*****May you be happy, healthy, wealthy and peace of mind those who have been visiting to my blog.*****
.
*****သစ်ပင်အရိပ် ဆွေမျိုးရိပ်နှင့် မိရိပ်ဘရိပ် ဆရာရိပ်ထက် မင်းရိပ်သည်သာ ဆင့်ဆင့်သာ၏။ ထိုမှတစ်ဖြာ မြတ်စွာဟောကြား တရားဆာယာ အရိပ်မှာကား လွန်စွာအေးမြ ချမ်းသာရ၍ မှီကြခိုသူ များဗိုလ်လူတို့ အပူခပ်သိမ်း ပ,ပျောက်ငြိမ်း၏ ။*****

Friday, April 13, 2012

မွေးနေ့အတွက် အကောင်းဆုံးသော လက်ဆောင်ပေးကြရာဝယ်

-->
                                   April,14,1981 အင်္ဂါနေ့ ဖွားမိမိအတွက် တစ်နှစ်တစ်ကြိမ်မွေးနေ့ဟာ ရောက်ရှိလာပါတော့တယ်။ မွေးနေ့ဆိုတာဟာ အတိတ်က  အဝိဇ္ဇာ ဦးဆောင်၍ ပြုလုပ်ခဲ့သည့် သင်္ခါရရဲ့ အကျိုးပေးနေ့ တစ်နေ့ပါ။ (တစ်နည်းအားဖြင့်) မွေးနေ့ဆိုတာ လူတစ်ဦးတစ်ယောက်အတွက် လူ့လောကလူ့ဘ၀ထဲကို ရောက်ရှိလာတဲ့ အထိမ်းအမှတ်နေ့လို့ဆိုရင်လည်း မှားမယ်မထင်ပါဘူး ။ နားအလည်ဆုးံဝေါဟာရနှင့်ပြောပြရလျှင်   ခန္ဓာရလာတဲ့နေ့တစ်နေ့ပါပဲ။ ဇာတိလို့ခေါ်တဲ့ခန္ဓာရလာပြီဆိုရင် ဒီခန္ဓာမှာ ပါလာတဲ့တရားတွေကို ဝေဖန်သုံးသပ်ကြည့်တဲ့အခါကျတော့ ဇရာ-အိုခြင်းတရား၊ ဗျာဓိ-နာခြင်းတရား၊ မရဏ-သေခြင်းတရားတွေကလည်း ရှိနေပြန်တယ်။  လောက လူသားတို့၏ အသက်မှာ ရပ်တန့်မနေဘဲ သေခြင်းတရားဆီ အရှိန်အဟုန်ပြင်းစွာ စက္ကန်တိုင်း2၊ မိနစ်တိုင်း2၊ နာရီတိုင်း2၊ ခဏတိုင်း 2 မှာရွေ့လျားနေသည်ကတော့အမှန်ပင်။
             အသက်ရှင်ခွင့်ရသမျှ အချိန်တိုလေးအတွင်းမှာ  အချိန်တွေကို အလဟဿ မကုန်လွန်စေဘဲ တန်ဖိုးရှိသော ဘ၀တခု ဖြစ်လာအောင် တတ်နိုင်သမျှ စိတ်ကောင်းထားပြီး သူတော်ကောင်းတရားတွေကိုလက်ကိုင်ထားကာ ပထမ အနေနဲ့ မိမိအကျိုးအတွက် ကြိုးစားသင့်သလို ဒုတိယအနေနဲ့  အမျိုး၊ ဘာသာ ၊ သာသနာ လူသားကောင်းကျိုးပြုအလုပ်များကိုလည်း တတ်နိုင်သလောက် လုပ်ဆောင်သင့်လှပါတယ်။ အဘယ်ကြောင့်ဆိုသော် နှစ်ပတ်လည်မွေးနေ့မင်္ဂလာကို လူသားအများစု အကြိမ်တရာ ကြုံခွင့်မရမီ  အစစ်အမှန်ဓမ္မသဘောနဲ့ တွေးကြည့်ရင် ရရှိထားတဲ့ ဘဝတခုနဲ့ ခန္ဓာကိုယ်ကို အဆုံးသတ်ရမည်ဖြစ်သောကြောင့်ပင်………စာရေးသူ အနေနဲ့ လွန်ခဲ့တဲ့နှစ် သက်တော် ၃၀ ပြည့် ၀ိဇာတမွေးနေ့တုန်းက မွေးနေ့အမှတ်တရအဖြစ် မိမိရဲ့မွေးရပ် ဇာတိရွာကလေးမှာ သက်ကြီး အဘိုးအယောက် ၃၀နှင့် အဘွား အယောက်၃၀ တို့ကို  အ၀တ် ပုဆိုးများနှင့် တကွ မနက်၊ ညစာတွေ ကျွေးမွေးလှူဒါန်းပြီးကိုယ်တိုင် တရားချီးမြှောက်ခွင့်  ရခဲ့ပါတယ်။  ဒီနှစ်မှာတော့ မိမိရဲ့ မွေးနေ့မွေးရက်မှာ စာမေးပွဲနဲ့ တိုက်ဆိုင်နေတာမို့  မှတ်မှတ်ရရ မွေးနေ့အဖြစ် ဘာမှလည်း ကြိုတင်မစီစဉ်ဖြစ်ခဲ့ပါဘူး ဒါပေမေ့ ဗုဒ္ဓဂယာတွင် ရှိနေတဲ့အတွက် နံနက်စောစော အိပ်ရာကထပြီး မွေးနေ့ မွေးရက် ကုသိုလ်ဆက် အသက်ရှည်တတ်တယ်လို့  ပညာရှိများ မိန့်ဆိုခဲ့သလို ဘုရားအဆူဆူပွင့်တော်မူရာဗုဒ္ဓဂယာရင်ပြင်တော်မှာ ဆီမီး၊ ရေချမ်း၊ ပန်းများနှင့်အတူ  ရတနာသုးံပါးကို