*****May you be happy, healthy, wealthy and peace of mind those who have been visiting to my blog.*****
.
*****သစ်ပင်အရိပ် ဆွေမျိုးရိပ်နှင့် မိရိပ်ဘရိပ် ဆရာရိပ်ထက် မင်းရိပ်သည်သာ ဆင့်ဆင့်သာ၏။ ထိုမှတစ်ဖြာ မြတ်စွာဟောကြား တရားဆာယာ အရိပ်မှာကား လွန်စွာအေးမြ ချမ်းသာရ၍ မှီကြခိုသူ များဗိုလ်လူတို့ အပူခပ်သိမ်း ပ,ပျောက်ငြိမ်း၏ ။*****

Sunday, September 9, 2012

အလှူဒါန ပြုကြသောခါ

                               
   အလှူဒါနပြုခြင်းသည် " လွယ်မယောင်နှင့်ခက်  တိမ်မယောင်နှင့်နက်" ဆိုသလို  ကြည့်တော့ လွယ်မယောင်ယောင်နှင့် လက်တွေ့ကျတော့ အမှန်ပင်ခက်ခဲ့ပါတယ်။ မိမိပိုင် ပစ္စည်းကို သူတစ်ပါးအား ပေးရသော အလုပ်ဖြစ်၍ စစ်မှန်သော သဒ္ဓါတရားမပါဘဲ မရှိဘဲ အလှူပြုဖို့ရန် မလွယ်ကူလှပေ ။ ထို့ကြောင့် စာပေများ၌ အလှူဒါနကို စစ်ပွဲနှင့် နိုင်းယှဉ်၍ပြထားသည်ကို ဖတ်ရူလေ့လာ ရပါတယ်။ လောက၌ စစ်ပွဲတစ်ပွဲတိုက်ခိုက်ရန်သွားရမည်ဆိုပါက မည်သူမဆို အနည်း အများတော့  ကြောက်ရွံ့တတ် ကြပါတယ်။ စစ်ပွဲဆိုသည်မှာ အလှကြည့်နေခြင်းမဟုတ် ၊ ရန်သူနှင့် သူသေ ကိုယ်သေ ဆင်နွဲ့ရသည့် ပွဲမျိုးဖြစ်ပါတယ်။ အဆင်မတတ်လျှင် မိမိပါ ရန်သူလက်နက်ကြောင့် စစ်ပွဲ၌ကျရှူးံသွားနိုင်ပါတယ်။  ထို့ကြောင့်လည်း  စစ်ပွဲသို့ စစ်တိုက်သွားခါနီး ပုဂ္ဂိုလ်များမှာ စိတ်ဓါတ်ကို တည်ကြည်အောင်ပြုပြင်ကြရပါတယ်။ ရဲရင့်အောင်လည်း ကြိုးစားထားရသလို တက်ကြွအောင်လည်း ကြိုးစားထားရပါတယ်။         စစ်ပွဲသို့ စစ်တိုက်ရန်သွားသော ပုဂ္ဂိုလ်များအနေဖြင့် အနှောက်အယှက် များကို  ကျော်ဖြတ်၍ အတားအဆီးများကို ဖြတ်သန်းကာ စစ်ပွဲတွင်အောင်ပွဲများကို အမိအရယူလာဖို့ ဆိုသည်မှာ စစ်ရေးစစ်ရာ၌ ကျွမ်းကျင်ဖို့၊ သတိဝီရိယရှိဖို့ ၊ နယ်မြေဒေသတွေလည်း  အထိုက်အလျောက် ကျွမ်းကျင်ဖို့ လိုအပ်ပါတယ်။ သို့မှသာအောင်ပွဲနှင့် ပြန်လာနိုင်မှာဖြစ်ပါတယ်။ စစ်ရေးစစ်ရာလည်း မကျွမ်းကျင် ၊သတိဝီရိယလည်းမရှိ ၊နယ်မြေဒေသလည်း မကျွမ်းကျင်ဆိုပါက ထိုစစ်ပွဲအတွက် များစွာအန္တရယ်ရှိနိုင်ပါတယ်။ အောင်ပွဲများနှင့် ပြန်လာနိုင်ဖို့ ရန်လည်း ဖြစ်နိုင်မည် မဟုတ်ပါ ။ 
    စစ်ပွဲတစ်ပွဲကို နိုင်အောင်တိုက်ရမည်မှာ မလွယ်ကူလှသလို အလှူဒါနပြုသူတို့မှာလည်း အလှူဒါနတစ်ခု ပြီးမြောက်အောင်မြင်ဖို့ဆိုသည်မှာလည်း အမှန်ပင် မလွယ်ကူလှပါ။ ခက်ခဲလှပါတယ်။ လွယ်လွယ်နှင့်ကား မဖြစ်နိုင်ပါ ။
