ဥပ = သူ့အသက် မသတ်ခြင်းစသော အကျင့်ကောင်းနှင့် ပြည့်စုံ၍
ဝသထ = နေခြင်း.
သူ့အသက် မသတ်ခြင်းစသော အကျင့်ကောင်းများနှင့် ပြည့်စုံစေရန် စောင့်ထိန်းနေထိုင်ရခြင်းဟာ ''ဥပုသ်သီလ'' မည်ပါတယ်။
''သူတစ်ပါးအသက်ကို သတ်ခြင်းမှ ရှောင်ကြည်ပါ၏'' စသော ရှစ်ပါးသီလကို ခံယူဆောက်တည်၍ ဘုရားဂုဏ်တော်ကိုဖြစ်စေ၊ တရားဂုဏ်တော်ကိုဖြစ်စေ၊ သံဃာဂုဏ်တော်ကိုဖြစ်စေ၊ မိမိ၏ ဥပုသ်သီလ စင်ကြယ်ပုံကိုဖြစ်စေ၊ တစ်ခုခုကို အာရုံပြု ပွားများ၍ စိတ်စင်ကြယ်အောင်စောင့်ထိန်း နေထိုင်ခြင်းကို ''ဥပုသ်စောင့်'' သည်ဟု ခေါ်ပါတယ်။
ဥပုသ်သီလ စောင့်တဲ့သူဟာ ဥပုသ်စောင့်မည့်နေ့တွင် အရုဏ်တက် ချိန်ကပင် ကိုယ်လက်များကို စင်ကြယ်အောင်ပြု၍ စိတ်ကြည်လင်သန့်ရှင်းသော အဝတ်များကို ဝတ်ဆင်သင့်ပါတယ်။
ပန်းပန်ခြင်း၊ နံ့သာလိမ်းခြင်းနှင့် အထူးတလည် ပြင်ဆင်ခြင်းများကို ကြိုတင်၍လည်း မပြုလုပ်သင့်သလို၊ ဥပုသ်သီလနှင့်ဆန့်ကျင်သော ဖြီးလိမ်းခြယ်သမှု မှန်သမျှကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ စောနိုင် သမျှစောစွာလည်း သီလဆောက်တည်သင့်ပါတယ်။
သင့်လျော်သော စိတ်ငြိမ်ရာ အရပ်၌ ဂုဏ်တော် တစ်ပါးပါးကိုဖြစ်စေ၊ ဘာဝနာတစ်ခုခုကိုဖြစ်စေ ဆင်ခြင်ပွားများမူလည်းပြုသင့်ပါတယ်။ ကြာရှည်စွာတရားကို ဆင်ခြင်မနေနိုင်လျှင် တရားစာများကို ကြည့်ရှုရွတ်ဖတ်ပူဇော်သင့်ပါတယ်။ တရားဟောမည့်သူရှိလျှင်လည်း တရားတော်များကို နာသင့်ပါတယ်။ အချင်းချင်းလည်း တရားစကား ဆွေးနွေး ပြောဆိုနေသင့်ပါတယ်။ ညဥ့်အချိန် ရောက်တဲ့အခါ မိမိသီလ၊ သမာဓိ၊ ပညာတို့ဖြင့် အချိန်ကုန်လွန်ခဲ့ရပုံကို အောက်မေ့ကာဝမ်းသာ ကြည်နူးနေသင့်ပါတယ်။
စာပေထဲမှာ ဥပုသ်အမျိုးအစားကို-
(က) ဂေါပါလက ဥပုသ်၊
(ခ) နိဂဏ္ဌ ဥပုသ်၊
(ဂ) အရိယာ ဥပုသ် ဟူ၍သုးံမျိုးရှိကြောင်းကို ဖတ်ရူရပါတယ်။
(က) အစားအသောက်များကို မက်မောသောစိတ်ဖြင့် ရှစ်ပါးသီလ စောင့်ထိန်းပါက ဂေါပါလက -နွားကျောင်းသား ဥပုသ်လို့ခေါ်ပါတယ်။ (ဂေါပါလက = နွားကျောင်းသား)။
