and made a lasting impression. He saw a recluse, calm and serene, aloof and independent, and learnt that he was one who had given up his home to live of purity, seek truth and solve the riddle of life. Thoughts of renunciation flashed though the prince’s mind and in deep contemplation the turned homeward. Positively there should be an escape from this suffering, from old age and death.

Therefore the great intoxication of youth, of death, and of life left him. Having seen the vanity and the danger of the three intoxications, he was defeated by a powerful urge to seek and win the deathless, to try for deliverance from ageing, sickness, misery and death to seek it for him and for all being that suffer. It was his deep compassion that led him to the quest ending in enlightenment, in Buddha-hood. It was compassion that how moved him his heart toward the great renunciation and opened for him the doors of the golden that made his determination unshakable even by the last parting glance at his beloved wife asleep with their babe in her arms.

The prince with a superhuman effort of will renounced child, wife, father and a crown that held the promise of power and glory and in the guise of an indigent ascetic retreated into forest solitude to seek the eternal verities of life. This was the great renunciation with great compassion to all beings who had been feeling May kinds of suffering as a result of ignorance.

In his wanderings he finally reached Uruvela forest where he began a determined struggle to subdue his body, in the hope that his mind, set free from the shackles of the body, might be able to soar to the heights of liberation. He lived on leaves and roots, on a steadily reduced pittance of food, he wore rags from dust-heaps; he slept among corpses or no beds of thorns after he left home.

Thus, struggling for six long years, he came to death’s very door, but he found himself no nearer to his goal.

Making the final forceful effort with the inflexible resolution: “In spite of the fact that only my skin, sinews and bones remain, and my blood and flesh dry up and wither away, yet I will never stir from this seat until I have attained full enlightenment.” Too indefatigable in effort, so unflagging in his devotion was he, and so resolute to realize truth.

Did hence the Bodhisatta Gotama on another full moon-day of May, at the age of thirty-five, attained Supreme enlightenment by realizing in all their fullness the four Noble truths, and become the great Buddha to cure the ills of beings and to take all beings out from Samsara with his great Wisdom & Compassion.

Just think of the depth of compassion, the depth of wisdom the Buddha possessed. There are too many stories of his perfections how long and how devotedly sacrificed his lives and worked toward his goal for us.

Due to his great compassion for us, for suffering beings, the Bodhisatta was able to go through his wanderings so many lifetimes in the cycle of Samsara and had spent so many lifetimes cultivating his Parami( Perfection) with great patience: and then, in his final life he tried too hard for more than six years to attain enlightenment, he set forth and tirelessly shared the Dhamma with all those beings who were ready for it, until the day of his passing away ( Parinibana). So the Buddha insights into the human mind are helping people as much today as did in ancient times.

Before the Lord Buddha attains enlightenment under the Mahabodhi tree here at Bodh-Gaya, beings were engulfed in clouds delusion and ignorance. The path to liberation had not yet been discovered. Beings groped in the dark. Now becauseee of the Buddha showing we know as he understood as really is: this is suffering ( Dukkha), this is the arising of suffering, this is the cessation of suffering, this is the path leading to the cessation of suffering, this is evil deeds( Akusala), this is good deeds( Kusala), and so on.

Now we all human beings just need to follow his great teachings without working too hard like him. If only we follow and practice his teachings, we could perfect ourselves too and can be free from all sufferings.
So how great his compassion was!
May all beings be liberated by practicing the teachings of the Buddha!

 Written By:
Ashin Sandima( Dhammalayeik)

ဘုရားရှင်အဆူဆူတို့၏ စကားတော်သုံးခွန်း



လောကမှာ လူရယ်လို့ဖြစ်လာရင်တော့ ကိုးကွယ်သည့် ဘာသာသည် ရှိစမြဲပါ၊ ဘာသာခြားလည်း ရှိနိုင်ပါသည်။ ဘာသာတရားကို အဘယ်ကြောင့် ကိုးကွယ်နေကြပါသနည်း၊ ကြောက်၍ကိုးကွယ်နေကြခြင်းပင်ဖြစ်သည်။ မှန်ပါသည် အပါယ်ကျမည်ကို ကြောက်၍ကိုးကွယ်သည်။ အကျိုးကိုလိုလား၍ ကိုးကွယ်သည် စသည်ဖြင့် ကိုယ်ယုံကြည်သည့်အတိုင်း သစ်ပင်၊ တောတောင်၊ မီး၊ ရေ၊ လေ စသည်ဖြင့်ရှေးခေတ်က မိမိတို့ယုံကြည်သည့် အတိုင်းကိုးကွယ်ခဲ့ကြသည်။ သစ်ပင်၊ တော တောင်၊ မီး ၊ရေ ၊ လေ တို့ကို ကိုးကွယ်နေကြပုံကို အိန္ဒိယ နိုင်ငံတွင် ယနေ့ထိတိုင် တွေ့မြင်နိုင်ကြပါသည်။ ထို့နောက် ဘာသာရေးခေါင်းဆောင် ပုဂ္ဂိုလ်များ ပေါ်ထွက်လာပြီးနောက် ထိုပုဂ္ဂိုလ်တို့၏ ပြောစကားများကို ယုံကြည်၍ ထိုပုဂ္ဂိုလ်တို့၏ ဘာသာတရားများကို ကိုးကွယ်ခဲ့ကြသည်။ ကျွန်ုပ်တို့သည် ဗုဒ္ဓရှင်တော်ဘုရား ဟောပြောချက်များကို အကြွင်းမဲ့ယုံကြည်၍ ဗုဒ္ဓကိုကိုးကွယ်ခဲ့ကြသည်။ ဗုဒ္ဓကိုကိုးကွယ်ကြသော သူများကို “ဗုဒ္ဓဘာသာဝင်” ဟူ၍ခေါ်သည်။ ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်များသည်၊ “ဗုဒ္ဓ” အကြောင်း “ဘာသာ” အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် မဟုတ်သည့်တိုင် အတန်အသင့် အမှန်ပင် သိထားဖို့လိုအပ်ပါသည်။ “ဗုဒ္ဓ” ဆိုသည်မှာ သစ္စာလေးပါး အမှန်တရားကို ဆရာမရှိ ကိုယ်တော်တိုင် သိမြင်တော်မူသော ပုဂ္ဂိုလ်၊ ကိလေသာတရားများကို ၀ါသနာနှင့်တကွ ပယ်သတ်ပြီးသော ပုဂ္ဂိုလ်၊ ဆိတ်ငြိမ်ရာ အရပ်၌ မကောင်းမှုကို ပြုတော်မမူသော ပုဂ္ဂိုလ်၊ လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တ၀ါအပေါင်းတို့၏ ဆရာတစ်ဆူဖြစ်တဲ့ ပုဂ္ဂိုလ်၊ ထိုသတ္တ၀ါ အပေါင်းတို့၏ ပူဇော်မှုကိုလည်း ခံယူထိုက်သော ပုဂ္ဂိုလ်မျိုးကို “ဗုဒ္ဓ” ဟုခေါ်သည်။
“ဘာသာ” ဆိုသည်မှာ ထိုမြတ်စွာဘုရား ဟောကြားတော်မူခဲ့သော တရားတော် စကားတော် များဖြစ်၏။ “ဗုဒ္ဓဘာသာဝင်” ဆိုသည်မှာ ဗုဒ္ဓရဲ့တရားတော်အတိုင်း လိုက်နာကျင့်သုံး သူများတွင်ပါဝင်သော (၀ါ) ဗုဒ္ဓဘာသာအနွယ်ဝင်ဖြစ်၏။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် မှန်ပါက ဗုဒ္ဓတရားတော် များစွာရှိသည့်အနက် အခြားတရားတော်များကို မသိရှိစေကာမူ အောက်ပါတရားတော် စကားတော်သုံးခွန်းကိုမူ နားလည်သိရှိသင့်၏။ ၁။ သဗ္ဗပါပဿ အကရဏံ၊ မကောင်းမှုကို ရှောင်ကြည်ပါ။ Not to do all evil, ၂။ ကုသလဿူပသမ္ပဒါ ။ ကောင်းမှုမှန်သမျှကို ပြုလုပ်ပါ။ To do what is good, ၃။ သစိတ္တ ပရိယောဒပနံ၊ မိမိစိတ်ကို ဖြူစင်အောင်ထားပါ။ To purity one’s mind, this is the teaching of the Buddha. ဟူ၍ပင်ဖြစ်သည်။ ထိုစကားတော်သုံးခွန်းကို အလွတ်ကျက်မှန်နိုင်ရန် ဆရာတော်ကြီးများက အောက်ပါအတိုင်း လင်္ကာစီကုးံခဲ့ပါသည်။
မကောင်းမှုရှောင် ကောင်းမှုဆောင်။
ဖြူအောင်စိတ်ကိုထား။
ဗုဒ္ဓတိုင်းသာ မိန့်ခဲ့တာ၊ သုံး ဖြာဤစကား။
ခုလဲချမ်းသာ၊ နောင်ချမ်းသာ။ မြတ်စွာ ဟောမိန့်ကြား။ ဟု ဆိုသည့်အတိုင်း
ဗုဒ္ဓဘာသာဝင်သူတော်စင်များ ဗုဒ္ဓရဲ့တရားတော်များကို သဘောပေါက် နားလည်၍ နားလည်သည့်အတိုင်း ကျင့်ကြံကြိုးစားအားထုတ်နိုင်ကြပါစေ…

