*****May you be happy, healthy, wealthy and peace of mind those who have been visiting to my blog.*****
.
*****သစ်ပင်အရိပ် ဆွေမျိုးရိပ်နှင့် မိရိပ်ဘရိပ် ဆရာရိပ်ထက် မင်းရိပ်သည်သာ ဆင့်ဆင့်သာ၏။ ထိုမှတစ်ဖြာ မြတ်စွာဟောကြား တရားဆာယာ အရိပ်မှာကား လွန်စွာအေးမြ ချမ်းသာရ၍ မှီကြခိုသူ များဗိုလ်လူတို့ အပူခပ်သိမ်း ပ,ပျောက်ငြိမ်း၏ ။*****

Thursday, November 8, 2012

တရားအားထုတ်ခြင်းဖြင့် ရနိုင်သော အကျိုးကျေးဇူးများ


တရားအားထုတ်ခြင်းဆိုတာ  တရားသဘောကို ( သဘောတရားကို)  သိမြင်အောင် အားထုတ် ကြိုးစားခြင်းဖြစ်ပါတယ်။  သဘောတရားဆိုတာ ဖြစ်, ပျက် (ရုပ်နာမ်) သဘောတရား၊ မဖြစ်မပျက် (နိဗ္ဗာန်) သဘောတရား ဟု နှစ်မျိုးရှိရာ အဲဒီ နှစ်မျိုးစလုးံကို သိမြင်ရေးအတွက် အားထုတ်ကြိုးစားခြင်းကို “တရားအားထုတ်ခြင်း”ဟု ခေါ်ပါတယ်။
တစ်နည်းအားဖြင့် တရားအားထုတ်ခြင်းဆိုတာ  ဗုဒ္ဓ၏တရားတော်နှင့် အညီ နည်းမှန်လမ်းကျ အားထုတ်ခြင်းကို ခေါ်ပါတယ်။ ဗုဒ္ဓ ဟောကြားတဲ့ တရားတော်နှင့် မကိုက်ညီဘဲ မိမတို့ထင်ရာ မြင်ရာ အားထုတ်နေပါလျှင် “ မတရားအားထုတ်ခြင်း” သာဖြစ်ပါလိမ့်မယ်။ မြတ်ဗုဒ္ဓသည် သတ္တ၀ါများ နည်းမှန်လမ်းမှန် အားထုတ်နိုင်ရေးအတွက် ဓမ္မစကြာ ၊ အနတ္တလက္ခဏ၊ မဟာသတိပဌာန်စသည့် ကျင့်ထုးံကျင့်နည်း သုတ်ပေါင်းများစွာကို ဖော်ထုတ် ဟောကြားတော် မူခဲ့ပါတယ်။
အဲဒီတရားတော်များ၌ ပါရှိသည့် နည်းလမ်းများနှင့်အညီ ကြိုးစားအားထုတ်မှသာ ကောင်းကျိုး တရားများကို ရရှိနိုင်ကြမှာလည်းဖြစ်ပါတယ်။ သို့မဟုတ်ပါက မလိုလားအပ်သော ဆိုးကျိုးများနှင့် တွေကြုံနိုင်ရပါတယ်။
ရုပ်သဘောတရား ၊ နာမ်သဘောတရားတို့၏ အခြေအနေမှန် (ဖြစ်ခြင်း,ပျက်ခြင်း,ပေါ်ခြင်း, ပျောက်ခြင်း, ရှင်ခြင်း, သေခြင်း) တို့ကို သိမြင်အာင်  ( အနိစ္စ၊ ဒုက္ခ၊ အနတ္တမြင်အောင်) ကြိုးစားအားထုတ်ပါလျှင် 
                (၁) စိတ်ဓါတ်ဖြူစင်သန့်ရှင်းခြင်း။
                (၂) မပူဆွေး မငိုကြွေးရတော့ခြင်း
                (၃)ကိုယ်မဆင်းရဲ စိတ်မဆင်းရဲခြင်း
                (၄)အဆင့်မြင့် အသိဥာဏ် (မဂ်ဥာဏ်) ကိုရခြင်း
