*****May you be happy, healthy, wealthy and peace of mind those who have been visiting to my blog.*****
.
*****သစ်ပင်အရိပ် ဆွေမျိုးရိပ်နှင့် မိရိပ်ဘရိပ် ဆရာရိပ်ထက် မင်းရိပ်သည်သာ ဆင့်ဆင့်သာ၏။ ထိုမှတစ်ဖြာ မြတ်စွာဟောကြား တရားဆာယာ အရိပ်မှာကား လွန်စွာအေးမြ ချမ်းသာရ၍ မှီကြခိုသူ များဗိုလ်လူတို့ အပူခပ်သိမ်း ပ,ပျောက်ငြိမ်း၏ ။*****

Tuesday, November 13, 2012

သဒ္ဓါပုံရိပ်လွှာကို ပညာဖြင့် ထိန်းချုပ်နိုင်ပါစေ

သဒ္ဓါဆိုတာ ဘုရား၊ တရား၊ သံဃာ ရတနာသုးံပါး ကံ ကံ၏ အကျိုးတရားကို ယုံကြည်ခြင်းကို သဒ္ဓါဟု ခေါ်ပါတယ်။ ဒီနေရာမှာ ယုံကြည်မူနှင့် စပ်လျဉ်း၍ ယုံသဒ္ဓါ+ ကြည်သဒ္ဓါ နှစ်ဖြာသဘောကို အနည်းငယ်တင်ပြချင်ပါတယ်။  ယုံကြည်မူဆိုတာ ယုံနှင့် ကြည်ကိုပေါင်းစပ်၍ ယုံကြည်ဟု မြန်မာမူဖြစ်လာတာပါ ။
ယုံသဒ္ဓါဆိုတာက - ရတနာမြတ်သုးံပါးတို့၏ ဂုဏ်တော် ကျေးဇူးတော်များကို လည်းကောင်း ၊ မိမိတို့ပြုလုပ်ထားတဲ့ ကံပိုင်းကိုလည်းကောင်း တွေးတောမူ ကင်းခြင်းဟာ ယုံသဒ္ဓါဖြစ်ပါတယ်။ ကည်သဒ္ဓါဆိုတာကတော့ -  ဗုဒ္ဓလမ်းညွန်ချက် ဓမ္မ၊ သံဃာတော်များလမ်းညွန်ချက်  ဓမ္မတို့ကို ကြားနာမှတ်သား၍ ထိုလမ်းညွန်ချက်အတိုင်း ကုသလ ကမ္မပထလုပ်ငန်းများ ပြုလုပ်သောအခါ စိတ်ကြည်လင်ခြင်းဟာ  ကြည်သဒ္ဓါဖြစ်ပါတယ်။  ယုံသဒ္ဓါဖြစ်ပေါ်ပါက ကြည်သဒ္ဓါဖြစ်ရန်မှာ မခဲယဉ်းတော့ပါဘူး။ 
          ဒါန သီလ ပြုလုပ်တဲ့အခါ ရှေးဦးစွာ ဒါန အကျိုး သီလအကျိုးကို ယုံရပါတယ်။ အကျိုးကို ယုံ၍ အကြောင်းကမ္မကို ပြုလုပ်တဲ့အခါ စိတ်ကြည်လင်လာပါတယ်။ ၀မ်းမြောက်မူ ပီတိ၊ သောမနဿတို့ ဖြစ်လာပါတယ်။ အဲဒီလို စိတ်ကြည်လင်လာခြင်းကို ကြည်သဒ္ဓါဟု ခေါ်ပြီး.. ယုံသဒ္ဓါနှင့် ကြည်သဒ္ဓါနှစ်ခုပေါင်း၍ မြန်မာမူဝေါဟာရမှာ ယုံကြည်ခြင်းကို သဒ္ဓါ ဟု ခေါ်ပါတယ်။