      "သတ္တ၀ါတို့၏ ပင်ကိုယ်စိတ်သည် မိမိပိုင်ပစ္စည်း ဥစ္စာများကို သူတစ်ပါးတို့အား ပေးဖို့ ၀န်လေးတတ်၊ နှမြောတွန့်တိုတတ်သည့် သဘောရှိကြပါတယ်။ ထိုနှမြောတွန်တိုမူ မစ္ဆရိယကို မတွန်းလှန်နိုင်သမျှ ၊ မတိုက်ထုတ်နိုင်သမျှ ဒါန တစ်ခုပြီးစီးအောင်မြင်ဖို့ ဆိုသည်မှာ ဘယ်လိုမှ မဖြစ်နိုင်ပါ ။   အလှူဒါနတစ်ခု ပြီးစီးအောင်မြင်အထမြောက်ရန်မှာ မစ္ဆရိယ ရန်သူကို ဦးစွာတိုက်ထုတ်ပစ်ရမည်ဖြစ်ပါတယ်။ မစ္ဆရိယရန်သူကို  အနိုင်ယူပြီးမှသာလျှင် အလှူဒါန တစ်ခု အထမြောက် အောင်မြင်နိုင်ပါမည်"။
 မစ္ဆရိယ ရန်သူကို တိုက်ရသည်မှာလည်း လွယ်ကူသော အလုပ်ကား မဟုတ်ပါ ။  အလှူတစ်ခုပြုတော့မည်ဟု စိတ်က တစ်ကြိမ် ဖြစ်ပေါ်လျှင် မစ္ဆရိယ ရန်သူက အကြိမ်တစ်ထောင် ဖျက်စီးပစ်တတ်ပါတယ်။  မအောင်မြင်ခင်ပင် မစ္ဆရိယ ရန်သူတိုက်ခိုက်၍ ဒါန စစ်ပွဲ၌  ကျရှူးခဲ့ရတတ်ပါတယ်။  မစ္ဆရိယ ရန်သူကို တိုက်ခိုက်ဖျက်စီးနိုင်ဖို့ ဝေးစွ ၀န်တိုမူ မစ္ဆရိယ အောက်၌ပင် ပြားပြားမှောက်လျှက် မရူမလှ ခံစားကြရ ၊ ကျရှူးံကြရပါတယ်။ ထိုပုဂ္ဂိုလ်များမှာ အလှူဒါန တစ်ခုပြုနိုင်ဖို့ရန်မှာ ပြောသလောက် မလွယ်ကူနိုင်ပေ။ 
 "မရှိလို့ မလှူ၊ မလှူလို့ မရှိ "ဖြစ်ရကာ သံသရာထဲဝယ် ဒါန ရိက္ခာထုတ်မပါသဖြင့် သံသရာခရီး  ကြမ်းကို ခက်ခက်ခဲခဲ လျောက်လှမ်းကြရတတ်ပါတယ်။ "ထီးနှင့် ဖိနပ်မပါ ၊နွေခါမှသိ၊ ဒါန နှင့် သီလမပါရင် သေခါမှသိ" ဆိုသလို အဖြစ်ဆိုးနှင့်လည်း ကြုံရတတ်ပါတယ်။ ဖြစ်လေရာဘ၀များစွာ၌လည်း ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်းဖြင့် ဘ၀ကို မရှုမလှ ဖြတ်သန်းကြရတတ်ပါတယ်။ ဒါနရိက္ခာထုတ်ပါသူများမှာတော့ သံသရာ ဘ၀ခရီး၌ မျက်နှာလည်းပွင့်၍ မျက်နှာပန်းလည်းလှကာ ခရီးမကြမ်းပဲ ချောမွေ့ရတတ်သည်ကများပါတယ်။ 
         "ဒါနကောင်းမူဟူသည်.. မျက်မှောက်ဘ၀ချမ်းသာ၊ တမလွန်ဘ၀ချမ်းသာ နိဗ္ဗာန်ချမ်းသာတို့၏ အကြောင်းလည်းဖြစ်ပါတယ်။ လောကကီဘက်၌ သိကြားမင်းစည်းစိမ်၊ မာရ်နတ်မင်းစည်းစိမ်၊   ဗြဟ္မာမင်း စည်းစိမ် ၊ စကြာမင်းစည်းစိမ်တို့ကို ပေးစွမ်းနိုင်၏ လောကကုတ္တရာဘက်၌ သာဝကဗောဓိဉာဏ်၊ ပစ္စေကဗောဓိဉာဏ်၊ သမ္မာသမ္ဗောဓိဉာဏ်တို့ကို ပေးစွမ်းနိုင်၏" ဟု  မဟာဗုဒ္ဓ၀င် ဒုတိယတွဲ စာမျက်နှာ (၅၀၆)  မှာတွေ့ရပါတယ်။  
                    အလှူဒါနတစ်ခုပြုဖို့ရန် မိမိ၏ရင်ထဲ နှလုးံသားထဲမှာ ဘုရား တရား သံဃာ ရတာနာမြတ် သုးံပါးအပေါ်၌ ဦးစွာကြည်ညိုလိုစိတ် ဖြစ်စေရန်လိုအပ်ပါတယ်။ ထိုမှတစ်ဆင့် ကြည်ညိုစိတ်ကိုပွးများယူကာ ၀န်တိုမူ မစ္ဆရိယကို ကျော်လွှားနိုင်အောင် ဉာဏ်ယှဉ်ဖို့လည်း လိုအပ်ပါတယ်။ ဉာဏ်ယှဉ်ဖို့ ဆိုသည်မှာလည်း လွယ်လွယ်နှင့်ကား မဖြစ်နိုင်ပါ .။ ကြိုးစားယူရပါမည်။
