*****May you be happy, healthy, wealthy and peace of mind those who have been visiting to my blog.*****
.
*****သစ်ပင်အရိပ် ဆွေမျိုးရိပ်နှင့် မိရိပ်ဘရိပ် ဆရာရိပ်ထက် မင်းရိပ်သည်သာ ဆင့်ဆင့်သာ၏။ ထိုမှတစ်ဖြာ မြတ်စွာဟောကြား တရားဆာယာ အရိပ်မှာကား လွန်စွာအေးမြ ချမ်းသာရ၍ မှီကြခိုသူ များဗိုလ်လူတို့ အပူခပ်သိမ်း ပ,ပျောက်ငြိမ်း၏ ။*****

Tuesday, March 6, 2012

အမြဲမပြတ်ဆင်ခြင်အပ်သော အကြောင်းတရားငါးပါး (သို့) အဘိဏှသုတ်


            
လူ နတ် ဗြဟ္မာ သတ္တ၀ါတို့ နေထိုင်ရာ (၃၁)ဘုံဟုဆိုအပ်သော သြကာသလောကကြီးတွင် ပုဂ္ဂိုလ် တစ်ဦး တစ်ယောက်၏ဘ၀သည် ဓမ္မသဘောအားဖြင့် ဇာတိမှစ၍ မရဏတွင် လမ်းဆုးံကြရပါတယ်။ ကာလ အပိုင်းအခြားအားဖြင့်တော့ လူသားတို့အတွက် အများဆုးံ နှစ်ပေါင်း တစ်ရာ (အသက်တစ်ရာ) သို့မဟုတ် အသက်တစ်ရာအလွန်တွင် ဘ၀တစ်ခု ချုပ်ငြိမ်းရမည်မှာကား ဧကန်မုချအမှန်ပင်ဖြစ်ပါတော့တယ်။
ဘ၀ဟူသည်ကား ခန္ဓာငါးပါး အစုအဝေး ဒုက္ခစစ်စစ်သာ ဖြစ်၏။ ပဋိသန္ဓေနေမှူဇာတိဒုက္ခ၊ အိုမင်းရင့်ရော်မှူ ဇရာဒုက္ခ၊ မကျန်းမာမှူ ဗျာဓိဒုက္ခ၊ ကွယ်လွန်မှူ မရဏတို့သည် စက်ဝိုင်းသဖွယ်လည်ပါတ်ပြီး ဇာတိနှင့် မရဏအကြား၌ စိုးရိမ်မှူ သောက၊ အသံထွက် ငိုကြွေးမှူ ပရိဒေ၀၊ ဆင်းရဲမှူ ဒုက္ခ၊ စိတ်မချမ်းသာမှူ ဒေါမနဿ၊ ကြိတ်၍ ငိုကြွေးမှူ ဥပါယာသတို့ကလည်း အကြောင်းအားလျှော်စွာ ၀င်ရောက်နှိပ်စက် ၀န်းရံလျှက်ရှိကြပါတယ်။ ထို့သို့ အသက်ရှင်နေထိုင်စဉ်တွင် အမြဲမပြတ်ဆင်ခြင်အပ် နှလုးံသွင်းအပ်သည့် အကြောင်းတရားငါးပါးကို မြတ်စွာဘုရားရှင်က အဘိဏှပစ္စဝေက္ခိတဗ္ဗဌာန သုတ်တော်မှာ
“ ပဉ္စိမာနိ ဘိက္ခဝေ ဌာနာနိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗာနိ ဣတ္ထိယာဝါ ပုရိသေန၀ါ ဂဟဌေန၀ါ ပဗ္ဗဇိတေန၀ါ ကတမာနိပဉ္စ -
(၁) ဇရာဓမ္မောမှိ ဇရံ အနတီတောပိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
(၂) ဗျာဓိဓမ္မောမှိ ဗျာဓိအနတီတောပိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
(၃) မရဏဓမ္မောမှိ မရဏံအနတီတောပိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
(၄)သဗ္ဗေဟိမေ ပိယေဟိမနာပေဟိ နာနာဘာဝေါ ၀ိနာဘာဝေါမှိတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