(ခ) အပြောတစ်မျိုး၊ အလုပ်တစ်မျိုး မမှန်မကန် ဟောကြားသော နိဂဏ္ဌတို့စကားကို လိုက်နာ၍ ရှစ်ပါးသီလစောင့်ထိန်းပါက နိဂဏ္ဌ- တက္ကတွန်းဥပုသ်လို့ခေါ်ပါတယ်။ (နိဂဏ္ဌ = တက္ကတွန်း။)
(ဂ) အရိယာ ဥပုသ်ဆိုတာကတော့ - - ဗြဟ္မ ဥပုသ်၊ - ဓမ္မ ဥပုသ်၊ - သံဃ ဥပုသ်၊ - သီလ ဥပုသ်၊ - ဒေ၀တာ ဥပုသ်၊ ဟူ၍ ငါးမျိုးရှိပါတယ်။
ဗြဟ္မ ဥပုသ်
ဦးခေါင်းကို တန်ဆာဆင်လိုသူသည် ခေါင်းကို စင်ကြယ်စွာ ဆေးလျော်ပြီး တန်ဆာဆင်မှ တင့်တယ်လှပသကဲ့သို့ ထို့အတူ သီလတန်ဆာ ဆင်မြန်းလိုသူသည် ရှေးဦးစွာ ဗုဒ္ဓဂုဏ်တော်များကို ပွားများဆင်ခြင်ကာ စိတ်ကို စင်ကြယ်အောင် ပြုလုပ်ပြီးမှ စောင့်ထိန်းသည့် သီလသည်သာ အကျိုးများပေးသည်။ ဤဥပုသ်ကို ဗြဟ္မဥပုသ် ဟုခေါ်ပါတယ်။
ဓမ္မ ဥပုသ်
ဝတ်ကောင်း ၀တ်သစ်များကို ဆင်မြန်းလိုသူသည် ရှေးဦးစွာ ညစ်ပတ်နေသည့် ခန္ဓာကိုယ်ကို စင်ကြယ်အောင် ရေချိုးပြီးမှ ၀တ်ကောင်း ၀တ်သစ်များကို ဆင်မြန်းမှ တင့်တယ်သကဲ့သို့ သီလတန်ဆာအ၀တ်များကို ဆင်မြန်းလိုသူသည် ရှေးဦးစွာ တရားဂုဏ်တော်များကို ပွားများဆင်ခြင်ကာ စိတ်ကို စင်ကြယ်အောင် ပြုလုပ်ပြီးမှ စောင့်ထိန်းသည့် သီလသည်သာ အကျိုးများပေသည်။ ဤဥပုသ်ကို ဓမ္မဥပုသ် ဟုခေါ်ပါတယ်။
သံဃ ဥပုသ်
ဖြူစင်သောအ၀တ်များကို ၀တ်ဆင်လိုသူသည် ရှေးဦးစွာ ညစ်နွမ်းနေသော အ၀တ်များကို ဖြူစင်အောင်လျှော်ဖွတ်ပြီး ၀တ်ဆင်မှ တင့်တယ်သကဲ့သို့ ထို့အတူ သီလတည်းဟူသော အ၀တ်ကို ၀တ်ဆင်လိုသူသည် ရှေးဦးစွာ သံဃာ့ဂုဏ်တော်များကို ပွားများဆင်ခြင်ကာ စိတ်ကို စင်ကြယ်အောင် ပြုလုပ်ပြီးမှ စောင့်ထိန်းသည့် သီလသည်သာ အကျိုးများပေသည်။ ဤဥပုသ်ကို သံဃဥပုသ် ဟုခေါ်ပါတယ်။
သီလ ဥပုသ်