                (၅) နိဗ္ဗာန်ကို သိမြင် (မျက်မှောက်) ပြုရခြင်း
ဟူသောကောင်းကျိုးငါးပါးကို ရရှိနိုင်ကြောင်းကို မြတ်ဗုဒ္ဓက မဟာ သတိဌာနသုတ်တော်တွင် အတိအလင်း ဟောကြားတော်မူခဲ့ပါတယ်။
(၁) စိတ်ဓါတ်ဖြူစင်သန့်ရှင်းခြင်း
          သတိပဌာန်တရားတော်နှင့်အညီရုပ်နာမ်တို့၏ဖြစ်ခြင်း ပျက်ခြင်းသဘော တစ်မျိုးတစ်ဖုံပြောင်းလဲခြင်း၊ မြင်ရသည်မှ  မမြင်ခြင်းသို့ ရောက်သွားခြင်း၊ မတည်မြဲခြင်း (အနိစ္စ)သဘောကို ပိုင်ပိုင်နိုင်နိုင်သိမြင်အောင် အားထုတ်ထားသူ၏ စိတ်ဓါတ်သည်  လိုချင်မူလောဘ၊ မကျေနပ်မူဒေါသ၊ မတွေဝေမူ မောဟ၊ရုပ်နာမ်သဘောကို “ငါ” ဟု ထင်မြင်ယူဆမူဒိဌိစသည့် ကိလေသာများ လျော့နည်း ပပျောက်ကင်းစင်သဖြင့် ဖြူစင်မြင့်မြတ်လာပါတယ်။  ရုပ်နာမ်ဖြင့်ဖွဲစည်းထားတဲ့ မိမိခန္ဓာ၌ “ ငါ, သူ, လူ, ပုဂ္ဂိုလ်, သတ္တ၀ါမရှိ ဖြစ်ပျက်နေသော ရုပ်နာမ်သဘောတရားမျှသာ ရှိ၏” ဟု သိမြင်လာပါတယ်။ မိမိခန္ဓာ၌ အမြင်ရှင်းလာပြီး စိတ်ဓါတ်ဖြူစင် သန့်ရှင်း ခိုင်မာလာတယ် ။
(၂) မပူမဆွေး မငိုကြွေးရတော့ခြင်း
ဤသို့ ခန္ဓာအမြင် ကြည်လင်သည်နှင့် အမျှ မိမိခင်မင်တွယ်တာခဲ့ရသည့် မိဘဘိုးဘွား ဆွေမျိုး မိတ်သင်္ဂဟ များနှင့် အခြားသက်ရှိ သက်မဲ့ ပစ္စည်းဝတ္ထုများ ပျက်စီးဆုးံရှူးံသည့်အခါ ၊ စိုးရိမ်ပူဆွေးမူ ပူပန်မူသောက မဖြစ်တော့ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ .. ခင်မင်တွယ်တာရသည့် သက်ရှိ သက်မဲ့ အားလုးံသည် ဖြစ်ပြီးပျက်တတ်သည့် ရုပ်နာမ် သဘောတရားများဖြင့် ဖွဲ့စည်းထားသောကြောင့် မတည်မြဲကြသဖြင့် ဤသို့ ဆုးံရှူးံပျက်စီးရသောကြောင့်ပါဘဲ ။  ထိုသို့ စိုးရိမ်ပူပန်မူသောက မဖြစ်လျှင် မျက်ရည်စက်လက် ငိုကြွေးမြည်တမ်းရမူလည်း မဖြစ်တော့ပါဘူး. ငိုကြွေးမြည်တမ်းခြင်းသည် စိုးရိမ်ပူဆွေးစိတ်မအေးခြင်းကြောင့် ဖြစ်ရကား မစိုးရိမ်မူ မပူဆွေးသူအား ငိုကြွေးခြင်းဆိုတာ မရှိတော့ပါ။
(၃) ကိုယ်မဆင်းရဲ စိတ်မဆင်းရဲ့ခြင်း