သဒ္ဓါတရား ဆိုတာ အမှန်ကို လက်ခံတယ်။ ယုံကြည်တယ်။ လိုက်နာတယ်။ ဒီ သဒ္ဓါတရားရဲ့ ဆန့်ကျင်ဘက် ဒိဌိဆိုတာကတော့ - အမှန်တရားကို လက်မခံ ၊ မယုံကြည် ၊ မလိုက်နာ .. ဆန့်ကျင်ဘက် အမြဲပြောတတ် လုပ်တတ်ပြီး.. ဒိဌိရဲ့ အပေါင်းပါ သူငယ်ချင်းကတော့ ကိုယ်တိုင်ဆုးံဖြတ်ချက် ဘာမှ မရှိ.. ကိုယ်ပိုင်ဦးဏှောက် အသိဥာဏ် ဘာဆို ဘာမှ မရှိ သို့လောသို့လော အတွေးများတဲ့ ၀ိစိကိစ္ဆာ ဖြစ်ပါတယ်။ ဒီ ၀ိစိကိစ္ဆာဟာ-  အမှန်တရား အပေါ် မယုံတစ်ချက် ယုံတစ်ချက် မပြတ်မသား လုပ်တတ်တဲ့ သဘော အမြဲရှိပါတယ်။
          အဲဒီအတွက်ကြောင့်လည်း ဒိဌိ နဲ့ ၀ိစိကိစ္ဆာ လို့ ခေါ်တဲ့ အဖျက်ရန်သူ နှစ်ဦးကိုတော့ အမြဲ သတိထားရပါမယ်။ ရန်သူယောင်ယောင် မိတ်ဆွေယောင်ယောင်ဖြင့် ပူးပြီးသတ်တတ်ပါတယ်။ မိတ်ဆွေယောင်ဆောင်သော ရန်သူကို စိစစ်ခွဲထုတ်ရာ၌ အကဲခတ်ရ ခက်သလို အခက်ခဲလည်း ရှိပါတယ်။ အထူးသဖြင့်တော့ အတွင်းရန်သူပါ။ အတွင်းရန်သူဆိုတာကတော့ .. အရမ်းကြောက်စရာအကောင်းဆုးံ  တဏှာ (လောဘ) ပါပဲ။
ရှေးပညာရှင်တို့ အဆိုစကား တစ်ခုမှာ-  “သဒ္ဓါလွန်တော့ တဏှာကျွန်”  ဆိုတာ ရှိပါတယ်။  သဒ္ဓါစစ် သဒ္ဓါမှန်ဟာ ဓမ္မဓိဌာန်ကျကျ ယုံကြည်တတ်ပါတယ်။  ခက်တာက သဒ္ဓါတု.. သဒ္ဓါတုဟာ  ပုဂ္ဂလဓိဌာန်ကို ဦးစားပေးယုံကြည်တယ်။ ဒီအယောင်ဆောင် တဏှာ(လောဘ) ကိုပင် သဒ္ဓါတု ဟု ခေါ်ပါတယ်။
ပုဂ္ဂလဓိဌာန်ကို ဦးစားပေးတော့  ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၏ လောင်းရိပ်အောက်သို့ ရောက်မှန်းမသိ ရောက်သွားသည့်အပြင်  ဒီပုဂ္ဂိုလ် နဲ့ ပါတ်သက်ပြီးလည်း မိမိမှာ သ၀န်တိုလာတတ်တယ်။ ကိုယ်တစ်ယောက်သာ ပိုင်ဆိုင်ချင်တယ်။ နောက်လူတွေနဲ့ပါတ်သက်ပြီး သံသယတွေ ၀င်လာတတ်ပါတယ်။ သ၀န်တိုမူတွေ ၊ သံသယတွေဟာ ဘယ်လိုမှ သဒ္ဓါစစ် မဟုတ်နိုင်ပါဘူး။ တကယ်တော့  သ၀န်တိုတာဟာ အရမ်းပူလောင်တတ်တဲ့ အချစ်ကြောင့်ပါပဲ။ သ၀န်တိုမူနဲ့ ပါတ်သက်တဲ့ တဏှာ(လောဘ) ကို  ဘယ်ပညာရှိ ဘယ်သူတော်ကောင်းမှ မနှစ်သက်ဘူး။ မချီးမွမ်းဘူး။ ဘာကြောင့်လဲဆိုတော့ ဒီ တဏှာ(လောဘ)နောက်မှာ ပူလောင်မူ..ပူဆွေးမူ မအိပ်နိုင် မစားနိုင် ရောဂါတွေရလာတတ်ပြီး မဖြစ်သင့်သော ပြဿနာ မျိုးစုံတက်လာတတ်လို့ပါပဲ ။ ဒီလို သဒ္ဓါတု ဖြစ်သွားရင် ဘာမှ ကုသိုလ်လည်း မရနိုင်တော့သည့်အပြင် အဂတိ လေးပါးသို့ ရောက်သွားနိုင်ပါတယ်။  အဂတိ လေးပါးဆိုတာကတော့ ..
