*****May you be happy, healthy, wealthy and peace of mind those who have been visiting to my blog.*****
.
*****သစ်ပင်အရိပ် ဆွေမျိုးရိပ်နှင့် မိရိပ်ဘရိပ် ဆရာရိပ်ထက် မင်းရိပ်သည်သာ ဆင့်ဆင့်သာ၏။ ထိုမှတစ်ဖြာ မြတ်စွာဟောကြား တရားဆာယာ အရိပ်မှာကား လွန်စွာအေးမြ ချမ်းသာရ၍ မှီကြခိုသူ များဗိုလ်လူတို့ အပူခပ်သိမ်း ပ,ပျောက်ငြိမ်း၏ ။*****

Wednesday, September 7, 2011

ဗုဒ္ဓဘာသာဝင်တို့အတွက် ဗုဒ္ဓဝင်အကျဉ်း




ဗုဒ္ဓဘာသာဝင်တို့အတွက် ဗုဒ္ဓဝင်အကျဉ်း
၁။ လူအမည်=သိဒ္ဓတ္ထ
၂။ ဘုရားဘွဲ့=ဂေါတမ
၃။ မိဘအမည်=သုဒ္ဓေါဒနမင်း နှင့် မဟာမာယာဒေ၀ီ
၎။ ကြင်ယာတော်=ယသော်ဓရာ ( ဘဒ္ဒကဉ္စနာ )
၅။ ရင်သွေးတော်=ရာဟုလာ
၆။ ယောက်ဖတော်=ဒေ၀ဒတ် (ဒေဝဒတ္ထ)
၇။ မိထွေးတော်=ဂေါတမီ
၈။ နေပြည်တော်=ကပိလ၀တ်ပြည် ( သက္ကတိုင်း၊ မဇ္ဈိမဒေသ )
၉။ ဖွားရာဌာန=လုမ္ဗိနီဥယျာဉ် ( ကပိလ၀တ်နှင့် ဒေ၀ဒဟကြား )
၁၀။ နန်းစံနှစ်=၁၃-နှစ်ကြာ ( ၁၆-နှစ်မှ ၂၉ နှစ်ထိ )

၁၁။ နိမိတ်ကြီးများ=သူအို, သူနာ, သူသေ, ရဟန်း
၁၂။ ဗျာဒိတ်ခံယူသောဘ၀=သုမေဓာရသေ့ဘဝ
၁၃။ ဗျာဒိတ်ခံယူသောနေ့=ကဆုန်လပြည့်နေ့
၁၄။ ဗျာဒိတ်ပေးသောဘုရား=ဒီပင်္ကရာမြတ်စွာဘုရား
၁၅။ ပါရမီဖြည့်ဖက်=သုမိတ္တာအမျိုးသမီး ( ယသော်ဓရာအလောင်း )
၁၆။ ပါရမီဖြည့်ရာကာလ=လေးသင်္ချေနှင့် ကမ္ဘာတသိန်း ( သုမေဓာဘ၀ မှ ဝေဿန္တရာဘ၀အထိ)
၁၇။ ပါရမီဖြည့်ရခြင်း၏ ရည်ရွယ်ချက်=သတ္တ၀ါများအကျိုး ဆောင်ရွက်ရန်
၁၈။ ဒုက္ကရစရိယာ ကျင့်ရသောနှစ်=၆-နှစ်ကြာ ( ၉၇-မှ-၁၀၃ ထိ )
၁၉။ ဒုက္ကရစရိယာ ကျင့်သည့်နေရာ=ဥရုဝေဠတော
၂၀။ ဘုရားဖြစ်ချိန် သက်တော်=၃၅-နှစ်အရွယ်