              " ငါသည် ယခုအခါမြတ်စွာဘုရားရှင်၏ သာသနာတော်နှင့် ကံကောင်းသဖြင့်တွေ့ကြုံရတယ်၊ အတိတ်၏ ကုသိုလ်ပါရမီကြောင့် လူ့ဘ၀ကိုလည်းရနေတယ်။ ဘုရားတရားသံဃာ ရတာနာမြတ်သုးံပါးကို ကြည်ညိုတတ်သည့် ဗုဒ္ဓဘာသာဝင်စစ်စစ်လည်း ဖြစ်နေတယ်။   တွေ့ခဲ့လှသည့် မြတ်စွာဘုရားရှင် သာသနာတော်နှင့်လည်း အလိုက်သင့် ကြုံတွေနေရဆဲဖြစ်ပါတယ်။ မြတ်စွာဘုရား၇ှုင်၏ သာသာနာတော် ဟူသည် ဘုန်းကံကြီးမားသော ပုဂ္ဂိုလ်များသာ တွေ့ကြုံရတတ်ပါတယ်။ ထိုသာသနာတော်ကိုလည်း ယခု ငါတို့ တွေ့ကြုံနေကြပြီ ။ ဒီလိုတွေ့ကြုံနေခိုက် သာသနာတော်နှင့်စပ်သည့် ဘုရားတည် ကျောင်းဆောက်စသော သာသနာပြုကုသိုလိထူးများကိုလည်း ငါတို့ပြုလုပ်သင့်တယ်။ ကြိုးစား အားထုတ် သင့်တယ်။ သာသနာတော်၌ ချီးမြောက်ခွင့် ကို ငါတို့ အလဟဿဖြုန်းတီးပစ်၍ မသင့်တော်။ ဘ၀သံသရာခရီးမှာ မလှူလို့ မရှိ၊  မရှိလို့ မလှူ မဖြစ်ရလေအောင် ငါတို့ဆောင်ရွက်သင့်တယ်။  ကြိုးလည်း ကြိုးစားသင့်တယ်"ဟု အထပ်ထပ် အခါခါ ဆင်ခြင်သုးံသပ်၍ ဉာဏ်ယှဉ်လာအောင်လည်း ကြိုးစားဆောင်ရွက် ရမှာဖြစ်ပါတယ်"။
             သာသနာတော်နှင့်တွေ့ကြုံပြီး သာသနာတွင်းအလှူများဖြစ်သည့် ရဟန်းသံဃာတော်များအတွက် ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး လေးပါးသော ပစ္စည်းများကိုလည်း လှူဒါန်းနိုင်ကြပါတယ်။ ထို့ပြင်..၀ါဆိုချိန်ဝါဆိုသင်္ကန်းအလှူ၊ ကထိန်ကာလ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကိုလည်း မိမိတို့စိတ်တိုင်းကျ ကာလဒါန အလှူအဖြစ်  လှူဒါန်းခွင့်ရနေကြပါတယ်။
 ရဟန်းခံ ၊ သိက္ခာထပ်၊ ရှုင်ပြု စသော သာသနာ့အမွေခံ ကုသိုလ်မျိုးကိုလည်း ပြုလုပ်နိုင်ကြပါတယ်။ မိမိတို့ကိုယ်တိုင်လည်း သာသနာတော်ထဲဝင်ရောက်၍ ရှင်ရဟန်းဘ၀ဖြင့် သာသနာ့တာဝန်များကို ကြိုးစားအားထုတ်နိုင်ကြပါတယ်။
 အဲဒီအတွက်ကြောင့်  ဗုဒ္ဓဘာသာဝင်များသည်  မိမိတို့၏စိတ်ကို ပြုပြင်၍ သဒ္ဓါတရား တိုးပွါးလာအောင်ပြုကာ မစ္ဆရိယရန်သူကို အလေးထိုး အနိုင်ယူလျှက် သာသနာပြုကုသိုလ်ကောင်းမူများကို ကြိုးစားအားထုတ် နိုင်ကြပါစေဟု....................
                
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ၊
အလှူ မှန်သမျှတွင်  တရားအလှူသည် အမြတ်ဆုးံ ၊
Dhamma- gift excels all other gifts.

                                                          အရှင် စန္ဒိမာ(ဓမ္မလရိပ်) 


No comments:

Post a Comment