အရှင် စန္ဒိမာ (ဓမ္မလရိပ်)

စိတ်ကောင်းရှိရန်လိုအပ်သည်





လူ့ဘ၀၌ အရေးကြီးဆုံးသောအရာသည် စိတ်, စေတနာကောင်းမွန်ရေးပင်ဖြစ်သည်။ စိတ်ကောင်း စေတနာကောင်း ထားရှိပြီး မှန်သောအမှု မှန်သောကိစ္စတို့ကို ပြုလုပ်ရန် အမှန်ပင်လိုအပ်သည်။ စိတ်ကောင်း စေတနာကောင်း မရှိသောသူများသည် မည်ကဲ့သို့ပင် တိုးတက်ကြီးပွါးစေကာမူ ထိုပုဂ္ဂိုလ်အတွက် တန်ဖိုးကြီးမားသော တိုးတက်မှု ကြီးပွါးမှုမဖြစ်နိုင်ဟုမှတ်ယူသင့်ပါသည်။ စိတ်ကောင်း စေတနာကောင်းရှိမှုသည် ဘ၀အတွက် တန်ဖိုးကြီးမြတ်သော အရာတစ်ခုဖြစ်သည်။ မိမိ၏ ပယောဂကြောင့် သူတစ်ပါးတို့ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲမှု ဂုဏ်ကျက်သရေ ညှိုးနွမ်းပျက်စီးရခြင်းသည် မကောင်းသော အပြုအမူများဖြစ်သည်။
မိမိတို့အတွက် အဘယ်အမှုသည် ကောင်း၏ အဘယ်အမှုသည်မကောင်း ဟုသိရှိရန် လိုအပ်ပေသည်။ မြတ်စွာဘုရား ဓမ္မပဒမှာ မိန့်ကြားခဲ့တာလေးတစ်ခုရှိခဲ့သည်။ “အမှုတစ်ခုကို ပြုလုပ်သည့်အတွက် နောင်တတစ်ဖန် ပူပန်ရတက်၊ မျက်ရည်စက်လက် ငိုကြွေးလျက် ဆင်းရဲခံရတက်လျှင် ထိုအမှုသည် မကောင်း။ For that deed is not well done when being done one has to repent; and when one must reap with tears the bitter fruits of the wrong deed.
“အမှုတစ်ခုကို ပြုလုပ်သည့်အတွက် နောင်တတစ်ဖန် ပူပန်ခြင်း မဖြစ်ရဘဲ၊ နှစ်သက်ဝမ်းမြောက်စွာ နှစ်သက်ဝမ်းမြောက်စွာ ကောင်းကျိုးချမ်းသာကို ခံစားရလျင် ထိုအမှုသည် ကောင်း၏” But the deed is indeed well done when being done one has not to repent; and when one can reap with joy the sweet fruits of the right deed. ဟုမိန့်ခဲ့သည်။ ကိုယ်တည်း တစ်ယောက်ချမ်းသာ ရောက်ခြင်းထက် မိမိ သူတစ်ပါး နှစ်ဦးသားတို့၏ ချမ်းသာခြင်းသည် ကောင်းမွန်သော တရားဖြစ်သည်။ ထို့ကြောင့် မိမိ သူတစ်ပါး နှစ်ဦးသား ချမ်းသာရောက်အောင် စိတ်ကောင်းရှိရန်ကြိုးစားသင့်ပေသည်။
အရှင် စန္ဒိမာ (ဓမ္မလရိပ်)

Wednesday, September 7, 2011

ဗုဒ္ဓဘာသာဝင်တို့အတွက် ဗုဒ္ဓဝင်အကျဉ်း




ဗုဒ္ဓဘာသာဝင်တို့အတွက် ဗုဒ္ဓဝင်အကျဉ်း
၁။ လူအမည်=သိဒ္ဓတ္ထ
၂။ ဘုရားဘွဲ့=ဂေါတမ
၃။ မိဘအမည်=သုဒ္ဓေါဒနမင်း နှင့် မဟာမာယာဒေ၀ီ
၎။ ကြင်ယာတော်=ယသော်ဓရာ ( ဘဒ္ဒကဉ္စနာ )
၅။ ရင်သွေးတော်=ရာဟုလာ
၆။ ယောက်ဖတော်=ဒေ၀ဒတ် (ဒေဝဒတ္ထ)
၇။ မိထွေးတော်=ဂေါတမီ
၈။ နေပြည်တော်=ကပိလ၀တ်ပြည် ( သက္ကတိုင်း၊ မဇ္ဈိမဒေသ )
၉။ ဖွားရာဌာန=လုမ္ဗိနီဥယျာဉ် ( ကပိလ၀တ်နှင့် ဒေ၀ဒဟကြား )
၁၀။ နန်းစံနှစ်=၁၃-နှစ်ကြာ ( ၁၆-နှစ်မှ ၂၉ နှစ်ထိ )

၁၁။ နိမိတ်ကြီးများ=သူအို, သူနာ, သူသေ, ရဟန်း
၁၂။ ဗျာဒိတ်ခံယူသောဘ၀=သုမေဓာရသေ့ဘဝ
၁၃။ ဗျာဒိတ်ခံယူသောနေ့=ကဆုန်လပြည့်နေ့
၁၄။ ဗျာဒိတ်ပေးသောဘုရား=ဒီပင်္ကရာမြတ်စွာဘုရား
၁၅။ ပါရမီဖြည့်ဖက်=သုမိတ္တာအမျိုးသမီး ( ယသော်ဓရာအလောင်း )
၁၆။ ပါရမီဖြည့်ရာကာလ=လေးသင်္ချေနှင့် ကမ္ဘာတသိန်း ( သုမေဓာဘ၀ မှ ဝေဿန္တရာဘ၀အထိ)
၁၇။ ပါရမီဖြည့်ရခြင်း၏ ရည်ရွယ်ချက်=သတ္တ၀ါများအကျိုး ဆောင်ရွက်ရန်
၁၈။ ဒုက္ကရစရိယာ ကျင့်ရသောနှစ်=၆-နှစ်ကြာ ( ၉၇-မှ-၁၀၃ ထိ )
၁၉။ ဒုက္ကရစရိယာ ကျင့်သည့်နေရာ=ဥရုဝေဠတော
၂၀။ ဘုရားဖြစ်ချိန် သက်တော်=၃၅-နှစ်အရွယ်