ရှိခိုးကန်တော့ပြီး မဟာဗောဓိပင်အောက်တွင် မိနစ် ၃၀ ခန့် တရားထိုင်ကာ  ကျေးဇူးရှင် မိဘ နှစ်ပါးရယ် ပြီးတော့  ဘ၀လမ်းမှန်ရောက်အောင် စာပေရော နေရေးထိုင်ရေးအတွက်ပါ သွန်သင်ဆုးံမပေးကြသော ဆရာသမားများနှင့်တကွ အမြဲမပြတ် မပင်မပန်း ပညာရေးကို ကြိုးစားသင်ယူနိုင်ပါစေခြင်း အကျိုးငှါ ပစ္စည်းလေးပါးထောက်ပံ့လှူဒါန်းနေကြတဲ့ ဒါယကာ၊ ဒါယိကာမများတို့၏ ဆပ်၍မကုန်ခန်းနိုင်တဲ့ ကျေးဇူးတရားတွေကို မှန်းဆပြီး မေတ္တာပို့သခဲ့ပါတယ် ။ အမှန်စင်စစ်အားဖြင့် စဉ်းစားတွေးခေါ်လိုက်တဲ့အခါ မွေးနေ့ဆိုတာဟာ လူသားတစ်ဦး တယောက်အတွက် အသက်တနှစ် ကြီးခြင်းမျှထက် ဘာမှမပိုနှိင်ပါဘူး ။ သို့သော် လူသားတယောက်အတွက် ကိုယ်ဖြတ်သန်းရမည့် သက်တမ်းတလျှောက် အချိန်ကာလအားလျော်စွာ မိမိဘဝ ဝန်းကျင် လူသားကောင်းကျိုးကို ဘယ်အတိုင်းအတာထိ လုပ်ဆောင်နိုင်ခဲ့ပြီလဲဆိုတာကိုတော့ ပြန်လည်စဉ်းစားသင့်ပါတယ်။ ထိုကဲ့သို့ မလုပ်ဆောင်သူအတွက်မူ ကိုယ့်အသက်အမှန်ကို ပြောရမည်ကိုပင် ရှက်ရွံ့ကြတယ်။ တစ်ချို့တစ်ချို့က လူကိုခင်လျင် အသက်မမေးနှင့်ဟုလည်း ဆိုကြပြန်သေးတယ်။  တစ်ချို့တစ်ချို့က
သေခြင်းဆိုသည်ကို သူတို့လုးံဝ လုးံဝ မကြားလိုကြ၊၊ တကယ်တော့ လူ့လောက လူ့ဘ၀ကို ရရှိလာတဲ့ အခိုက်တန့်လေးမှာ မိမိ တတ်စွမ်းသမျှ ဒါန၊ သီလ၊ ဘ၀နာ တရားတွေကို ကြိုးစားအားထုတ်ပြီး အများကောင်းကျိုး လောကကောင်းကျိုးအတွက် ဆောင်ရွက်နေမယ်ဆိုရင်  သေခြင်းဆိုတဲ့ တရားကို  ဘာမှ မကြားဝံ့စရာ အကြောင်းမရှိနိုင်ပါဘူး ။ " ယောစ ၀ဿသတံ ဇီဝေ၊ အပဿံ ဥဒယဗ္ဗယံ၊ ဧကာဟံ ဇီဝိတံသေယျော၊ ပဿတော ဥဒယဗ္ဗယံ"ရုပ်နာမ်တရားတို့၏ ဖြစ်မူပျက်မူကို မမြင်ဘဲ အနှစ်တရာအသက်ရှည်သော်လည်း လူဖြစ်ကျိုးမနပ်ပါဘူး။ ရုပ်နာမ် တရားတို့၏ ဖြစ်ပျက်မူကိုမြင်လျှင် တစ်ရက်မျှ အသက်ရှင်ပါသော်လည်း လူဖြစ်ကျိုးနပ်လှပါတယ်-လို့ ဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ တရားတော်အတိုင်း   နေ့စဉ်နေ့တိုင်း ရှင်သန်ခွင့်ရသမျှ အချိန်လေးမှာ  အချိန်တွေကို အလဟဿ မကုန်စေဘဲ လူဖြစ်ကျိုးနပ်အောင် တန်ဖိုးရှိအောင် အနှစ်သာရရှိအောင် ဘ၀တလျောက် အမည်းစက်များ မကျန်ရစ်ရအောင် ကြိုးစားသင့်ပါတယ်လို့ ထင်မြင်ခံစားမိပြီး Happy birthday to you-ဆိုတာထက် May all be free from all sufferings- လို့ မေတ္တာပို့ကြခြင်းသည်သာ မွေးနေ့အတွက် အကောင်းဆုံးသော လက်ဆောင်ပေးကြခြင်း-ဟု လည်း ထင်မြင်ယူဆရင်း…….။             မိမိရဲ့ သက်တော် ၃၁ နှစ်ပြည့် ၀ိဇာတ မွေးနေ့မှာ ၃၁ ဘုံကျင်လည်ကြကုန်သောအားလုံးသော သတ္တ၀ါတွေ ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍  ကိုယ်၏ ကျန်းမာခြင်း၊ စိတ်နှလုံးအေးမြခြင်း နှင့် ပြည့်စုံကြပါစေ… ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေလို့  ဆုတောင်းမေတ္တာ ပို့သလျှက်..........။ ။ ။
 
အရှင် စန္ဒိမာ (ဓမ္မလရိပ်) ..14,4,2012:- 9 :00 Am
 

No comments:

Post a Comment