၂၁။ ဘုရားပွင့်ရာ သက်တမ်း=၁၀၀-တမ်း
၂၂။ အလုပ်အကျွေး=ပဉ္စ၀ဂ္ဂီ ငါးဦး ( ဒုက္ကရစရိယာ ကျင့်ခိုက် )။
၂၃။ တရားဦးဟောသည့်နေရာ=ဗာရာဏသီ မိဂဒါဝုန်တော
၂၄။ ပထမဆုံး သာဝက=ပဉ္စ၀ဂ္ဂီ ငါးဦး
၂၅။ နောက်ဆုံးကျွတ်သော သာဝက=သုဘဒ္ဒပရိဗိုဇ်
၂၆။ လက်ယာရံ အဂ္ဂသာဝက-အရှင်သာရိပုတ္တရာ
၂၇။ လက်ဝဲရံ အဂ္ဂသာဝက=အရှင်မောဂ္ဂလာန်
၂၈။ အဆုံးအမ သာသနာ=ပရိယတ္တိ, ပဋိပတ္တိ, ပဋိဝေဓ
၂၉။ ကျင့်စဉ်သိက္ခာ=သီလ, သမာဓိ, ပညာ
၃၀။ ချမှတ်သော လမ်းစဉ်=မဇ္ဈိမပဋိပဒါ ( မဂ္ဂင်လမ်းစဉ် )

၃၁။ သန္ဓေယူသောနေ့=မဟာသက္ကရာဇ် ၆၇-ခု၊ ၀ါဆိုလပြည့်၊ ကြာသပတေးနေ့။
၃၂။ ဖွားမြင်သောနေ့=မဟာသက္ကရာဇ် ၆၈-ခု၊ ကဆုန်လပြည့်၊ သောကြာနေ့။
၃၃။ တောထွက်သောနေ့=မဟာသက္ကရာဇ် ၉၇-ခု၊ ၀ါဆိုလပြည့်၊ တနင်္လာနေ့။

၃၄။ ဘုရားဖြစ်သောနေ့=မဟာသက္ကရာဇ် ၁၀၃-ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့။
၃၅။ ဓမ္မစကြာဟောသောနေ့=မဟာသက္ကရာဇ် ၁၀၃-ခု၊ ၀ါဆိုလပြည့်၊ စနေနေ့။
၃၆။ ပရိနိဗ္ဗာန်စံသောန့=မဟာသက္ကရာဇ် ၁၄၈-ခု၊ ကဆုန်လပြည့်၊ အင်္ဂါနေ့။
၃၇။ တေဇောဓာတ်လောင်သောနေ့=မဟာသက္ကရာဇ် ၁၄၈-ခု၊ ကဆုန်လဆုတ် ၁၂-ရက်၊ တနင်္ဂနွေနေ့။
.........................................................................................................................................
ဂေါတမ မြတ်စွာဘုရား၏ ဗုဒ္ဓ၀င် အကျဉ်းချုပ် ဆောင်ပုဒ်

မ, သိ, ကြ, လတ် ၊ တွေး, ဆ, အပ် ၊ နေ့မြတ် ခုနစ်ထွေ ။
သန်, ဖွား, တော, ပွင့် ၊ စက်, စု, သင့် ၊ ရှင်ပင့် သာကီဆွေ ။

ရှင်းလင်းချက်များ

၁။ မ=ကြာသပတေးနေ့တွင်
သန်=ပဋိသန္ဓေ နေတော်မူပါသည်။

၂။ သိ=သောကြာနေ့တွင်
ဖွား=ဖွားမြင်တော်မူပါသည်။

၃။ ကြ=တနင်္လာနေ့တွင်
တော=တောထွက်တော်မူပါသည်။

၎။ လတ်=ဗုဒ္ဓဟူးနေ့တွင်
ပွင့်=ဘုရားပွင့် (ဖြစ်) တော်မူပါသည်။

၅။ တွေး=စနေနေ့တွင်
စက်=ဓမ္မစကြာတရား ဟောတော်မူပါသည်။

၆။ ဆ=အင်္ဂါနေ့တွင်
စု=စုတိ ( ပရိနိဗ္ဗာန် ) စံတော်မူပါသည်။

၇။ အပ်=တနင်္ဂနွေနေ့တွင်
သင့်=တေဇောဓာတ် ( မီးသင့် ) လောင်တော်မူပါသည်။
..........................................................................................................................................