၂၁။ ဘုရားပွင့်ရာ သက်တမ်း=၁၀၀-တမ်း
၂၂။ အလုပ်အကျွေး=ပဉ္စ၀ဂ္ဂီ ငါးဦး ( ဒုက္ကရစရိယာ ကျင့်ခိုက် )။
၂၃။ တရားဦးဟောသည့်နေရာ=ဗာရာဏသီ မိဂဒါဝုန်တော
၂၄။ ပထမဆုံး သာဝက=ပဉ္စ၀ဂ္ဂီ ငါးဦး
၂၅။ နောက်ဆုံးကျွတ်သော သာဝက=သုဘဒ္ဒပရိဗိုဇ်
၂၆။ လက်ယာရံ အဂ္ဂသာဝက-အရှင်သာရိပုတ္တရာ
၂၇။ လက်ဝဲရံ အဂ္ဂသာဝက=အရှင်မောဂ္ဂလာန်
၂၈။ အဆုံးအမ သာသနာ=ပရိယတ္တိ, ပဋိပတ္တိ, ပဋိဝေဓ
၂၉။ ကျင့်စဉ်သိက္ခာ=သီလ, သမာဓိ, ပညာ
၃၀။ ချမှတ်သော လမ်းစဉ်=မဇ္ဈိမပဋိပဒါ ( မဂ္ဂင်လမ်းစဉ် )

၃၁။ သန္ဓေယူသောနေ့=မဟာသက္ကရာဇ် ၆၇-ခု၊ ၀ါဆိုလပြည့်၊ ကြာသပတေးနေ့။
၃၂။ ဖွားမြင်သောနေ့=မဟာသက္ကရာဇ် ၆၈-ခု၊ ကဆုန်လပြည့်၊ သောကြာနေ့။
၃၃။ တောထွက်သောနေ့=မဟာသက္ကရာဇ် ၉၇-ခု၊ ၀ါဆိုလပြည့်၊ တနင်္လာနေ့။

၃၄။ ဘုရားဖြစ်သောနေ့=မဟာသက္ကရာဇ် ၁၀၃-ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့။
၃၅။ ဓမ္မစကြာဟောသောနေ့=မဟာသက္ကရာဇ် ၁၀၃-ခု၊ ၀ါဆိုလပြည့်၊ စနေနေ့။
၃၆။ ပရိနိဗ္ဗာန်စံသောန့=မဟာသက္ကရာဇ် ၁၄၈-ခု၊ ကဆုန်လပြည့်၊ အင်္ဂါနေ့။
၃၇။ တေဇောဓာတ်လောင်သောနေ့=မဟာသက္ကရာဇ် ၁၄၈-ခု၊ ကဆုန်လဆုတ် ၁၂-ရက်၊ တနင်္ဂနွေနေ့။
.........................................................................................................................................
ဂေါတမ မြတ်စွာဘုရား၏ ဗုဒ္ဓ၀င် အကျဉ်းချုပ် ဆောင်ပုဒ်

မ, သိ, ကြ, လတ် ၊ တွေး, ဆ, အပ် ၊ နေ့မြတ် ခုနစ်ထွေ ။
သန်, ဖွား, တော, ပွင့် ၊ စက်, စု, သင့် ၊ ရှင်ပင့် သာကီဆွေ ။

ရှင်းလင်းချက်များ

၁။ မ=ကြာသပတေးနေ့တွင်
သန်=ပဋိသန္ဓေ နေတော်မူပါသည်။

၂။ သိ=သောကြာနေ့တွင်
ဖွား=ဖွားမြင်တော်မူပါသည်။

၃။ ကြ=တနင်္လာနေ့တွင်
တော=တောထွက်တော်မူပါသည်။

၎။ လတ်=ဗုဒ္ဓဟူးနေ့တွင်
ပွင့်=ဘုရားပွင့် (ဖြစ်) တော်မူပါသည်။

၅။ တွေး=စနေနေ့တွင်
စက်=ဓမ္မစကြာတရား ဟောတော်မူပါသည်။

၆။ ဆ=အင်္ဂါနေ့တွင်
စု=စုတိ ( ပရိနိဗ္ဗာန် ) စံတော်မူပါသည်။

၇။ အပ်=တနင်္ဂနွေနေ့တွင်
သင့်=တေဇောဓာတ် ( မီးသင့် ) လောင်တော်မူပါသည်။
..........................................................................................................................................


ဗုဒ္ဒဘာသာဝင်တိုင်းရသင့်တဲ့ဘုရားရှိခိုးပါ
( လယ်တီဆရာတော် ရေးသားသော ဗုဒ္ဓ၀င်ဘုရားရှိခိုး လင်္ကာ )

၁။ သန္ဓေယူသောနေ့ ( မ=သန် )

သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်၊ သောင်းခွင်စကြာဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့်၊ ရတုနဂို၊ ရွှန်းရွှန်းစိုသည်၊ ၀ါဆိုလပြေ့၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည်၊ နတ်လူငြိမ်းဖို့ ကိန်းပါကိုး။


၂။ ဖွားတော်မူသောနေ့(သိ=ဖွား)

သန္ဓေယူကာ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊ ကဆုန်လပြေ့၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ၊ လုမ္ဗိနီ၌၊ မဟီလှိုက်ဆူ၊ ဖွားတော်မူသည်၊ နတ်လူအောင်မြို့ လမ်းပါကိုး။


၃။ တောထွက်သောနေ့ ( ကြ=တော )

ဖွားမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ဝယ်၊ ပျိုနုနယ်၌၊ သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊ ဆယ့်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုးနိမိတ်၊ နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊ ၀ါဆိုလပြေ့၊ ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊ တောရလှုံသည်၊ စုံမြိုင်ပင်ရိပ် ခန်းမှာကိုး။


၎။ ဘုရားဖြစ်သောနေ့ ( လတ်=ပွင့် )

တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ ခါတော်တဖုံ၊ ပွင့်ချိန်ကြုံက၊ ကဆုန်လပြေ့၊ ဆင်မင်းနေ့ဝယ်၊ မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊ ရွှေညောင်တော်ကြီး၊ ဗိတာန်ထီးနှင့်၊ မငြီးကြည်ဖြူ၊ နေတော်မူလျက်၊ ရန်မြူခပင်း၊ အမိုက် သင်းကို၊ အရှင်းပယ်ဖျောက်၊ အလင်းပေါက်က၊ ထွန်းတောက်ဘုန်းတော်၊ သောင်းလုံးကျော်သည်၊ သုံးဖော် လူတို့ ငြမ်းပါကိုး။

၅။ ဓမ္မစကြာဟောသောနေ့ ( တွေး=စက် )

ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဘွား၊ ဖြန့်ချီသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတသောင်း၊ တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ၀ါဆိုလပြေ့၊ စနေနေ့ဝယ်၊ ကြွေ့ ကြွေ့ လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက် ထွေပြား၊ ဟောဖော်ကြားသည်၊ တရားနတ်စည် ရွမ်းတယ်ကို။


၆။ ပရိနိဗ္ဗာန်စံသောနေ့ ( ဆ=စု )

တရားနတ်စည်၊ ဆော်ရွမ်းလည်က၊ သုံးမည်ဘုံသိုက်၊ တသောင်းတိုက်ဝယ်၊ ကျွတ်ထိုက်သသူ၊ နတ်လူဗြဟ္မာ၊ သတ္တ၀ါကို၊ ခေမာသောင်သို့၊ ဖောင်ကူးတို့ဖြင့်၊ ဆောင်ပို့ပြီးခါ၊ ၀ါလေးဆယ့်ငါး၊ သက်ကား ရှစ်ဆယ်၊ စုံပြည့်ကြွယ်က၊ ရာလေးဆယ့်ရှစ်၊ သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊ စံနှိုင်းမယုတ်၊ ကုသိနာရုံ၊ အင်ကြင်းစုံ၌၊ ကဆုန်လပြေ့၊ အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည်၊ ၀ှန်းဆူသောင်းလုံး ကျော်တယ်ကို။