ဒီလို စိုးရိမ်ပူဆွေးမူ သောက မရှိဘဲ ၊ စိတ်ထိခိုက် မူမရှိဘဲ တည်တည်ငြိမ်ငြိမ် နေနိုင်သူရဲ့ စိတ်ဓါတ်ဟာ မိမိ၏ရုပ်ပိုင်း ကျန်းမာရေးကို မထိခိုက်စေသည့်အပြင် ၊ရုပ်ပိုင်း ကျန်းမာသန်စွမ်းရေးကိုလည်း အထောက်အကူပြုနိုင်ပါတယ်။  ထို့ကြောင့် တရားအားထုတ်ခြင်းဟာ ကိုယ်ခန္ဓာကို ကျန်းမာနိုင်စေသည့်အပြင် သောကဖြစ်စရာများနှင့် ကြုံတွေ့သော်လည်း သောက မဖြစ် ငိုစရာတွေ့သော်လည်း မငိုတော့သည့်အထိ ရုပ်နာမ်တရား ကြည်လင်ပြတ်သားနေသောကြောင့် စိတ်မဆင်းရဲ့ နိုင်တော့ပါဘူး။ စိတ်ငြိမ်းချမ်းသာနိုင်ပါတယ်။ ဤစိတ်ငြိမ်းချမ်းမူဟာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း အထောက်အကူပြုသောကြောင့် တရားအားထုတ်ခြင်းဟာ ကိုယ်စိတ်ဆင်းရဲမူကို မဖြစ်စေဘဲ ကိုယ်နှင့်စိတ်ကို ရွှင်လန်းချမ်းမြေ့စေပြီး အသက်ရှည်စေနိုင်ပါတယ်။
(၄) အဆင့်မြင့် အသိဥာဏ် (မဂ်ဥာဏ်) ကို ရခြင်း
ဒီလို ပူဆွေး၊ငိုကြွေးမူဒဏ်ကို ခံနိုင်လောက်အောင် ရုပ်နာမ်တို့၏ မတည်မြဲတဲ့ သဘောကို ပိုင်ပိုင်နိုင်နိုင်သိမြင်ထားသော မိမိတို့၏ ၀ိပဿနာ ဥာဏ်ကို အဆင့်ဆင့် ရင့်ကျက်အောင် အားထုတ်သွားပါလျှင် ဒုက္ခကို ဒုက္ခမှန်း ၊ ဒုက္ခဖြစ်ကြောင်းကို ဒုက္ခဖြစ်ကြောင်းမှန်း ၊ဒုက္ခချုပ်ရာကို ဒုက္ခချုပ်ရာမှန်း၊ ဒုက္ခချုပ်ကြောင်းကို ဒုက္ခချုပ်ကြောင်းမှန်း သိမြင်နိုင်သော  အရိယာ မဂ်ဥာဏ်ကို ရရှိနိုင်ပါတယ်။  သစ္စာလေးပါး  အမှန်တရားကို သိမြင်နိုင်သည့် မဂ်ဥာဏ်ကို မရရှိသောကြောင့် ရုပ်နာမ်၌ မျက်စိမှိက်၍ လူသားတိုင်း သံသရာ လည်နေကြပါသောကြောင့် မဂ်ဥာဏ်ကို ရရှိရန် အမှန်ပင် အလွန်လိုအပ်လှပါတယ်။
(၅) နိဗ္ဗာန်ကို သိမြင်ခြင်း
မျက်စိနှစ်ကွင်း အလင်းမရသူသည် ပြင်ပ ဗဟိဒ္ဓအရာ ၀တ္ထုများကို အမှန်အတိုင်း မသိမြင်နိုင်ပါဘူး ၊ ထို့အတူ သစ္စာလေးပါးကို မသိသူသည် နိဗ္ဗာန်တည်းဟူသော ရုပ်နာမ်ခပ်သိမ်းချုပ်ပြတ်ငြိမ်းသည့် သန္တိသုခ အငြိမ်းဓါတ်ကိုလည်း မသိနိုင်ပါဘူး။ တရားအားထုတ်ထားသူရရှိထားသော မဂ်ဥာဏ်ကသာ ဒုက္ခခပ်သိမ်း ချုပ်ပြတ်ငြိမ်းသည့် အငြိမ်းဓါတ်သဘော (နိဗ္ဗာန်)ချမ်းသာကို သိမြင်နိုင်ပါတယ်။
ဒီတရားငါးပါးတို့ဟာ တရားအားထုတ်ခြင်းကြောင့် ရရှိနိုင်သော ကောင်းကျိုးတရားများ ဖြစ်ကြပါတယ်။
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ၊
အလှူ မှန်သမျှတွင်  တရားအလှူသည် အမြတ်ဆုးံ ၊
Dhamma- gift excels all other gifts.

