ဘုရားဖြစ်ကာ၊ မိဂဒါသို့၊ စကြာရွှေဖ၀ါး၊ ဖြန့်ချီသွား၍၊ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတစ်သောင်း၊ တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ "၀ါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့ လျှံတက်၊ ဓမ္မစက်ကို" မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည်၊ တရားနတ်စည် ရွှမ်းတယ်ကို....။
ဝါဆိုလပြည့်နေ့ဆိုတာ ဗုဒ္ဓဘာသာတို့အတွက် နေ့ထူးနေ့မြတ် ဓမ္မစကြာ အခါတော်နေ့ ဖြစ်ပါတယ်။ ဘာကြောင့််လဲဆိုတော့ မဟာသက္ကရာဇ် ၁၀၃-ခု ဝါဆိုလပြည့် စနေနေ့မှာ “ နေ၀င်လထွက် ဓမ္မစက်” ဆိုတဲ့ အတိုင်း နေ၀င် လအထွက်ချိန်တွင် ဗာရာဏသီပြည် အနီးရှိ သားသမင်တို့ ဘေးမဲ့ပေးရာ မိဂဒါဝုန် ဥယျာဉ်တောတွင် သုံးလူ့ထွဋ်ထား ဂေါတမမြတ်စွာဘုရားသည် အစ၏ကောင်းခြင်း၊ အလယ်၏ ကောင်းခြင်း၊ အဆုးံ၏ ကောင်းခြင်းသဘောရှိသော ဓမ္မသစ္စာလမ်းစဉ်ခေါ် “ဘိက္ခူနံ ပဉ္စဝဂ္ဂီနံ” အစရှိသော သစ္စာလေးပါး ဓမ္မစကြာတရားထူး တရားမြတ်ကို ပဉ္စ၀ဂ္ဂီငါးဦးဖြစ်တဲ့ အရှင်ကောဏ္ဍည၊ အရှင်ဝပ္ပ၊ အရှင်ဘဒ္ဒိယ၊ အရှင်မဟာနာမ်နှင့် အရှင်အဿဇိတို့အား ဟောကြားတော်မူခဲ့တဲ့နေ့ဖြစ်လို့ပါ ။
ဒီဓမ္မစကြာတရားတော်ထဲမှာ အနှစ်သာရအားဖြင့် အချက် ၃ ချက် ပါဝင်တာကိုတွေ့ရှိမှတ်သားရပါတယ်။ (၁) ရှောင်ရန် အစွန်းနှစ်ပါး၊ (၂) ကျင့်ကြံရန် အလယ်လမ်း၊ (၃) ထိုးထွင်းသိမြင်ရန် သစ္စာလေးပါးတရားတို့ပဲ ဖြစ်ပါတယ်။
ရှောင်ရန်အစွန်းနှစ်ပါးဆိုတာကတော့……..
(၁)ကာမဂုဏ်များနှင့်ပျော်ပါးခြင်းဟူသောအစွန်းရောက်အကျင့်များ (၂)မိမိကိုယ်ကိုနှိပ်စက်ညှည်းပန်းခြင်းဟူသောအစွန်းရောက်အကျင့်များတို့ဖြစ်ပါတယ်။
ကျင့်ကြံရန် အလယ်လမ်းဆိုတာက ……….
ကိုယ်နှုတ်နှစ်ပါးအား လွန်ကျူးမှုမရှိအောင်ထိန်းသော ကိုယ်နှုတ်စည်းကမ်း - သီလ
စိတ်သောင်းကျန်းမှု၊ လွန်ကျူးမှု၊ ပြစ်မှားမှုတို့အား ထိန်းသည့် စိတ်စည်းကမ်း - သမာဓိ
စိတ်အတွင်းပိုင်းအထိ အမြစ်တွယ်ကပ်နေသော ကိလေသာအညစ်အကြေးများဆေးကြော သန့်စင်သည့် နည်းလမ်း - ပညာ ဟူသောအနှစ်သာရ သုံးခုနှင့်နည်းလမ်း ရှစ်ခုပါဝင်ပါတယ်။
ထိုးထွင်းသိမြင်ရန် သစ္စာအမှန်တရားလေးပါးဆိုတာက ……..