၇။ တေဇောဓာတ် လောင်သောနေ့ ( အပ်=သင့် )

နိဗ္ဗူစံပြီ၊ ရှုမအီသား၊ သိင်္ဂီရွှေလှော်၊ အလောင်းတော်ကို၊ ထိုရော်ကဆုန်၊ လဆုတ်ကြုံ၍၊ ဂဠုန်နေ့ဝယ်၊ ခိုးငွေ့ မနှော၊ ဓာတ်တေဇောလျှင်၊ ရှင်စောဉာဏ်စက်၊ ဓိဋ္ဌာန်ချက်ဖြင့်၊ လျှံတက်ကော်ရော်၊ မီးပူဇ်ာသည်၊ မွေတော်ရှစ် စိတ် ကြွင်းတယ်ကို။

ထိုခုနစ်နေ့၊ သာချမ်းမြေ့ကို၊ ဆွေ့ဆွေ့ကြည်ဖြူ၊ အာရုံယူလျက်၊ သုံးလူတို့နတ်၊ မြတ်ထက် မြတ်သား၊ အထွဋ် ခေါင်ဖျား၊ ကိုယ်တော်ဘုရားကို၊ သုံးပါးမှန်စွာ၊ ၀န္ဒနာဖြင့်၊ သဒ္ဓါဖြိုးဖြိုး၊ ကျွန်ရှိခိုးသည်၊ ကောင်းကျိုးခပ်သိမ်း ကြွယ်စေသော်။


အရှင် စန္ဒိမာ (ဓမ္မလရိပ်)
ဓမ္မာစရိယ၊ ၀ိနယ၀ိဒူ၊ အဘိဓမ္မ၀ိဒူ၊
M.A (Buddhist Philosophy)Dip.In Eng, Hons.Dip.In IT
ဆန်စကရစ် တက္ကသိုလ်၊
ဗာရာဏသီ၊ အိန္ဒိယနိုင်ငံ

Friday, August 5, 2011

မိဘတွေက သားသမီးတွေ အပေါ် ထားတဲ့ မျှော်လင့်ချက် ၅ ပါး




ကမ္ဘာကြီးမှာ လာပြီး လူရယ်လို့ ဖြစ်လာရင်တော့ .. မိရယ်..ဘရယ်.. သားရယ် သမီးရယ် ဆိုတာလည်း “ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုသလို “ တစ်ဦးကို တစ်ဦးမှီတင်းပြီးတော့ ကမ္ဘာ့လောကကြီးကို အလှဆင်ကြပါတယ်။ မိဘတွေက သားသမီး အပေါ်မှာ ပြုစုပျိုးထောင်ပေးသလို မိဘတွေကြီးရင့်လာတဲ့ အခါမှာလည်း သားသမီးတွေဆီက မိဘတွေဟာ မျှော်လင့်ချက် ငါးပါးထားကြောင်းကို မြတ်စွာဘုရားရှင်က ဟောကြားတော် မူခဲ့တာကို ဓမ္မဒါန တရားအလှူဖြစ်အောင် ရေးသားတင်ပြလိုက်ပါတယ်။ အဲဒီ ၅ ပါးကို ၂ ပိုင်းခွဲပြီးတော့ ပထမ ၄ ပါးက ယခုဖြစ်နေတဲ့ ဘ၀ ယခုဖြစ်နေတဲ့လောကမှာ သားသမီးများက မိဘအပေါ်ကို တုံ့ ပြန်မဲ့ကျေးဇူးကို မျှော်တာ။ နောက် ကျန်တဲ့ တစ်ပါးက ဘ၀တစ်ပါးပြောင်းသွားတဲ့အခါ ကျန်ရစ်ခဲ့တဲ့ သားသမီးများက မိဘအပေါ်ကို တုံ့ ပြန်မဲ့ကျေးဇူးကို မျှော်တာ။
တစ်ယောက်နဲ့ တစ်ယောက်အပြန်အလှန်ချစ်ခြင်းနဲ့ နှောင်ဖွဲ့ နေတာကို ဦးဇင်းတို့ ပါဠိတော်မှာ ပေမ သို့ မဟုတ် ပိယ လို့ ခေါ်တယ်။ အရပ်ကတော့ ဒါကို ချစ်ခြင်းမေတ္တာလို့ ပြောတယ်။ ဒါပေမယ့် မေတ္တာ နဲ့ ပေမ က ကွာတယ်။ နည်းနည်းကွာတယ်။ မေတ္တာ ဆိုတာ ကိုယ့်အတွက် လုံးလုံးမကြည့်တာ မမျှော်လင့်တာ။ သူတစ်ပါးရဲ့ အကျိုးကို ကြည့်တာ။ အဲဒါကို မေတ္တာ လို့ ခေါ်တယ်။ ပေမ ဆိုတာကကြတော့ ကိုယ်ချစ်တဲ့လူရဲ့ အကျိုးကိုကြည့်တာလည်းပါတယ်။ ကိုယ့်အတွက်မျှော်လင့်တာလည်းပါတယ်။ အဲဒါကို ပေမ လို့ ခေါ်တယ်။

ပထမ မျှော်လင့်ချက်
မိဘတွေဟာ သားသမီးတွေကို လူလားမြောက်တဲ့အထိ ကျွေးမွေးပြုစု စောင့်ရှောက်လာတဲ့အတွက် နောင်တစ်ချိန်မှာ သူတို့ ကိုလည်း သားသမီးတွေက ကျွေးမွေးပြုစု စောင့်ရှောက်မယ်လို့ ဆိုတဲ့အသိနဲ့ မျှော်လင့်တာ။ မွေးကတည်းက လူလားမြောက်တဲ့အထိ ကျွေးမွေးပြုစုစောင့်ရှောက်လာခဲ့တဲ့ တယ်ဆိုတာ မေတ္တာလို့ ပြောပေမဲ့ ခုနပြောသလို သားသမီးတွေအတွက်လည်း ကြည့်တယ်။ ကိုယ့်အတွက်လည်း ကြည့်တယ်။ သားသမီးတွေ တုံ့ ပြန်လာမဲ့အကျိုးကိုလည်းမျှော်တဲ့အတွက် ပေမ ဖြစ်သွားတယ်။ ဒါကြောင့် မိဘ နဲ့ သားသမီး အချစ်သည် မေတ္တာနဲ့ ပေမ ရောနေတာ။ ပထမ မျှော်လင့်ချက်က ကိုယ့်သားသမီးတွေ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ပြီး ကိုယ့်ဝမ်းကိုယ်ကြောင်းနိုင်တဲ့အခါ အဲဒီအချိန် တို့ ကလည်း ကိုယ့်ဝမ်းကိုယ်မကြောင်းနိုင်တဲ့အချိန် သားသမီးတွေ တုံ့ ပြန်မဲ့အကျိုးကို မျှော်လင့်တာ။ ဒါပထမ တစ်ချက်လို့ မှတ်။