ကိုယ်လုံးပေါ်မှန်ကို ထင်ထင်ရှားရှားမြင်အောင် ကြည့်ရူလိုသူသည် မှန်သားပြင်မှ မြူမူန်ချေးများကို စင်ကြယ်အောင် ပွတ်တိုက်ပြီး ကြည့်ရူမှ ထင်ထင်ရှားရှား မြင်နိုင်သကဲ့သို့ ထို့အတူ သီလတည်းဟူသော မှန်ကိုကြည့်ရူလိုသူသည် ရှေးဦးစွာ မိမိအမြဲစောင့်ထိန်းထားသည့် သီလဂုဏ်များကို ပွားများ ဆင်ခြင်ကာ စိတ်ကို စင်ကြယ်အောင်ပြုလုပ်ပြီးမှ စောင့်ထိန်းသည့် သီလသည်သာ အကျိုးများပေသည်။ ဤဥပုသ်ကို သီလဥပုသ် ဟုခေါ်ပါတယ်။
ဒေ၀တာ ဥပုသ်
အရောင်တောက်ပသည့် စိန် ရွှေ ရတနာ လက်ဝတ်တန်ဆာများ ဆင်မြန်းလိုသူသည် ရှေးဦးစွာ လက်ဝတ်ရတနာများကို ချေးများစင်ကြယ်အောင် အရောင်တင်ပြီးမှ ၀တ်ဆင်သကဲ့သို့ ထို့အတူ သီလတည်းဟူသော လက်ဝတ်ရတနာများကို ဆင်မြန်းလိုသူသည် ရှေးဦးစွာ သဒ္ဒါ သီလစသော တရာများကို စောင့်ထိန်းခဲ့ကြသည့်အတွက် နတ်ပြည်ရောက်ကြရသည့် နတ်များကို စံထားကာ “ငါ့မှာလဲ ထိုနတ်များကဲ့သို့ သဒ္ဒါစသော တရားများရှိ၏” ဟု ဆင်ခြင်ကာ စိတ်ကို စင်ကြယ်အောင် ပြုလုပ်ပြီးမှ စောင့်ထိန်းသည့် သီလသည်သာ အကျိုးများပေသည်။ ဤဥပုသ်ကို ဒေ၀တာဥပုသ် ဟုခေါ်ပါတယ်။
တစ်နည်းအားဖြင့် ဥပုသ်ဆိုတာ ကာလ ပိုင်းဖြတ်၍စောင့်သော ဥပုသ်၊ အသက်ထက်ဆုံး စောင့်သော ဥပုသ်ဟူ၍လည်း နှစ်မျိုးရှိပါတယ်။ ထိုတွင်ကာလ ပိုင်းဖြတ်၍ စောင့်သော ဥပုသ်ဟာရက်ရှည်ဖြစ်စေ၊ တစ်နေ့ တစ်ညဥ့်ဖြစ်စေ၊ နေ့ဝက်ဖြစ်စေ၊ တရားနာယူခိုက် တစ်ခဏ မျှဖြစ်စေ စောင့်သော ဥပုသ်မျိုး ဖြစ်ပါတယ်။ မိမိတို့ တတ်နိုင် သလောက် အချိန်ကာလ ပိုင်းဖြတ်၍လည်း စောင့်ထိန်း နိုင်ပါတတယ်။
ဥပုသ် စောင့်ရာ၌ ရှစ်ပါး သီလကို လုံခြုံအောင်စောင့်ထိန်းပြီး မိမိစိတ်ကိုစင်ကြယ် သန့်ရှင်းအောင် အားထုတ်နိုင်မှသာ အကျိုးများပါတယ်။။ ထို့အတူ သီလ တန်ဆာဖြင့် ဆင်ထားတဲ့သူဟာ မိမိ၏ စိတ်ကို လောဘ၊ ဒေါသ၊ မာန်မာန၊ ဣဿာ မစ္ဆရိယစသော ကိလေသာအညစ်အကြေးတို့မှ စင်ကြယ်အောင် စောင့်ထိန်းနိုင်မှသာ ရသင့်သမျှအကျိုးကို အပြည့်အစုံရနိုင်ပါတယ်။ ဤသို့ကျနစွာ စောင့်ထိန်းအပ်သော ဥပုသ်၏အကျိုးဟာ ဇမ္ဗူဒိပ် တစ်ကျွန်းလုံး အုပ်စိုးရသော မင်းမိဖုရားအဖြစ်မျိုး ထက်ပင် ကြီးကျယ်ခမ်းနားသော အကျိုးကိုလည်းရတယ်လို့ ဘုရားရှင် ဟောကြားတော်မူခဲ့ပါတယ်။