(၁)ဆန္ဒာဂတိ = ချစ်ခြင်းကြောင့် မလိုက်သင့်သည်ကို လိုက်ခြင်း။
(၂)ဒေါသာဂတိ= မုန်းခြင်းကြောင့် မလိုက်ပါသင့်သည်ကို လိုက်ပါခြင်း။
(၃)မောဟာဂတိ =မသိခြင်းကြောင့် မလိုက်ပါသင့်သည်ကို လိုက်ပါခြင်း။
(၄)ဘယာဂတိ =ကြောက်ခြင်းကြောင့် မလိုက်ပါသင့်သည်ကို လိုက်ပါခြင်း တို့ဖြစ်ပါတယ်။ ဒါတွေဟာ ပုဂ္ဂလဓိဌာန် လောင်းရိပ်မိမူကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများ ဖြစ်ပါတယ်။ သဒ္ဓါတုဆိုတာ ကြောင်းကျိုးဆက်စပ်မူ အရမ်းအားနည်းတတ်ပါတယ်။  ပုဂ္ဂိုလ်ရေးရာ ရှေ့တန်းတင်မူကြောင့် “သဒ္ဓါလွန်တော့ တဏှာကျွန်”   အမှန်ပင်ဖြစ်ရတော့တယ်။  ပုဂ္ဂိုလ်ရေးရာ အားထားယုံကြည်မူ လုးံဝ မရှိရဟုတော့ .. မဆိုလိုပါဘူး။  “ ပုဂ္ဂိုလ်ခင်မှ- တရားမြင်” အဆိုအမိန့်ရှိသလို ပစ္စုပ္ပန် သံသရာ ကောင်းကျိုးအဖြာဖြာကို  လက်တွေ့ကျကျ ညွန်ကြားနိုင်သော အာမခံချက် ပေးနိုင်သော ပုဂ္ဂိုလ်ကောင်း ပုဂ္ဂိုလ်မြတ်ကိုတော့ “ ပုဂ္ဂလ၀ိသေသော ဇာနိတဗ္ဗော” အရ စိစစ်ရွေးချယ်သင့်ပါတယ်။
ကြည်လင်သော တွီဗွီ ဖန်သားပြင်ပေါ်သို့ ဂြိုဟ်တု စလောင်း မျိုးစုံဖြင့် ပုံရိပ်များကို  ပို့လွတ်ပြီး အဲဒီ  ပုံရိပ်များကို ကျော်လိုကကျော်၊ ရပ်လိုက ရပ်  ဖျက်လိုက ဖျက်နိုင်သော စွမ်းအားသည် ကွန်ထရောလ် ပင် ဖြစ်ပါတယ်။  ဒီ ကွန်ထရောလ်ဟာ . တီဗွီ ၊ စီဒီ စသော စက်အမျိုးမျိုးတို့ရဲ့ အထိန်းပင် ဖြစ်ပါတယ်။
 ဒီ “သဒ္ဓါလွန်တော့ တဏှာကျွန်”နေရာ၌လည်း  ယုံကြည်မူ သဒ္ဓါကို ထိန်းချုပ်ရန် ကွန်ထရောလ် အမှန်ပင်လိုအပ်ပါတယ်။  ၄င်း ကွန်ထရောလ်မှာ  ပညာ ဖြစ်ပါတယ်။  ပညာဆိုတာ …ဟုတ်မဟုတ်၊ သင့်မသင့် ၊ဒီစကားဟာ  မှန်မမှန်ခွဲခြမ်းစိတ်ဖြာတွေးခေါ်မြော်မြင် ကြောင်းကျိုး အစဉ်ကို သိတတ်တယ် ပြီးတော့ ယုံသင့် မယုံသင့်ကိုလည်း ကြောင်းကျိုးဆက်စပ်ပိုင်းခြားဝေဖန်စိစစ် ဆင်ခြင်တတ်တယ်။ ဖန်သားပြင်ပေါ်၌ ပေါ်လာသော ပုံရိပ်လွှာများကို စိစစ်ကြည့်ရူနိုင်ရန် စွမ်းအားဖြည့်  ကွန်ထရောလ် လိုအပ်သကဲ့သို့ ကြည်လင်သော သဒ္ဓါဖန်သားပြင်၌ ပေါ်လာသော ပုဂ္ဂလဓိဌာန် ပုဂ္ဂိုလ်ရေးရာ ပုံရိပ်လွှာများကို စိစစ်ရွေးချယ်နိုင်ရန်  စွမ်းအားဖြည့် ပညာကွန်ထရောလ် အမှန်ပင်လိုအပ်ပါတယ်။  ပညာ ကွန်ထရောလ် အားနည်းမူကြောင့်  သဒ္ဓါတရားနှင့် ပါတ်သက်၍ မှားတတ်ကြတာတွေ အများကြီးပါ ။ အထူးသဖြင့် မြန်မာနိုင်ငံရှိ  ဗုဒ္ဓဘာသာဝင် အများစုတို့ဟာ ယုံကြည်မူ သဒ္ဓါတရား အလွန် အားကောင်းကြပါသောကြောင့်  သဒ္ဓါအရာ စံပြုထိုက်သော အရာများပင် ဖြစ်ကြပါတယ်။ သဒ္ဓါပန်းတို့ လန်းရာမြေလို့လည်း ဆိုထိုက်ပါတယ်။   အမှန်အားဖြင့်လည်း သဒ္ဓါပန်းတို့ အစွမ်းကုန် ပွင့်လန်းနိုင်အောင် အထောက်အကူပြုသင့်ပါတယ်။ ဒီ သဒ္ဓါလက်ဖြင့် လောကီ လောကုတ္တရာ ကောင်းကျိုး အဖြာဖြာကိုလည်း ဆွတ်ခူးနိုင်ပါတယ်။ သို့သော် .. တချို့မှာ  သဒ္ဓါအားကောင်းသောလည်း  တွေးခေါ်မြော်မြင် စိစစ်ဝေဖန်တတ်သော ပညာပိုင်း အလွန်ပင် အားနည်းကြပါတယ်။
 (၁) အတက္ကာဝစရ- ကြံစည် စိတ်ကူးနေရုံမျှဖြင့် ရနိုင်သော တရား မဟုတ်ခြင်း။
(၂) အပရပ္ပစ္စယ- လူပြောသူပြောဖြင့် ရောယောင်ယုံကြည်ရသော တရား မဟုတ်ခြင်း။
(၃) သန္ဒိဌိက- ကိုယ်တိုင်ကိုယ်က (လက်တွေ့ကျကျ) လေ့လာ စမ်းသပ် ကျင့်ကြံအားထုတ်မှရသော တရားဖြစ်ခြင်းကို နားလည်ထားသင့်ပါတယ်။