ဒုတိယမျှော်လင့်ချက်
မိဘတွေဟာ သားသမီးတွေကို လူလားမြောက်တဲ့အထိ နောက် ဒီကမ္ဘာပေါ်မှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်မရပ်နိုင်ခင်ကတည်းက ရပ်နိုင်တဲ့အထိ၊ ရပ်နိုင်ပြီးသော်လည်း ဆက်ပြီးကို သားသမီးအလုပ်တွေလုပ်ပေးနေရတုန်းပဲ။ မိဘတွေဟာ သားသမီးတွေအလုပ်ကို အမြဲတမ်း အချိန်တိုင်းကို လုပ်ပေးနေရတယ်။ နောက်ဆုံး ဒီမိဘတွေက ဘယ်ကိုမှ မသွားနိင်မလာနိုင် အိပ်ယာထဲလဲနေတဲ့အချိန်ထိတောင်မှ ကိုယ် နေထိုင်မကောင်းလို့ ခြေနဲ့ လက်နဲ့ မလုပ်ပေးရတာတောင်မှ အနည်းဆုံး နှုတ်နဲ့ သားသမီးတွေ အလုပ်လုပ်ပေးနေရတယ်။ အဲဒါ မေတ္တာနဲ့ ပေမ နှစ်ခုရော ပြီးတော့လုပ်ကြတယ်။ ဒီတော့ မိဘတွေက သားသမီးတွေကို ဒီကမ္ဘာပေါ်မှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ပြီး သူတို့ အလုပ်တွေ လုပ်နိုင်တဲ့အချိန် ၊ အဲဒီအခါ တို့ တွေကလည်း တို့ တွေအလုပ်ကို မလုပ်နိုင်တဲ့အချိန် သားသမီးတွေက ငါတို့ အလုပ်ကို လုပ်ပေးမယ်လို့ ဆိုပြီး မျှော်လင့်တယ်တဲ့။ ဒါ ဒုတိယမျှော်လင့်ချက်။
အဲဒီ မိဘ မျှော်လင့်ချက် ပြည့်စုံရင် ဒီသား ဒီသမီးဟာ သားကောင်းသမီးကောင်းပဲ။ မိဘက ဒီလိုမျှော်လင့်ပြီး စောင့်ရှောက်ခဲ့တာကို သိပြီး ကိုယ်က မိဘကို ပြန်လည် အလုပ်အကျွေးပြု စောင့်ရှောက်ခဲ့ရင် ထိုသားသမီးသည် တစ်ကယ့် သားကောင်းသမီးကောင်းပဲ။ မိဘတွေက ဘယ်လောက်ပဲ မျှော်လင့်ချက် ကြီးကြီးနဲ့ သားသမီးတွေအပေါ် ပြုစုစောင့်ရှောက် ဆောင်ရွက်ပေးခဲ့သော်လည်း ထိုသားသမီးက မိဘအပေါ် ပြန်လည်မဆောင်ရွက် မပြုစုခဲ့ရင် ထိုသားသမီးသည် သားကောင်းသမီးကောင်း မပီဘူး။

တတိယမျှော်လင့်ချက်
ကိုယ့် ရဲ့ အဖိုးအဖွား ဘိုးဘေး ဘီဘင် အစဉ်အဆက် ကိုပြန်ကြည့်လိုက်။ တို့ အမျိုးအနွယ်ရဲ့ ဓလေ့ထုံးစံဟာ ဘယ်လိုရှိလဲ ? ရတနာ သုံးပါးရဲ့ ဝတ်တရားတွေကို အမြဲတမ်းဆောင်ရွက်လာခဲ့တဲ့ ဒို့ အမျိုးအနွယ်။ တို့ အဖိုးအဖွား အမျိုးအနွယ်ရဲ့ ဓလေ့ထုံးစံဟာ သူတော်ကောင်းစရိုက် ကို အားမာန်ကြိုးပမ်း နဲ့ ဆောင်ရွက်လာခဲ့တဲ့ အမျိုးအနွယ်။ သူယုတ်မာတို့ ရဲ့ အကျင့်စရိုက် ကို ရှောင်ကြဉ်ပြီးတော့ ဆောင်ရွက်လာခဲ့တဲ့ အမျိုးအနွယ်။ သူတော်ကောင်းအမျိုးအနွယ် ဘုရားရဲ့ သားတော်သမီးတော်များဖြစ်ခြင်းဆိုတဲ့အတွက်ကြောင့် တို့ သား တို့ သမီးတို့ သည် တို့ တွေမရှိတော့တဲ့နောက် တို့ အဖိုးအဖွားတွေ လုပ်ဆောင်လာခဲ့တဲ့ ဓလေ့ထုံးစံအတိုင်း တို့ သား တို့ သမီးတွေကလည်း လုပ်ဆောင်လိမ့်မယ်လို့  မိဘတွေက သားအပေါ် သမီးအပေါ်မျှော်လင့်တဲ့ မျှော်လင့်ချက်။
ဆိုကြပါစို့ ။ မိဘနှစ်ပါးဟာ ကျောင်းတိုက်တစ်ခုမှာ နေ့ စဉ်နေ့ စဉ် ဆွမ်းဝတ်တည်တယ်။ သို့ မဟုတ် တစ်လ တစ်ခါ ဆွမ်းဆက်ကပ်တယ် ဆိုကြပါစို့ ။ သို့ မဟုတ် စေတီတော်ကြီးတစ်ခု မှာ ၀တ်တစ်ခုအမြဲတမ်း ဆောင်ရွက်နေတဲ့ မိဘတွေဖြစ်တယ် ဆိုကြပါစို့ ။ အဲလိုမိဘမျိုးတွေ သားသမီးလေးတွေ ရှိလာတဲ့အခါမှာ သူတို့ သားသမီးတွေအပေါ်ကို အဲဒီ မျှော်လင့်ချက်လေး ထားတယ်။ တို့ ဆောင်ရွက်တဲ့ ဘုရားဝတ် တရားဝတ် သံဃာဝတ် ဆွမ်းဝတ် ကျောင်းဝတ် အဲဒီဝတ္တရားတွေကို တို့ တွေမရှိတဲ့နောက် တို့ သားတွေ တို့ သမီးတွေ ဟာ လုပ်မှ လုပ်ကြပမလား။ လုပ်ကြပါစေ ဆိုပြီးတော့ မျှော်လင့်ချက်ရှိတယ်တဲ့။ မိဘက ဘုရားဝတ် တရားဝတ် သံဃာဝတ် စေတီဝတ် ဆွမ်းဝတ် ကျောင်းဝတ် တွေနဲ့ နေ။ မိဘလည်းမရှိတဲ့အခါ သားသမီးလက်ထက်လည်းရောက်ပြီဆိုရော် အဲဒီ ၀တ်တွေကို အကုန်ဖျက်ပြစ်ပြီ ဆိုလို့ ရှိရင် အဲဒီသားသမီးတွေသည် သားကောင်းသမီးကောင်းမပီသတော့ဘူး။ တို့ ဘိုးဘွား ဘီဘင် ရဲ့ သူတော်ကောင်းစရိုက် မိဘတွေရဲ့ ဓလေ့ကို မဖျက်ဆီးဘူး ၊ ဆက်လက်ထိန်းသိမ်းမယ်ဆိုလို့ ရှိရင် အဲဒီသားသမီးတွေ သားကောင်းသမီးကောင်းပီသတယ်တဲ့။ သားဝတ် သမီးဝတ် ကျေတယ်လို့ ဆိုကြရမယ်။ အဲဒါကို မိဘများက သားများ သမီးများအပေါ်မှာမျှော်လင့်ပါတယ်တဲ့။

စတုထ္တမျှော်လင့်ချက်
မိဘရဲ့ အမွေကို ဆက်ခံတာဟာ ဒါ ၀တ္တရား တစ်မျိုးလိုဖြစ်နေတယ်။
ကျွေးမွေးမပျက်
ဆောင်ရွက် စီမံ
မွေခံထိုက်စေ
လှူမျှဝေ၍
စောင့်လေမျိုးနွယ် ၀တ်ငါးသွယ်
ကျင့်ဖွယ်သားတို့  (သမီးတို့) တာ။