(၅)ကမ္မဿကောမှိ၊ ကမ္မဒါယာဒေါ၊ ကမ္မယောနိ၊ ကမ္မဗန္ဓု၊ ကမ္မပ္ပဋိဿရဏော ယံကမ္မံကရိဿာမိ၊ ကလျာဏံဝါ၊ ပါပကံဝါ၊ တဿဒါယာဒေါ ဘ၀ိဿာမီတီ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
ဣမာနိခေါ ဘိက္ခဝေ ပဉ္စဌာနာနိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗာနိ၊ ဣတ္ထိယာဝါ ပုရိသေန၀ါ ဂဟဌေန၀ါ ပဗ္ဗဇိတေန၀ါ”။ ဟုဟောကြားတော်မူခဲ့ပါတယ်။  အဓိပ္ပါယ်မှာ….. “ရဟန်းတို့ …မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ်ဆင်ခြင်အပ်သော အကြောင်းတရားတို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်းဟူမူကား …..
၁။ ငါသည် အိုခြင်းသဘောရှိသည်ဖြစ်၏။ အိုခြင်းသဘောတရားကို မလွန်ဆန်နိုင်။
၂။ ငါသည် နာခြင်းသဘောရှိသည်ဖြစ်၏။ နာခြင်းသဘောတရားကို မလွန်ဆန်နိုင်။
၃။ ငါသည် သေခြင်းသဘောရှိသည်ဖြစ်၏။ သေခြင်းသဘောတရားကို မလွန်ဆန်နိုင်။
၎။ ငါ့အား ခပ်သိမ်းသော နှလုံးကို ပွားစေတတ်သော အဆွေအမျိုး၊ အဆွေခင်ပွန်း၊ ချစ်ကျွမ်းဝင်သူတို့နှင့် အရပ်တစ်ပါးသို့ ပြောင်းသွားသဖြင့် ရှင်ကွဲ ကွဲရခြင်းသည် လည်းကောင်း၊ ဘ၀တစ်ပါးသို့ ပြောင်းသွားသဖြင့် သေကွဲ ကွဲရခြင်းသည် လည်းကောင်း ဖြစ်တတ်ချေ၏။
၅။ ငါသည် ကံသာလျှင် မိမိဥစ္စာရှိသည်၊ ကံသာလျှင် အကြောင်းရင်းရှိသည်၊ ကံသာလျှင် အမွေခံရှိသည်၊ ကံသာလျှင် အဆွေအမျိုးရှိသည်၊ ကံသာလျှင် ကိုးကွယ်လဲလျောင်းရာ ရှိသည် ဖြစ်၏။ ကောင်းသည်လည်းဖြစ်သော၊ မကောင်းသည်လည်းဖြစ်သော အကြင်ကံကို ပြုအံ့။ ထိုပြုသော ကောင်းမှုမကောင်းမှုကံ၏ ကောင်းမွေ ဆိုးမွေခံသည် ဖြစ်ရအံ့  ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ ဤငါးပါးကို အမြဲမပြတ်ဆင်ခြင်အပ်၏”။- ဟု အဂုင်္တ္တိုရ်ပါဠိတော် ၊ ပဉ္စက နိပါတ၊ နီဝရဏ၀ဂ်၊ အဘိဏှပစ္စဝေက္ခိတဗ္ဗဌာန သုတ်တော်မှာ အတိအလင်း ဟောကြားတော်မူခဲ့ပါတယ်ဆိုတဲ့အကြောင်းကို အမြဲမပြတ်ဆင်ခြင်နိုင်စေရန်အကျိုးငှါ ဓမ္မမိတ်ဆွေများအား ထုတ်ဖော်ရေးသားတင်ပြလိုက်ပါတယ်။
       ဆောင်ပုဒ်
အိုခြင်းတစ်ဖြာ ၊ နာခြင်းတစ်ထွေ
သေခြင်းတစ်ခြား၊ ကွဲပြားတစ်ဖန်
ကံလျှင် ဥစ္စာ ၊ ဤငါးဖြာကို
မကွာနေ့ည။ ဉာဏ် သက်ဝင် ၍ ဆင်ခြင် ကြ ။
အရှင် စန္ဒိမာ(ဓမ္မလရိပ်)



No comments:

Post a Comment