                         အရှင် စန္ဒိမာ(ဓမ္မလရိပ်) 

Sunday, November 4, 2012

ခြေလှမ်းတိုင်း တန်ဖိုးရှိစေချင်

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် ဗာရာဏသီ ၊ သိပတန၊ မိဂဒါဝုန်တောအရပ်မှာ သီတင်းသုးံနေတော်မူတဲ့ အခါမှာ ဓမ္မလမ်းစဉ်မူဝါဒ (၃) ရပ်ကို ချမှတ်တော်မူခဲ့ပါတယ်။  အဲဒီသုးံချက်က  (၁) ပယ်ရမည့်လမ်း (၂) လျှောက်ရမည့်လမ်း (၃) ပေါက်ရမည့်လမ်းတို့ဖြစ်ပါတယ်။
နံပါတ်တစ်ဖြစ်တဲ့ ပယ်ရမည့်လမ်းဆိုတာကတော့ လက်ဝဲလမ်း၊ လက်ယာလမ်းဟူ၍ လမ်းနှစ်သွယ်ရှိပါတယ်။ ဒီလမ်းထဲမှာပဲ  မိမိတို့ ကြိုက်နှစ်သက်တဲ့ ငါးပါးအာရုံ ကာမဂုဏ်များကို အကောင်းထင်မှတ်တယ် ၊ အဲဒီအာရုံတွေကို မရမနေရှာတယ် ဒါတွေဟာ မိမိကိုယ်ကို ဖျက်ဆီးသော လမ်းမှားပင်ဖြစ်ပါတယ်။
လက်ယာလမ်းဆိုတာ ကြိုက်နှစ်သက်တဲ့ အာရုံကို မကောင်းထင်မှတ်ပြီး မိမိကိုယ်ကို မိမိအပြင်းအထန် နှိပ်စက်၍ကျင့်တဲ့ ဘ၀မှာ အရူးံကြွေးတင်စေသော လမ်းမှားဖြစ်ပါတယ်။
အလောင်းတော်ဘ၀နန်းတော်တွင်း၌ ကာမဂုဏ် အာရုံများကို ခံစားခဲ့ရမူနဲ့ ပါတ်သက်၍အပြစ်မြင်ကာ အာရုံကာမဂုဏ် ခံစားမူသည် လက်ဝဲလမ်း  လမ်းမှားဖြစ်တဲ့ အကြောင်း ကြေငြာတော် မူပါတယ်။
ဒုက္ကရစရိယာ (၆) နှစ်ကြာကာလ၏ အတွေ့အကြုံအရ လက်ယာလမ်းကို လမ်းမှားဖြစ်တယ်ဟု ကြေငြာတော်မူပါတယ်။
လက်ဝဲလမ်းလိုက်သွားနေတဲ့သူဟာ တောင့်တမူ လောဘကို အဖော်ပြုပြီး လက်တွဲကာ သံသရာခရီးသွားနေခြင်းဖြစ်ပါတယ်။  လက်ယာလမ်းလိုက်နေသူကတော့ ကြောင့်ကြမူ၊ အလိုမကျမူဆိုတဲ့ ဒေါသကို အဖော်ပြုပြီး သံသရာခရီးကို ပင်ပန်းစွာသွားနေရပါတယ်။ ဒီလက်ဝဲ လက်ယာ နှစ်လမ်းဟာ မဖြောင့်တန်းတဲ့ သံသရာခရီးကြမ်းလမ်း အမှန်ပင် ဖြစ်ပါတယ်။
ဘုရားရှင်ဟာ ဒီလမ်းနှစ်သွယ်ကို “ပယ်ရမည့်လမ်း” ဟု ဓမ္မလမ်းစဉ်မူဝါဒ ပထမ ကြေငြာတော် မူခဲ့ပါတယ်။
 နံပါတ်နှစ်ဖြစ်တဲ့ လျောက်လှမ်းရမယ့်လမ်း (မြင့်မြတ်သောလမ်း) ဆိုတာကတော့  လူမျိုးဘာသာ ၊ ဂိုဏ်းဂဏ၊ အသားရောင်တွေ ခွဲခြားမူမရှိပဲမဂ္ဂင်ရှစ်ပါး တရားတို့ဟာ  မဇ္ဈိမပဋိပဒါ အလယ်လမ်းဖြစ်ကြောင်း ဒုတိယကြေငြာတော်မူပါတယ်။
တောင့်တမူ၊ ကြောင့်ကြမူမပါဘဲ ဖြူစင်သန့်ရှင်း အပြစ်ကင်းသောလမ်းစဉ်ဖြစ်သောကြောင့် အလယ်အလတ်လမ်းကို မြင့်မြတ်သောလမ်းစဉ်ဟု ဘုရားရှင်က သတ်မှတ်တော်မူခဲ့ပါတယ်။
ဒီမြင့်မြတ်စင်ကြယ်သောလမ်းကို ကျင့်ပွါးမူဆိုင်ရာအနေနဲ့ ခွဲဝေသတ်မှတ်မယ်ဆိုရင် (၁) သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝတို့ဟာ သီလသိက္ခာ- ကိုယ်ကျင့်တရားပိုင်း (၂) သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိတို့ဟာ သမာဓိသိက္ခာ- မိမိစိတ်ကို မကောင်းသော အာရုံဘက်သို့ မရောက်အောင် ထိမ်းကျောင်းမူအပိုင်း (၃) သမ္မာဒိဌိ၊ သမ္မာသင်္ကပ္ပတို့ဟာ ပညာသိက္ခာ- အနုသယ ကိလေသာ မှန်သမျှကို တစ်ဆင့်ချင်း တစ်လွှာချင်း ပယ်သတ်မူအပိုင်း တို့ဖြစ်ပါတယ်။
နံပါတ်သုးံဖြစ်တဲ့ ပေါက်ရမည့်လမ်းစဉ်ဆိုတာကတော့ .. မဇ္ဈိမပဋိပဒါ မဂ္ဂင်ရှစ်ပါးတရားနှင့် အညီ လျှောက်လှမ်းရမည့်အစီအစဉ်အတိုင်း လျှောက်လှမ်းနေတဲ့သူဟာ ခြေလှမ်းတစ်လှမ်း လျှောက်မိတိုင်း တန်ဖိုးရှိစွာဖြင့်  သံသရာဝဋ်မီးငြိမ်းရာ နိဗ္ဗာန်တည်းဟူသောပန်းတိုင်သို့ ရောက်ရှိကြမည်ဖြစ်ပါသောကြောင့်  ပေါက်ရမည့်လမ်း ဖြစ်ပါတော့တယ်။
ထို့ကြောင့် ပစ္စုပ္ပန် တမလွန် နှစ်တန်သော အကျိုးစီးပွါးတို့ကို အလိုရှိသူတိုင်း မြတ်ဗုဒ္ဓ၏ အဆုးံအမ တရားတော်များကို တစ်ဆင့်ထက် တစ်ဆင့်မြင့်သထက်မြင့်အောင်ကြိုးစား  လေ့လာအားထုတ်ကြရန် အမှန်ပင် လိုအပ်ပါကြောင်း……………
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ၊
အလှူ မှန်သမျှတွင်  တရားအလှူသည် အမြတ်ဆုးံ ၊
Dhamma- gift excels all other gifts.