သင်္ဂဇာ ဆရာတော်ဘုရားကြီးရေးခဲ့တာ။ အဲဒီမှာ မွေခံထိုက်စေ။ စကားလုံးမှာ ထိုက် ဆိုတဲ့စကားလုံးပါလာတယ်။ အဲဒီ ထိုက် ဆိုတဲ့စကားလုံးကို ပယ်လိုက်ရင် အမွေခံ။ မိဘရဲ့ အမွေကိုယူရုံနဲ့ ဒါ အမွေခံသားသမီးမဟုတ်ဘူး။ မွေခံထိုက် ၊ မိဘရဲ့ အမွေကို ခံယူထိုက်တဲ့သားသမီးဖြစ်မှ မိဘရဲ့ အမွေကို ယူရမယ်။ မိဘရဲ့ အမွေကို ယူပြီး သုံးဖြုန်းနေတာဟာ တစ်နည်းအားဖြင့် ဒီသားသမီးဟာ မိဘကို ပြစ်မှားနေတာပဲ။ ဘယ်လိုသားသမီး အမွေခံထိုက်လဲ ဆိုတော့ ခုန ရှေ့ကပြောခဲ့တဲ့သုံးချက်။ မိဘကိုကျွေးမွေးပြုစုစောင့်ရှောက်ရမယ်။ မိဘအလုပ်တွေကို လုပ်ပေးရမယ်။ မိဘတွေရဲ့ အစဉ်မပြတ်လုပ်ဆောင်လာခဲ့တဲ့ သူတော်ကောင်းစရိုက် ဓလေ့ထုံးတမ်းအစဉ်အလာတွေ ကို သားသမီးတွေက မပြတ်အောင် ဆက်လက်ထိန်းသိမ်းရမယ်။ အဲဒီအချက်တွေသာရှိမယ် လိုက်နာခဲ့မယ်ဆိုရင် ဒီသားဒီသမီးတွေဟာ မိဘရဲ့  ပစ္စည်းတွေ အမွေကို သုံးထိုက်တယ်တဲ့။ မကျင့်သုံးတဲ့ မလိုက်နာတဲ့ သားသမီးတွေ မိဘ့  ပစ္စည်း ကို မသုံးထိုက်ဘူး။ ခုနအရှေ့ကပြောခဲ့တဲ့သုံးချက်ကိုလည်း မလိုက်နာ မိဘကျေးဇူးကို မတုံ့ ပြန်တဲ့သားသမီးတွေဆို သားဆိုးသမီးဆိုးလို့ ပြောလို့ ရသလို မိဘ ပစ္စည်း လည်း မသုံးထိုက်ဘူး။ အမွေခံမထိုက်ဘူး။

ပဉ္စမမြောက်မျှော်လင့်ချက်
မိဘတွေဟာ ကံကုန်လို့ ကုသိုလ် ကုန်လို့ ဘ၀တစ်ပါးကူးပြောင်းသွားခဲ့သော် ၊ အဲဒီကူးပြောင်းသွားတဲ့ ဘ၀မှာ ကောင်းမှု ကုသိုလ်လုပ်လို့ မရတဲ့ဘ၀ဖြစ်နေခဲ့ရင် ( လုပ်လို့ ရတဲ့ဘ၀တွေလည်းရှိပါတယ်နော်။) ငါတို့ သားသမီးတွေသည် ငါတို့ ရှာဖွေထားခဲ့တဲ့ ပစ္စည်းတွေကို လက်ခံပြီးတော့ ခံယူပြီးတော့ တို့ ပေးထားခဲ့တဲ့အမွေတွေကို ခံယူပြီးတော့ တို့ သားတို့ သမီးတွေဟာ သူတို့ အတွက်လည်း သုံးစား တို့ အတွက်လည်း ကုသိုလ်ကောင်းမှုပြုပေးပြီး နေရစ်ကြလိမ့်မယ်လို့  ပဉ္စမမြောက်မျှော်လင့်ချက်ထားကြတယ်။

တို့ မိဘတွေ ရှာဖွေထားတဲ့ ပစ္စည်း တွေကို သုံးနေရင် တို့ ပြုသမျှ ကုသိုလ်အစုစုသည် တို့ မိဘအတွက်ပဲဖြစ်ရမယ်။ အဲဒီအချက်သည်အရေးအကြီးဆုံးအချက်။ သားသမီး ၀တ္တရားသည် အဲဒီတိုင်ရောက်မှ ကျေတယ်။ ရှေ့က ၀တ္တရား ၄ ပါး ဘယ်လောက်ပဲ ကျေကျေ ဒီ ပဉ္စမ မြောက် ၀တ္တရားမကျေရင် ဒီသားသမီး သည် သားသမီးဝတ္တရား တစ်ကယ်မကျေပါဘူး။ မိဘကို နှစ်ပေါင်း တစ်ရာတိုင် အောင် ပုခုံးမှာထားပြီး ပြုစုစောင့်ရှောက်လုပ်ကျွေးရင်တောင် ခုနက ပဉ္စမ မြောက် ၀တ္တရားမကျေရင် သားသမီးသည် သားသမီးဝတ္တရား တစ်ကယ်မကျေပါဘူးတဲ့။ အဲဒါကြောင့် မိဘကျေးဇူးဆပ်လို့ မကုန်နိုင်ဘူး ဆိုတဲ့ စကားဖြစ်လာတာ။

ဒီနေရာကို သေချာစိစစ်ကြည့်မယ်ဆိုရင် မိဘအတွက် ရည်စူးပြီး ကုသိုလ်ကောင်းမှုလုပ်ပေးတာ နှစ်မျိုးရှိတယ်။ ပထမက မိဘသက်ရှိထင်ရှားရှိတုန်းမှာ မိဘအတွက်ကိုရည်စူးပြီး ကုသိုလ်ကောင်းမှုလုပ်ပေးတာရယ် ၊ မိဘတွေ ကွယ်လွန်သွားပြီးမှ မိဘအတွက်ကိုရည်စူးပြီး ကုသိုလ်ကောင်းမှုလုပ်ပေးတာရယ်။ နှစ်မျိုး။ အဲဒီမှာ မိဘသက်ရှိထင်ရှားရှိတုန်းမှာ မိဘအတွက်ကိုရည်စူးပြီး ကုသိုလ်ကောင်းမှုလုပ်ပေးတာသည် အမွန်မြတ်ဆုံး။ အကောင်းဆုံးပဲတဲ့။ ဒီထက်ပိုကောင်းတာရှိသေးတယ်။ သရဏဂုံ သီလ မဆောက်တည်ဘူးတဲ့ မိဘဖြစ်ရင် သရဏဂုံသီလဆောက်တည်ဘူးအောင် ၊ ကမ္မာဌာန်း ၀ိပသနာ တရားမနာကြားဘူးသေးတဲ့ မိဘဖြစ်ရင် ကမ္မာဌာန်း ၀ိပသနာ တရားနာကြားဘူးအောင် ၊ သီလ သမာဓိ ပညာ သိက္ခာသုံးပါး မကျင့်သုံးဘူးသေးတဲ့ မိဘဖြစ်ရင် သီလ သမာဓိ ပညာ သိက္ခာသုံးပါး ကျင့်သုံးဖြစ်အောင် ၊ ဒီ လောကမှာတင် မိဘရဲ့ အကျိုးကို လုပ်ပေးတဲ့သားသမီးသည် ပိုရွေ့ ပိုရွေ့ သားသမီးဝတ္တရား ကျေပါတယ်လို့……မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သောတရားဒေသနာတော်ကို ဓမ္မဒါန ပြုတဲ့ အနေနဲ့ ဓမ္မလရိပ်မှ တိုက်တွန်းဆန္ဒပြုပါတယ်။
အရှင်စန္ဒိမာ(ဓမ္မလရိပ်)