(၁) ခန္ဓာငါးပါး၊ ရုပ်နာမ်နှစ်ပါးသည် ဆင်းရဲခြင်းအမှန် - ဒုက္ခသစ္စာ
(၂) တဏှာသည် ဆင်းရဲကြောင်းအမှန် - သမုဒယသစ္စာ
(၃) ထိုတဏှာချုပ်ခြင်းသည် ဒုက္ခချုပ်ငြိမ်းကြောင်းအမှန် - နိရောဓသစ္စာ
(၄) မဂ္ဂင်ရှစ်ပါး အကျင့်တရားတို့သည် နိရောဓသို့ရောက်ကြောင်းအမှန် - မဂ္ဂသစ္စာ
မဂ္ဂင်ရှစ်ပါး (The Noble Eightfold Path) ဆိုသည်မှာ…
(၁) သမ္မာဒိဋ္ဌိ - မှန်စွာသိမြင်မှု (The Right Understanding)
အရှိကို အရှိအတိုင်းသိ၍ ငါစွဲပျောက်သည့်အမြင်သည် အမြင်မှန်အားလုံး၏ အခြေခံ ဖြစ်ပါတယ်။
(၂) သမ္မာသင်္ကပ္ပ - မှန်စွာကြံစည်မှု (The Right Thinking)
ငါ့အတွက် မကြံ၊ ကောင်းကျိုးသယ်ပိုးရန်၊ ဆင်းရဲသူတို့အား ကူညီစောင့်ရှောက်ရန် ကြံစည်ခြင်းသည် မှန်သောအကြံ ဖြစ်ပါတယ်။
(၃) သမ္မာဝါစာ - မှန်စွာပြောဆိုခြင်း (The Right Speech)
မှန်ကန်၊ ရိုးသား၊ ယဉ်ကျေး၍ ညီညွတ်မှုကိုအားပေးသော၊ အများလက်ခံနိုင်သောစကားအား ပြောခြင်းသည် မှန်စွာပြောခြင်း မည်ပါတယ်။
(၄) သမ္မာကမ္မန္တ- မှန်စွာလုပ်ဆောင်ခြင်း (The Right Action)
သူတစ်ပါး၏ အသက်အိုးအိမ်အား ကာကွယ်စောင့်ရှောက်ခြင်း၊ သူတစ်ပါးကြီးပွားတိုးတက်ရေးအား ပြုခြင်း၊ ကိလေသာ ကာမဂုဏ်တို့အား လူမှုကျင့်ဝတ်တို့ဖြင့် စနစ်တကျ ထိန်းသိမ်းထားခြင်းတို့သည် မှန်ကန်သော ကိုယ်အမူအရာ ဖြစ်ပါတယ်။
(၅) သမ္မာအာဇီဝ - မှန်စွာအသက်မွေးခြင်း (The Right Livelihood)
သူ့အသက်အား သတ်ဖြတ်ညှင်းပန်းခြင်း၊ အဆိပ်လက်နက်၊ အသားစားသတ္တ၀ါ၊ မူးယစ်ဆေးဝါး အရောင်းအ၀ယ်ပြုခြင်းဟူသော မမှန်ကန်သည့် အသက်မွေးခြင်းများအား ရှောင်ကြဉ်ခြင်းသည် မှန်စွာအသက်မွေးခြင်း မည်ပါတယ်။
(၆) သမ္မာဝါယာမ - မှန်စွာအားထုတ်ခြင်း (The Right Effort)
မဖြစ်သေးသည့် ကိလေသာများအား မဖြစ်လာစေရန်၊ ရှိနေသော ကိလေသာ အကျင့်ဆိုးများအား အကြွင်းမဲ့ ပယ်ရှားနိုင်ရန် ကြိုးစား အားထုတ်ခြင်းသည် မှန်သောအားထုတ်ခြင်း ဖြစ်ပါတယ်။
(၇) သမ္မာသတိ - မှန်စွာမှတ်ရှုခြင်း (The Right Mindfulness)
ကိလေသာရန်သူနှင့် ဒုစရိုက်အကျင့်ဆိုးများ ကိုယ်နှုတ်စိတ်အမှုအရာများသို့ မ၀င်လာစေရန် ကာကွယ်စောင့်ကြည့်ထားခြင်းသည် မှန်စွာ မှတ်ရှုခြင်း ဖြစ်ပါတယ်။
(၈) သမ္မာသမာဓိ - မှန်စွာတည်ကြည်ခြင်း (The Right Concentration)
တောမျောက်ကဲ့သို့ ပရမ်းပတာ ပြန့်ကျဲပြေးလွှားနေသည့်စိတ်အား တည်ငြိမ်စေရန် အာရုံကောင်းတစ်ခုအပေါ်တွင် စည်းကမ်းတကျ ထိန်းထားနိုင်ခြင်းသည် မှန်ကန်စွာတည်ကြည်ခြင်းဖြစ်ပါတယ်။
သီလ၊ သမာဓိနှင့် ပညာဟူသော မဇ္ဈိမပဋိပဒါအလယ်လမ်း၏ အနှစ်သာရသုံးပါးနှင့် မဂ္ဂင်ရှစ်ပါးတို့အကြား ဆက်စပ်နေတာကတော့…….
သမ္မာဒိဋ္ဌိနှင့် သမ္မာသင်္ကပ္ပတို့ဟာ ပညာမည်ပါတယ်။ သမ္မ၀ါစာ၊ သမ္မာကမ္မန္တနှင့် သမ္မာအာဇီဝတို့ကတော့ သီလပင်ဖြစ်ပြီး သမ္မာဝါယာမ၊ သမ္မာသတိနှင့် သမ္မာသမာဓိတို့ကတော့ သမာဓိတရားများ ဖြစ်ပါတယ်။
ဒီမဂ္ဂင်ရှစ်ပါး မဂ္ဂသစ္စာတရားတော်တွေဟာ သီလ၊ သမာဓိ၊ ပညာတရားများဖြစ်ကြပြီး ထိုအလယ်လမ်း အကျင့်မြတ်အား လက်တွေ့ကျင့်ကြံခြင်း အားထုတ်ခြင်း လိုက်နာခြင်းဖြင့် ဒုက္ခသစ္စာအား ထိုးထွင်းသိမြင်ပြီး ၊ သမုဒယသစ္စာအား ပယ်ရှားကာ နိရောဓသစ္စာ နိဗ္ဗာန်သို့ အမှန်ပင်ဆိုက်ရောက် မျက်မှောက်ပြုနိုင်ကြပါစေလို့ ...............
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ၊
အလှူ မှန်သမျှတွင် တရားအလှူသည် အမြတ်ဆုးံ ၊
Dhamma- gift excels all other gifts.
အရှင် စန္ဒိမာ(ဓမ္မလရိပ်)