                         အရှင် စန္ဒိမာ(ဓမ္မလရိပ်) 

Tuesday, October 30, 2012

သောဏနန္ဒဇာတ်တော်လာ မိဘဂုဏ်ရည် (၁၂) ပါး


(၁) မိဘတို့သည် သားသမီးအပေါ်မေတ္တာထားသောကြောင့် “ဗြဟ္မာ”မည်ပါတယ်။
(၂) ငယ်စဉ်ကတည်းက ဒီလိုစား၊ ဒီလိုသွား ဒီလိုနေ စသဖြင့် သင်ကြားပြသပေးသောကြောင့် “ လက်ဦးဆရာ” ဖြစ်ပါတယ်။
(၃)မိဘတို့သည် ရပ်ဝေးတွင် စီးပွါးရှာ၍ သားသမီးကိုကျွေးမွေးသည်။ သားသမီးတို့ကလည်း ထိုသို့ပြန်လည် လုပ်ကျွေးထိုက်သော “အာဟုနေယျ” ပုဂ္ဂိုလ်ဖြစ်ပါတယ်။
(၄)သားသမီးများရှာဖွေထားသည်ကို  မပျောက်ပျက်အောင် တိုးတက်အောင်စောင့်ရှောက်ပေးသော “ပုဗ္ဗဒေ၀တာ” ပုဂ္ဂိုလ်ဖြစ်ပါတယ်။
(၅) သားသမီးများမမွေးခင်ကတည်းက ကြိုတင်ချစ်ခင်လွန်းသောကြောင့်  “သုဟဒ” ပုဂ္ဂိုလ်ဖြစ်ပါတယ်။
(၆)လူဖြစ်အောင်မွေးဖွားပေးခဲ့သော မိခင်၏ဂုဏ်ကို “ဇနေတ္တိ” ဟုခေါ်ပါတယ်။
(၇)နို့ချိုတိုက်ကျွေးခဲ့သော မိခင်၏ ဂုဏ်ကို “ပေါသက” ဟုခေါ်ပါတယ်။
(၈)ယုယကြင်နာစွာ မွေးဖွားပေးခဲ့သော မိခင်၏ဂုဏ်ကို “ပေါသေန္တ”ဟုခေါ်ပါတယ်။
(၉) မိဘတို့သည် သားသမီးများကို အမြဲတစေစောင့်ရှောက်နေတတ်သောကြောင့် “အာပါဒက”ဟုခေါ်ပါတယ်။
(၁၀) လောကအကြောင်း၊လူအကြောင်းကို သူတို့သိသမျှ သားသမီးများသိရအောင် ပြောပြတတ်သောကြောင့် “ဒေဿတာရ” မည်ပါတယ်။
(၁၁) သားသမီးများနားဝင်အောင် ချော့မော့ပြောပြတတ်သောကြောင့် “တောသယန္တိ”ဟုခေါ်ပါတယ်။
(၁၂) ကိုယ်သုးံဖို့ရှာဖွေထားသော ပစ္စည်းများကို ကိုယ်ကိုယ်တိုင်မသုးံရက်၊ မစားရက်ဘဲ သားသမီးများအတွက် ချန်ထားတတ်သောကြောင့်  “ဂေါပယန္တိ” ဟုခေါ်ပါတယ်။
ဤဂုဏ်ရည်များသည် မိဘတို့က သားသမီးအပေါ် မည်မျှကောင်းကြောင်း ထင်ရှားစေသော ဂုဏ်ရည်များ ဖြစ့်ပါသောကြောင့် သားသမီးတိုင်း မိဘကျေးဇူးကိုသိတတ်နားလည်နိုင်တတ်ကြပါစေလို့…. 