Thursday, August 4, 2011

အာမခံ၍ မရသော သဒ္ဓါတရား




မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်အခါက ရှင်သီဝလိမထေရ်မြတ်၏ မိခင်ဖြစ်သော သုပ္ပ၀ါသာမင်းသမီးသည် ရှင်သီဝလိကို ကိုယ်ဝန်ဆောင်ထားရစဉ် သေမလား ရှင်မလားဆိုသည်ကို သေချာမသိနိုင်သောကြောင့် မသေခင်ကုသိုလ်လုပ်သွားချင်၍ သူ၏ခင်ပွန်းဖြစ်သော ကောလိယမင်းသားအား မြတ်စွာဘုရားထံသို့ ဆွမ်းစားပင့်ရန် စေလွှတ်ခဲ့လေသည်။
ကောလိယမင်းသားသည် ဇနီးဖြစ်သူ သုပ္ပ၀ါသာ၏စကားကို ယူဆောင်၍ မြတ်စွာဘုရားထံသို့သွားရောက်ကာ အကျိုးအကြောင်းကို လျှောက်ထားလေသညိ။ သုပ္ပ၀ါသာမင်းသမီး၏ သဒ္ဓါတရားကိုငဲ့၍ နေအိမ်သို့ အလှူခံကြွရောက်ပါရန်လည်း ပင့်လျှောက်လေသည်။ မြတ်စွာဘုရားက သုပ္ပ၀ါသာမင်းသမီး၏ အလှူကို ချက်ချင်း လက်မခံသေးဘဲ ဆိုင်းငံ့ထား၏။ ဤသို့ဆိုင်းငံ့ထားရခြင်းမှာ သုပ္ပ၀ါသာမင်းသမီးထံမှ အပင့်မရောက်မီ အရှင်မောဂ္ဂလာန်ကို ဆည်းကပ်ကိုးကွယ်သော ဒကာတစ်ဦးက ပင့်ထားပြီးဖြစ်၍ ချက်ချင်း ၀န်မခံခြင်း ဖြစ်ပေသည်။
အလှူ (၂)ခု တိုက်ဆိုင်နေသဖြင့် မြတ်စွာဘုရားရှင်က အရှင်မောဂ္ဂလာန်ကိုခေါ်၍ အရှင်ဒကာကို အလှူရက်များ နောက်ဆုတ်ပေးနိုင်မလား မေးဖို့ရန် စေလွှတ်လိုက်လေသည်။ အရှင်မောဂ္ဂလာန်က သူ၏ဒကာကို ပြောပြသည်မှာ အလှူ(၂)ခု တိုက်ဆိုင်နေသည့်အတွက် ဝေဒနာသည်ကို ဦးစားပေးသောအားဖြင့် ဒကာကြီး၏ အလှူရက်ကို (၇)ရက်မျှ နောက်သို့ ရွှေ့ပေးရန် ဖြစ်နိုင်မလားလို့ မေးသောအခါ အလှူဒကာကြီးက ပြတ်ပြတ်သားသား ပြန်၍လျှောက်ထားလိုက်သည်မှာ အရှင်ဘုရားများ ဖြစ်စေချင်သလို တပည့်တော်၏ အလှူရက်ကို နောက်သို့ ရွေ့ဆိုင်းပေးပါမည်။ သို့ရာတွင် ခုနစ်ရက်အတွင်း တပည့်တော်၏ အသက်ရယ်၊ စည်းစိမ်ဥစ္စာရယ်၊ သဒ္ဓါတရားရယ် ဤသုံးမျိုး မပျက်စီးစေရပါဘူးလို့ အရှင်ဘုရားတို့ အာမခံနိုင်ပါ့မလား၊ အာမခံနိုင်ရင် တပည့်တော်ရဲ့ အလှူရက်ကို ရွေ့ပေးပါမယ်ဘုရားဟု လျှောက်ထားလေသည်။
ထိုအခါ အရှင်မောဂ္ဂလာန်ကိုယ်တော်မြတ်က ဒကာကြီးရဲ့ တင်ပြချက်ဟာ သဘာဝကျပါပေတယ်။ ဒါပေမဲ့ အသက်နှင့် စည်းစိမ်ကိုတော့ (၇)ရက်အတွင်း မပျက်စီးစေရပါဘူးလို့ အာမခံမယ်ဆိုလျှင် ခံနိုင်စရာ ရှိပါတယ်။ သဒ္ဓါတရားကိုတော့ အာမမခံနိုင်ပါ။ ဒကာကြီးဘာသာ လိမ္မာသလို မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ပါဟု မိန့်တော်မူလေသည်။
မှန်ပေသည်။ သဒ္ဓါတရားဆိုသည်မှာ သူပေါ်ချင်တဲ့ချိန်မှ ပေါ်ပေါက်လာသောအရာဖြစ်ပေသည်။ အမြဲတမ်းသဒ္ဓါတရားဖြစ်ဖို့ရန်မှာ ဘုရားလောင်းများနှင့်အရိယာပုဂ္ဂိုလ်များမှသာ ဖြစ်နိုင်ပေသည်။ ပုထုဇဉ်များအနေဖြင့် မိမိသန္တာန်၌ သဒ္ဓါတရားပေါ်ပေါက်လာချိန် သဒ္ဓါတရားရှိနေခိုက်မှာ ဒါန၊ သီလ၊ ဘာဝနာများကို ပြုလုပ်ပေးသင့်ပါသည်။ ထို့ကြောင့် စာရေးသူတို့ လူသားများသည် မိမိသန္တာန်ဝယ် သဒ္ဓါတရားဖြစ်ချိန်ကိုသာ အဓိကထား၍ နေ့ရက်ကောင်းများကို အဓိကမထားဘဲ အလှူဒါနစသည်များကို ပြုလုပ်ကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ရပေသည်။
အရှင် စန္ဒိမာ(ဓမ္မလရိပ်)

Sunday, July 3, 2011

ကံကြမ္မာ ကျွန်းလေးပေါ်မှ ဗောဓိမင်းသား ဇနီးမောင်နှံ





"ကောင်းမူလုပ်က ကောင်းကျိုးရ လောက ဓမ္မတာ၊ မကောင်းမူလုပ်က မကောင်းကျိုးရ လောကဓမ္မတာ" လို့ ဆိုတဲ့ အတိုင်း အတိတ်ဘ၀က  အကုသိုလ် ကံကြောင့် မြတ်စွာဘုရားရှင်  လက်ထက်တွင် ဗောဓိမင်းသားရဲ့ ဇနီးမောင်နှံ ဇာတ်လမ်း အဖြစ်အပျက်ကို ကွန်ပျူတာ ဖန်သားပြင်တွင် သတိပြုရန် တင်ပြလိုက်ပါတယ်။
ဗောဓိမင်းသားဇနီးမောင်နှံတို့သည် တနေ့ ဘုရာရှင်အား ပင့်ပြီးဆွမ်းကျွေးရန်စိတ်တူ ကိုယ်တူ တိုင်ပင်ကြလေသည် ။ အေးဒီအတိုင်းဘဲ စီစဉ်ကြရင်း လမ်းတွင် ပုဆိုးခင်းပြီး အကယ်၍ ခင်းထားသောပုဆိုးကို ဘုရား၇ှင် နင်းသွားပါက သားသမီးရအံ့ဟု နှလုးံသွင်းထားကြပါသည်။ 
သို့သော် ဘုရားရှင်က မနင်းသဖြင့် ခင်းထားသောပုဆိုးကို ဘာကြောင့် မနင်းပါသနည်း ဟု မင်းသားက မေးလျှောက်သည့်အခါ..... ဘုရား၇ှင်က မင်းသားကို ပြန်၍ မည်သည့်ရည်ရွယ်ချက်ဖြင့် ပုဆိုးကို ခင်းထားသနည်းဟု ပြန်မေးခဲ့ပါတယ်။
မင်းသားက  သားသမီးရအံ့ပါက  ဘုရား၇ှင် ပုဆိုးကို နင်းသွားပါစေ ဟု ဆန္ဒပြုထားပါကြောင်း ပြန်လျှောက်ခဲ့ပါသည်။ ထိုအကြောင်းကြောင့် ပုဆိုးကို ငါမနင်းကြောင်း ဘုရားရှင်က ပြောပြီး အတိတ် အကြောင်းဇာတ်လမ်းကို ဟောပြောခဲ့ပါသည်။
ရှေးဘ၀ တစ်ခုက သင်တို့လင်မယား ခ၇ီး အတူသွားစဉ် သင်္ဘောပျက်၍ ကံအားလျှော်စွာ ကျွန်းပေါ်ရောက်ပြီး  စားစရာမရှိသဖြင့် ကြက်ဥ၊ ငှက်ဥ၊ တို့ကို အသိုက်ဖျက်ပြီး စားသောက်ခဲ့သော အကုသိုလ်ကံအလှည့်ကြောင့် ဤဘ၀တွင် သား သမီးရရန်အကြောင်းမမြင်သဖြင့်ငါမနင်းကြောင်း ဓမ္မအနေဖြင့်ဟောကြားခဲ့ပါသည်။  ထို့ကြောင့်  အနန္တဂုဏ်အင် မြတ်ဗုဒ္ဓသည်ပင် သားသမီး ရစေ  မရစေဟုနှလုးံသွင်း ဖန်ဆင်းခြင်း မဟုတ်ကြောင်းမိမိတို့၏ ကံကုသိုလ်၊ အကုသိုလ် အလျှောက်သာ ဖြစ်ကြရမည်ကြောင်းကို ဓမ္မလရိပ်မှ ဓမ္မဒါန ပြုပါသည်။
 အရှင်စန္ဒိမာ( ဓမ္မလရိပ်)