ဂင်္ဂါမာလ ဝတ္ထုတော်မှာ… ရှေးလွန်လေပြီးသောအခါ ဗာရာဏသီ ပြည်၌ ဗြဟ္မဒတ်မင်း မင်းပြုစဉ် ထိုအခါ ကုဋေရှစ်ဆယ်ကြွယ်ဝသော သုစိပရိဝါရ အမည်ရှိသော သူဌေးနှင့် သူဌေးကတော် တို့ဟာ တစ်လမှာ ခြောက်ရက် ဥပုသ်သီတင်း ဆောက်တည်ကြပါတယ်။ အိမ်ရှိ အလုပ်သမား တို့သည်လည်းပဲ သူတို့နှင့် အတူတူပင် ဥပုသ်သီလစောင့်ကြရပါတယ်။ ထိုအခါ ဘုရားလောင်းသည် သူဆင်းရဲမျိုး၌ဖြစ်၍ သူဌေးထံ၌ ခစား၍ အသက်မွေးရပါတယ်။။ ဥပုသ်နေ့ တစ်နေ့၌ အခြားသူများ ဥပုသ်စောင့် သည်ကို နေ့ဝက်ကုန်မှ ဘုရားလောင်း သိရပါတယ်။ သို့ဖြစ်၍ သူဌေးထံ ခွင့်ပန်ပြီးကျန်သော နေ့ဝက်အတွက်ပါ ဥပုသ်ဆောက်တည်လိုက်ပါသေးတယ်။ နံနက်အချိန်က မည်သည့် အစာမျှ မစားရသေးမီ ဥပုသ်စောင့်သဖြင့် ညဥ့်အချိန် ဝမ်းဗိုက်တွင်းဝယ် လေနာ ရောဂါထလာပါတော့တယ်။ ဒါပေမေ့လည်း ဥပုသ်သီလ ပျက်မှာစိုးသဖြင့် မည်သည့် အာဟာရကိုမျှ မစားသုံးပါဘူး ။
အရုဏ် တက်ချိန်ရောက်တဲ့အခါ ပို၍ ရောဂါဝေဒနာပြင်းထန်လာသဖြင့် သတိလစ်သွားပါတယ်။ အဲဒီ အချိန်မှာ ဗာရာဏသီ ပြည်ရှင်မင်းကြီးဟာ မြို့ကိုလှည့်လည်၍ ကြည့်ခိုက်လည်းဖြစ်ပါတယ်။ ဘုရားလောင်းတော်ဟာ မင်းစည်းစိမ်ကို ရော်ရမ်း တပ်မက်သောစိတ်ဖြင့် သေသွားရာ နေ့ဝက်မျှသော ဥပုသ်၏ အကျိုးကြောင့် ဗာရာဏသီမင်း၏ မိဖုရားဝမ်း၌ ပဋိသန္ဓေ တည်ပါတော့တယ်။ မွေးဖွားလာ တဲ့အခါ ဒီကလေးရဲ့နာမည်ကို ဥဒယကုမာရ ဟုအမည်မှည့်ကြပါတယ်။ အရွယ်ရောက်တဲ့အခါမှာ ဗာရာဏသီ ထီးနန်းကို စိုးစံမင်းပြုရသော ဘုရင်ကြီး တစ်ပါးအဖြစ် ထင်ရှား ကျော်ကြား လာကြောင်း စာပေထဲမှာ မှတ်သားရဖူးပါတယ်။
ဤဝါတွင်း အချိန်ကာလများမှာတော့ ချမ်းသာသုခကောင်းကျိုး အမျိုးမျိုးကိုရစေနိုင်သည့် ပြုလုပ် ထိုက်သော ကောင်းမှုလုပ်ငန်းများမှာ
(၁) စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း (ဒါန)
(၂) ကိုယ်မှုနှုတ်မှုများကို စောင့်ထိန်းခြင်း (သီလ)
(၃)ကောင်းမှု ကုသိုလ်များ တိုးပွား အောင်ပြုလုပ်ခြင်း (ဘာဝနာ)