                                                           အရှင်စန္ဒိမာ (ဓမ္မလရိပ်)
                                                              

Wednesday, October 24, 2012

မွေးနေ့မှာ အမေကို သတိရနိုင်ကြပါစေ


မွေးနေ့ဆိုတာ  လူသားတစ်ယောက် လူ့လောကကြီးထဲသို့ မိခင် ၀မ်းကြာတိုက်ကနေ မွေးဖွားသန့်စင် လူဖြစ်လာသည့် ခန္ဓာအိမ်ကို ရတဲ့ နေ့ရက်အား ဂုဏ်ပြုသတ်မှတ်ခေါ်ဆိုသောနေ့ (တစ်နည်း) ကိုယ့်မိခင်က ကိုယ့်ကို မွေးခဲ့တဲ့နေ့ဖြစ်လို့ မိခင်ကို အလေးအမြတ်ပြုရမဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။
မြတ်စွာဘုရားရှင်ရဲ့ တရားဒေသနာတော်အရ “ဘ၀ပစ္စယာ ဇာတိ”  ကမ္မဘ၀လို့ခေါ်တဲ့ အတိတ်ဘ၀က ပြုလုပ်ခဲ့တဲ့ ကုသိုလ်ကံကြောင့်   ဥပပ္ပတ္တိဘ၀ လို့ဆိုတဲ့ ယခုဘ၀မှာလာပြီး လူ ဖြစ်လာပါတယ်။
တကယ်တော့ လူ့ဘ၀ လူ့အဖြစ်ကို ရတယ်ဆိုတာ တွေးကြည့်ရင် အမတန်မှ ခဲ့ယဉ်းလှတဲ့ ဘ၀တစ်ခုပါ။ " လူ့ပြည်က အပ်တစ်စင်းကို မိုးပေါ်ထောင် ၊မိုးပေါ်က အပ်တစ်စင်းကို လူ့ပြည်ပစ်ချ၊ ထိုအပ်နှစ်စင်း ထိပ်ချင်းထိလျှင် ထိမည်။ လူ့ဘ၀ကို ရရှိရန်တော့ မလွယ်ပါဘူး။ ပြီးတော့ ပင်လယ်သမုဒ္ဒရာထဲ မျောချင်ရာမျောနေသော အပေါက်တစ်ပေါက်ပါ  ပျဉ်ချပ်ကဲ့သို့  အနှစ်တစ်ရာမှ တစ်ခါ သမုဒ္ဒရာရေမျက်နှာပေါ် ပေါ်ချင်ရာပေါ်သည့် လိပ်ကန်းကြီး၏ ဦးခေါင်း စွပ်မိလျှင်  စွပ်မိမည် လူ့ဘ၀ကို ရရှိရန်တော့ မလွယ်ကူပါ"။  ဒါကြောင့်လည်း ဘုရားရှင်က အလွန်တရာမှ ရခဲ့လှပါတယ်ဆိုတဲ့ ဒုလ္လဘတရား ငါးပါးထဲမှာ လူ့ဘ၀ကို “မနုသတ္တဘာဝ ဒုလ္လဘ” လို့ အတိအကျဟောကြားထားပါတယ်။  လွယ်လွယ်လေးနဲ့ လူ့ဘ၀ကို ရလာတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး ။
ဒီတော့ လူဖြစ်ရင် ဘ၀ တစ်ခုရလာမယ်။  ဘ၀ရရင် ခန္ဓာရတယ်။ ဒီခန္ဓာဟာ ဘယ်အချိန်က စပြီး ရလာသလဲဆိုရင် မိခင်ရဲ့ ၀မ်းကြာတိုက်ကနေ မွေးဖွားတဲ့ နေ့ကစပြီး ခန္ဓာကိုယ် စပြီးရလာခဲ့တာပါ။  ဒါကြောင့် မွေးနေ့မှာ အထူးသဖြင့်  မိခင်ကို အရင် ရှိခိုးကန်တော့ပြီး..( အမေ သုးံဖို့၊ အမေ လှူလိုရာ လှူဖို့ ၊ အမေ စိတ်ချမ်းသာဖို့ ) မိမိက ကုသိုလ်ကောင်းမူတွေ ပြုလုပ်ပေးသင့်ပါတယ်။  ပြီးမှသာ တခြားသော သူတွေကို  မုန့်လေးဘာလေး ကျွေးချင်ရင်ကျွေးပါ။ ဒီလိုဆိုရင် မွေးနေ့ဟာ ဘယ်လောက်ကြည်နူးစရာကောင်းမလဲ…။ သို့သော်လည်း တစ်ချို့တစ်ချို့သောမွေးနေ့ရှင်တွေဟာ ငွေတွေအမြောက်အများကုန်လို့ လှူဒါန်းမှ ကုသိုလ်ရတယ်လို့ထင်ကြသလို တစ်ချို့တစ်ချို့သော မွေးနေ့ရှင်တွေဟာလည်း အနောက်တိုင်းတွေကို အတုယူပြီး ပျော်ကြပါးကြတာတွေ ဒီခေတ်မှာတော့ အများကြီးတွေ့မြင်နေရပါတယ်။ ဒီနေ့မှာ မိခင်ကို ကန်တော့ဖို့ ၊ မိခင်ကိုစိတ်ချမ်းသာအောင်ထားဖို့တော့ မေ့နေကြတယ်။