အလှဆုးံလူ


(၁)   ဦးခေါင်းကို.....ရတနာသုးံပါးဖြင့် အလှဆင်ပါ။
(၂)   နားကို...........တရားနာခြင်းဖြင့်အလှဆင်ပါ။
(၃)   ပါးစပ်ကို........သစ္စာစကားဖြင့် အလှဆင်ပါ။
(၄)  လက်ကို..........ဒါနဖြင့်အလှဆင်ပါ။
(၅)   ခန္ဓာကိုယ်ကို...သီလဖြင့် အလှဆင်ပါ။

 အရှင် စန္ဒိမာ(ဓမ္မလရိပ်)

Goal.................ပန်းတိုင်





ဘ၀မည်သည်၊    လူတိုင်းတောင့်တ
ဆန္ဒများစွာ၊    ရှိသည်သာတည်း။
ဆန္ဒလိုအင်၊    ပြည့်စုံခြင်းတည်း။
ကံ၊ ဥာဏ် ၊ ၀ိရိယ၊ သုးံခုမျှ၍
နေရာတကျ၊  အသုးံချသော်
မိမိဆန္ဒ၊   ပြည့်စုံရ၍
လိုရာပန်းတိုင်၊   ဆုပ်ကိုင်နိုင်မည်။
ဆန္ဒတစ်ခု၊   အာရုံပြု၍
ဥာဏ်စွမ်းမပါ၊    ခြေဗလာနုင့်
ကာယအားကိုး၊    ပြေးလွှားတိုးက
ပန်းတိုင်မရောက်၊     အသက်ပျောက်အံ့။ ။ ။
 အရှင် စန္ဒိမာ(ဓမ္မလရိပ်)

Friday, July 1, 2011

နှလုးံသွင်း မှန်ကန်ပါစေ

      
        ဓမ္မပဒ ပါဠိတော်ထဲမှာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက " မိစ္ဆာပဏိဟိတံ စိတ္တံ၊ ပါပိယော  နံ တတော ကရေ ။ သမ္မာပဏိဟိတော စိတ္တံ၊ သေယျသော နံ တတော ကရေ"           "မကောင်းသောစိတ်ဟာ ထိုစိတ်ရှိသူကို ယုတ်ညံ့ဆိုး၇ွာသူဖြစ်အောင်ပြုလုပ်ပေးပါတယ်။ ကောင်းသောစိတ်ကလည်း ထိုစိတ်ရှိသူကို အပြစ်ကင်းပြီး အထက်တန်းရောက်အောင်  ပြုလုပ်ပေးနိုင်ပါတယ်" လို့ဆိုပါတယ် ။ ဒီတော့ စိတ်ကောင်းလျှင် လူကောင်းဖြစ်တယ် ။ စိတ်မကောင်းလျှင် လူမကောင်း လူဆိုးဖြစ်တယ်လို့ မှတ်ယူရပါမယ်။ ပြောလိုတာကတော့ လိမ္မာတာစိတ်ကြောင့်၊ ဆင်းရဲတာ စိတ်ကြောင့်၊ ချမ်းသာတာစိတ်ကြောင့် စသဖြင့် အကျယ်အားဖြင့်လည်း မိမိတို့ရဲ့စိတ်ထဲမှာ မှတ်ထား သင့်ပါတယ်။ 
                 ဒါကြောင့် ..ရှေး ပညာရှိ ဆရာတော်ကြီးတစ်ပါးက " စိတ်လိမ္မာမှ ၊ရုပ်သက်သာမည်၊၊ စိတ်မလိမ္မာ၊ ရုပ်နာလိမ့်မည်။ အယုတ်အမြတ် ၊စိတ်ဓါတ်ဆောင်သည် ။ စိတ်မကောင်း၊ ရုပ်ပေါင်းခွေးဖြစ်မည်။" 
                စိတ်က မလိမ္မာလျှင် စိတ်၏မှီရာဖြစ်သော ရုပ်ခန္ဓာကိုယ်ကြီးနာသွားလိမ့်မည်။ စိတ်က လိမ္မာပါမှ စိတ်၏မှီရာဖြစ်သောရုပ်ခန္ဓာကိုယ်ကြီးသက်သာလိမ့်မည်။ ဘာကြောင့်လဲဆိုတော့ ယုတ်တာစိတ်ကြောင့်၊ မြတ်တာစိတ်ကြောင့်၊ လိမ္မာတာစိတ်ကြောင့်၊ မိုက်တာစိတ်ကြောင့်ဖြစ်လို့ပါ။  ယုတ်ညံ့တဲ့စိတ်မဖြစ်အောင်၊ မြင့်မြတ်တဲ့စိတ်ဖြစ်လေအောင်၊ ယောနိသောမနသိကာရ လို့ခေါ်တဲ့ နှလုးံသွင်းမှန်ကန်ဖို့ အရေးကြီးပါတယ်။ နှလုးံသွင်းမှန်ကန်လျှင် စိတ်ဓါတ်တွေနဲ့  လုပ်ရပ်တွေလည်း မှန်ကန်လာပါလိမ့်မယ်လို့...ဓမ္မလရိပ်မှ   Dhamma Sharing  အဖြစ် ဓမ္မဒါန ပြုပါတယ်။
 အရှင် စန္ဒိမာ(ဓမ္မလရိပ်)

Tuesday, June 28, 2011

ကြိုးစားမှ တိုးပွါးမည်

သာသနာတော်မှာဘဲ ဖြစ်ဖြစ် လူ့ဘောင်လောကမှာဘဲဖြစ်ဖြစ် အပြစ်ကင်းစင်တဲ့သူတွေ အရည်အချင်းရှိတဲ့သူတွေအတွက်သာ နေရာကောင်းဆိုတာရှိတာပါ။    အပြစ်မကင်းဘဲ အရည်အချင်းမရှိဘဲ နေရာကောင်းကို မရရှိနိုင်ပါဘူး။။။

 အရှင် စန္ဒိမာ( ဓမ္မလရိပ်)

လူတိုင်းအတွက် မေတ္တာ

အေးမြတဲ့မေတ္တာဟာ လူသားတွေအတွက် အကောင်းဆုးံ မြေသြဇာပါ။ တစ်ခွန်းတည်းသော စကားပေမဲ့ အကြင်နာမေတ္တာတွေပါရင် ခန်းခြောက်နေသောဘ၀ကို ရှင်သန်စေနိုင်ပါတယ်။
အရှင် စန္ဒိမာ (ဓမ္မလရိပ်)