(၄)ရိုသေထိုက်သူကို ရိုသေခြင်း (အပစာယန)
(၅)သူတစ်ပါး၏ ကောင်းမှုကုသိုလ် ကိစ္စများ၌ ပါဝင် လုပ်ဆောင်ခြင်း (ဝေယျာ ဝစ္စ)
(၆) မိမိပြုလုပ်သော ကုသိုလ်အဖို့ကို အမျှအတန်းပေးဝေခြင်း (ပတ္တိဒါန)
(၇) သူတစ်ပါးတို့က ကုသိုလ် အမျှပေးဝေ သည်ကို ဝမ်းမြောက်ဝမ်းသာ သာဓု ခေါ်ဆိုခြင်း
(ပတ္တာနုမောဒန)
(၈)တရားတော်ကိုကောင်းစွာ နာယူမှတ်သားခြင်း (ဓမ္မဿဝန)
(၉)တရားဟောပြောပြသခြင်း (ဓမ္မဒေသနာ)
(၁ဝ)အယူ ကို ဖြောင့်မှန်အောင်ယူခြင်း (ဒိဋ္ဌိဇုကမ္မ) တို့ဖြစ်ပါတယ်။
ဒီလို ချမ်းသာသုခကောင်းကျိုးအမျိုးမျိုး ရရှိစေနိုင်တဲ့ ကောင်းမှုလုပ်ငန်း (ပုညကိရိယာ ဝတ္ထု ဆယ်ပါး) ကို အသက်ထက်ဆုံး ပြုလုပ်နိုင်ကြရမည်ဖြစ်ပါတယ်။
နိဂုးံချုပ်အနေအားဖြင့် ကိုယ်ကျင့်သီလ နှင့်ပြည့်စုံတဲ့သူဟာ ဥပုသ်သီလ အကျိုးများအပြင်
(၁) စီးပွားဥစ္စာ ရတနာတို့ကို အစုလိုက် အပုံလိုက်ရရှိနိုင်ခြင်း
(၂) နာမည်ကောင်း သီတင်းကျော်ကြားခြင်း
(၃) ပရိသတ်အလယ်၌တင့်တယ်ရဲရင့်ခြင်း
(၄) တွေဝေ မေ့မောမှုမရှိ သတိကောင်းစွာနှင့် သေလွန်ရခြင်း
(၅) သေလွန်ပြီးနောက် ကောင်းမြတ်သော လူချမ်းသာ၊ နတ်ချမ်းသာ ဘဝသို့ ရောက်ရခြင်း စသည့်အကျိုး ငါးပါးကိုလည်း ရရှိနိုင်ပါတယ်လို့ဘုရားရှင်က အထူးဟောကြား ခဲ့ဖူးကြောင်းကိုလည်း လေ့လာမှတ်သားရပါတယ်။
သို့ဖြစ်ပါ၍ ''သီလရှိသူသည် စိတ်ဓာတ် စင်ကြယ် နေသူဖြစ်၍ ဘာမဆို လိုတိုင်းရ၊ တ-တိုင်းပြည့်စုံရသည်'' ဟူသော မြတ်စွာဘုရား၏ တရားတော်အရ သတ္တဝါတို့၏ သီလ ကုသိုလ် စေတနာ အရင်းခံနှင့် ဖြစ်လိုသော ဆန္ဒဓာတ်အရ ဖြစ်လိုရာ ဖြစ်ကြမြဲပင်ဖြစ်ပါကြောင်း နိဗ္ဗာန်ကို အကျိုးမျှော်၍ ရေးသား တင်ပြလိုက်ပါတယ်။ ။ ။
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ၊
အလှူ မှန်သမျှတွင် တရားအလှူသည် အမြတ်ဆုးံ ၊
Dhamma- gift excels all other gifts.
အရှင် စန္ဒိမာ (ဓမ္မလရိပ်)
No comments:
Post a Comment