အမှန်စင်စစ်အားဖြင့်  မွေးနေ့မှာ မိခင်ထက် ကျေးဇူး ကြီးမားတဲ့သူ ၊မိခင်ထက် မေတ္တာ ကရုဏာတွေ ကြီးမားတဲ့သူ ဒီကမ္ဘာမှာ ဘယ်သူရှိမှာလဲ။ လူတိုင်းမှာ ကျေးဇူးရှင်များကိုယ်စီရှိကြပေရာ ကျေးဇူးရှင်များအပေါ် ကျေးဇူးတင်စေတဲ့အကြောင်းအရာများကို မသိ၍သာ ကျေးဇူးကို ပြန်လည် မပေးဆပ်ကြသေးဘဲ လွှင့်မျော၊ မေ့လျော့ နေတတ်ကြပါတယ်။ ကျေးဇူးရှင်များ၏ ကျေးဇူး (ဂုဏ်တော်) ကို  မှန်ကန်စွာသိလာသည်နှင့်အမျှ ကျေးဇူးတရားအား ပြန်လည် မပေးဆပ်ဘဲ မနေနိုင်ကြတော့ပါ။  ကျေးဇူးတရားတို့မည်သည် ပြန်လည်ဆပ်၍ ကျေတယ်လို့ ဆိုရိုးထုံးစံမရှိပါသော်လည်း ယူပြီးကြွေးမြီကို ပြန်လည်ပေးဆပ်ရန် တာဝန်ရှိသကဲ့သို့ တင်ပြီးကျေဇူးကြွေးကိုလည်း ပြန်လည်ပေးဆပ်ရန်မှာ လူသားတိုင်းရဲ့ တာဝန်တစ်ရပ်ဖြစ်ပါတယ်။  ဒါကြောင့်လည်း နိုင်းတုစရာမရှိသော မိခင်ရဲ့ ကျေးဇူးတရားတွေကို အာရုံပြုပြီး  “မွေးနေ့ မွေးရက် ကုသိုလ်ဆက် အသက်ရှည်တတ်တယ်” လို့ စာပေကျမ်းဂန်များမှာ ပါရှိသလို မွေးနေ့မှာ မိခင်ကို လှူတဲ့အလှူဟာ အမွန်မြတ်ဆုးံသော အလှူတစ်ခု ဖြစ်ပြီး   အလှူရှင် ဖြစ်တဲ့ မိမိအတွက်လည်း ဒီကုသိုလ်ကောင်းမူကြောင့်  အသက်ရှည်ခြင်းဆိုတဲ့ အကျိုးတရားကို ရရှိမှာပါ ။ ။   "မိမိထက် အသက် သိက္ခာ ဂုဏ်ဝါ ကြီးသောသူတို့ကို အရိုသေပြုလေ့ ရှိခိုးကန်တော့လေ့ ရှိသောသူတွေဟာ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ခွန်အားကြီးခြင်း၊ ချမ်းသာခြင်း " ဆိုတဲ့ အကျိုးတရားလေးပါးကို  အမှန်ပင်ရရှိနိုင်ကြောင်းကို ဓမ္မပဒ ပါဠိတော်ထဲမှာ ဖတ်ရူလေ့လာ မှတ်သားရပါတယ်။
မွေးနေ့နဲ့ ပါတ်သက်လို့ လောကဥပမာ တစ်ခု အနေနဲ့ ပြောပြရမယ်ဆိုရင် ..လူတွေဟာ ကိုယ်နေဖို့ အိမ်ကို ဆောက်ကြတဲ့အခါ အိမ်ပုံစံလှလှလေးတွေကို  ရွေးချယ်ပြီး ဆောက်တတ်ကြပါတယ်။ ဆောက်ပြီးတော့ ပိုလှအောင် ဆေးရောင် အမျိုးမျိုး သုတ်ကြပါတယ်။ ဒီတော့ အိမ်လေးဟာ နေချင်စရာကောင်းလိုက်တာလို့ တွေ့မြင်တဲ့ လူအားလုးံက ချီကျူးကြသလို  ဒီအတိုင်းပဲ မိမိဘ၀ မိမိခန္ဓာကိုယ် အိမ်ကလေး လှလှပပ သပ်သပ်ရပ်ရပ် တင့်တင့်တယ်တယ် ဖြစ်ချင်ရင် နေချင်ရင် အကုသိုလ်ကံ ဆိုတဲ့ လက်သမားကို  မငှါးမိဖို့ အရေးကြီးပါတယ်။ ဘာလို့လဲ ဆိုတော့ .. အကုသိုလ်ကံ လက်သမားဟာ လူနေတဲ့အိမ်တွေကို ဖြစ်ကလက်ဆန်း ပြီးပြီးရောဆိုပြီး ရွဲ့ရွဲ့စောင်းစောင်း ဆောက်တတ်တဲ့အလေ့ အကျင့်ရှိလို့ပါဘဲ။