ယုံကြည်မူ သဒ္ဓါကောင်း၍ ဓမ္မဓိဌာန်ကျကျ စူးစမ်းဆင်ခြင် ဝေဖန်တတ်သော အသိဥာဏ်ပညာ နည်းပါးသူဟာ ( အသိဥာဏ် မရှိသူဟာ)  အချည်းနှီး အလွဲလွဲ အမှားမှား ယုံကြည်တတ်ပါတယ်။  "ဗလ၀ သဒ္ဓေါ ဟိ မန္ဒပညော မုဒ္ဓပသန္နော ဟောတိ အ၀တ္ထုသ္မိံပသီဒတိ"  ယုံကြည်မူ သဒ္ဓါတရား အားကြီးပြီး ပညာနည်းတဲ့သူဟာ မိုက်မိုက်ကန်းကန်း မဆင်မခြင် မကြည်ညိုသင့်သည်ကို ကြည်ညိုတယ်။  မဆည်းကပ်သင့်တာကို ဆည်းကပ်တယ်။  တရားမှန်လမ်းမှန် ညွန်ပြတဲ့ သူကို မုန်းတတ်တယ်။ ကြည်ညိုဖွယ် မဟုတ်သော အရာဝတ္ထုပုဂ္ဂိုလ်တို့၌ ကြည်ညိုတယ်။ အကောင်းပြောတာတွေကို အဆိုးအဖြစ် နားထဲမှာကြားတတ်ပြီး အမှန်တရားကို  နားထဲ ကန့်လန့် ကြားတတ် ကြပါတယ်။ မယုံကြည်သင့်သော အရာ၌ ကြည်ညိုယုံကြည် တတ်ကြပါတယ်။  မသွားသင့်တဲ့ နေရာတွေကို သွားတတ်ကြပါတယ်။ အကျိုးအကြောင်း ဘာမှမသိဘဲ မလှူသင့်တဲ့နေရာတွေမှာ သွားလှူတယ်။ 
 သဒ္ဓါတရားဟာ အမတန်မှ အလွန် အရေးကြီးပါတယ်။ သို့သော် ပညာနဲ့တော့ညီမျှရမယ်။ " သဒ္ဓါလွန်တော့ ဆွံ" လို့ စာကားပုံရှိသလို သဒ္ဓါများပြီး ပညာမပါရင် ၊ ပညာနဲ့ မလှူတတ်ရင် ၊ အသိဥာဏ်ပညာနဲ့ မထိန်းချုပ်နိုင်ရင် အ, သွားတတ်တယ်။ အလိမ်ခံရတတ်တယ်။  ဒါကြောင့် သဒ္ဓါနဲ့ ပညာဟာ ညှိပေးရပါမယ်။
  ဒါန-ဘယ်လောက်ပဲလှူလှူ၊ သီလ- ဘယ်လောက်ပဲဆောက်တည်ဆောက်တည် ဥာဏ်ပညာပါလျှင် ကုသိုလ်တော့ရပါရဲ့ နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့တော့ မဖြစ်နိုင်ပါဘူး။  ထို့ကြောင့်လည်း “သဒ္ဓါလွန်တော့ တဏှာကျွန်”   မဖြစ်ရလေအောင် (မိမိရဲ့ သဒ္ဓါတု တွေကို နောင်တမရ ရလေအောင်-) စစ်မှန်သော သဒ္ဓါပုံရိပ်လွှာများကို အသိဥာဏ်ပါသော ပညာဖြင့် ထိန်းချုပ်နိုင်ကြပါစေလို့ …………။ ။ ။ 
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ၊
အလှူ မှန်သမျှတွင်  တရားအလှူသည် အမြတ်ဆုးံ ၊
Dhamma- gift excels all other gifts.

                         အရှင် စန္ဒိမာ(ဓမ္မလရိပ်) 

No comments:

Post a Comment