ကုသိုလ်ကံ လက်သမားကတော့ ကျကျနန ဒီဇိုင်းလှလှစရွေးကျကျ ခိုင်ခံလှပအောင် ဆောက်တတ်ပါတယ်။  အကုသိုလ်ကံ လက်သမားဆောက်တဲ့အိမ်နဲ့ ကုသိုလ်ကံ လက်သမား ဆောက်တဲ့ အိမ်ကို နိုင်းယှဉ် ကြည့်မယ် ဆိုလျှင်လည်း လုးံဝ တူညီမူတွေမရှိပါဘူး ။  အဲဒါကြောင့်မို့ .. ဘ၀ခန္ဓာအိမ်လှလှပပ တည်ဆောက်ချင်ရင် ကုသိုလ်ကံလက်သမားနဲ့ ပေါင်းဆောက်ဖို့ လိုအပ်ပါတယ်။ ပြီးမှသာ ဘ၀ခန္ဓာအိမ်အသစ်ကလေးဟာ လှပတင့်တယ် ကျက်သရေရှိရှိ နေရ ထိုင်ရမှာပါ။ သို့သော်လည်း ဘ၀ခန္ဓာအိမ် အသစ်ပေါ် နေရတယ် ဆိုပြီး မေ့မေ့ လျော့လျော့ ပေါ့ပေါ့ ဆဆ နေဖို့တော့ မသင့်တော်ပါဘူး ။ အေးဒီ လောကအိမ်ကလေးဟာ ဆောက်လုပ်ပြီးလို့ တစ်နှစ်လောက် ကြာလာရင် အရောင်တွေ မှိန်လာ တတ်ပါတယ်။  ရေညှီတွေ နံရံပေါ်မှာတက်လာတတ်ပါတယ်။
အဲဒီလိုဖြစ်လာတဲ့အခါ အိမ်ရှင်က ငွေကို နှမြောမနေဘဲ သတိဝီရိယထားပြီး ဆေးသုတ်ပေးရင် အိမ်ကြီးဟာ ပကတိ အသစ်ကဲ့သို့ကောင်းမွန်လှပနေမှာဖြစ်ပါတယ်။ ဒီအတိုင်းပဲ မိမိတို့ ရှိထားတဲ့ ဆောက်လုပ်ထားတဲ့ လူ့ဘ၀ ခန္ဓာကိုယ်ကို ထာဝရ လှပအောင် တစ်နှစ်တစ်ခါဆိုသလို မွေးနေ့မှာ အထူးသဖြင့် အနန္တဂိုဏ်းဝင် ကျေးဇူးရှင် မိခင်ကို စိတ်ချမ်းသာဖို့ ကုသိုလ်တွေပြုလုပ်ပြီး ကုသိုလ်ဆေးရောင်တွေ သုတ်သင့်ပါတယ်။  ဒီလိုဆိုရင် လူ့ဘ၀ ခန္ဓာအိမ်ဟာ အမြဲထာဝရ အသစ်ကဲ့သို့ လှပသေသပ် ကျက်သရေမင်္ဂလာ ရှိနေမှာဖြစ်ပါတယ်။
ဒါကြောင့် လူ့ဘ၀ ခန္ဓာအိမ်မှာ ကပ်နေတဲ့ အကုသိုလ်ရေညှီတွေကို ခြုစ်ထုတ်ပြီး ကုသိုလ် ဆေးရောင် တွေ သုတ်လိမ်းရတဲ့အတွက် ယခုဘ၀မှာလည်း ကာယိကသုခ-ကိုယ်ကျန်းမာခြင်း၊ စေတသိက သုခ- စိတ်ချမ်းသာခြင်းလို့ခေါ်တဲ့ ချမ်းသာသုခ အ၀၀နှင့်ပြည့်စုံကြ၍ နောင်ဘ၀မှာလည်း ကောင်းရာသုဂတိ ဘုံဘ၀ ဘုံဌာနကို ဧကန်မုချ ရောက်ရှိနိုင်ပါလိမ်မယ်လို့... ကြည်နူးစရာကောင်းတဲ့ မွေးနေ့လေးကို တန်ဖိုးရှိရှိပြုလုပ်ရင်း...........
မွေးနေ့ရှင်များအားလုးံ မွေးနေ့မှာ  အမေကို မမေ့ကြပါနဲ့ အမေကို သတိရ ကန်တော့ နိုင်ကြပါစေ။ ။  ။ 

        သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ၊
အလှူ မှန်သမျှတွင်  တရားအလှူသည် အမြတ်ဆုးံ ၊
Dhamma- gift excels all other gifts.

                                                          အရှင် စန္ဒိမာ(ဓမ္မလရိပ်) 
                                                                           24,10,2012