ဗုဒ္ဒဘာသာဝင်တိုင်းရသင့်တဲ့ဘုရားရှိခိုးပါ
( လယ်တီဆရာတော် ရေးသားသော ဗုဒ္ဓ၀င်ဘုရားရှိခိုး လင်္ကာ )

၁။ သန္ဓေယူသောနေ့ ( မ=သန် )

သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်၊ သောင်းခွင်စကြာဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့်၊ ရတုနဂို၊ ရွှန်းရွှန်းစိုသည်၊ ၀ါဆိုလပြေ့၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည်၊ နတ်လူငြိမ်းဖို့ ကိန်းပါကိုး။


၂။ ဖွားတော်မူသောနေ့(သိ=ဖွား)

သန္ဓေယူကာ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊ ကဆုန်လပြေ့၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ၊ လုမ္ဗိနီ၌၊ မဟီလှိုက်ဆူ၊ ဖွားတော်မူသည်၊ နတ်လူအောင်မြို့ လမ်းပါကိုး။


၃။ တောထွက်သောနေ့ ( ကြ=တော )

ဖွားမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ဝယ်၊ ပျိုနုနယ်၌၊ သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊ ဆယ့်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုးနိမိတ်၊ နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊ ၀ါဆိုလပြေ့၊ ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊ တောရလှုံသည်၊ စုံမြိုင်ပင်ရိပ် ခန်းမှာကိုး။


၎။ ဘုရားဖြစ်သောနေ့ ( လတ်=ပွင့် )

တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ ခါတော်တဖုံ၊ ပွင့်ချိန်ကြုံက၊ ကဆုန်လပြေ့၊ ဆင်မင်းနေ့ဝယ်၊ မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊ ရွှေညောင်တော်ကြီး၊ ဗိတာန်ထီးနှင့်၊ မငြီးကြည်ဖြူ၊ နေတော်မူလျက်၊ ရန်မြူခပင်း၊ အမိုက် သင်းကို၊ အရှင်းပယ်ဖျောက်၊ အလင်းပေါက်က၊ ထွန်းတောက်ဘုန်းတော်၊ သောင်းလုံးကျော်သည်၊ သုံးဖော် လူတို့ ငြမ်းပါကိုး။

၅။ ဓမ္မစကြာဟောသောနေ့ ( တွေး=စက် )

ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဘွား၊ ဖြန့်ချီသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတသောင်း၊ တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ၀ါဆိုလပြေ့၊ စနေနေ့ဝယ်၊ ကြွေ့ ကြွေ့ လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက် ထွေပြား၊ ဟောဖော်ကြားသည်၊ တရားနတ်စည် ရွမ်းတယ်ကို။


၆။ ပရိနိဗ္ဗာန်စံသောနေ့ ( ဆ=စု )

တရားနတ်စည်၊ ဆော်ရွမ်းလည်က၊ သုံးမည်ဘုံသိုက်၊ တသောင်းတိုက်ဝယ်၊ ကျွတ်ထိုက်သသူ၊ နတ်လူဗြဟ္မာ၊ သတ္တ၀ါကို၊ ခေမာသောင်သို့၊ ဖောင်ကူးတို့ဖြင့်၊ ဆောင်ပို့ပြီးခါ၊ ၀ါလေးဆယ့်ငါး၊ သက်ကား ရှစ်ဆယ်၊ စုံပြည့်ကြွယ်က၊ ရာလေးဆယ့်ရှစ်၊ သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊ စံနှိုင်းမယုတ်၊ ကုသိနာရုံ၊ အင်ကြင်းစုံ၌၊ ကဆုန်လပြေ့၊ အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည်၊ ၀ှန်းဆူသောင်းလုံး ကျော်တယ်ကို။

၇။ တေဇောဓာတ် လောင်သောနေ့ ( အပ်=သင့် )

နိဗ္ဗူစံပြီ၊ ရှုမအီသား၊ သိင်္ဂီရွှေလှော်၊ အလောင်းတော်ကို၊ ထိုရော်ကဆုန်၊ လဆုတ်ကြုံ၍၊ ဂဠုန်နေ့ဝယ်၊ ခိုးငွေ့ မနှော၊ ဓာတ်တေဇောလျှင်၊ ရှင်စောဉာဏ်စက်၊ ဓိဋ္ဌာန်ချက်ဖြင့်၊ လျှံတက်ကော်ရော်၊ မီးပူဇ်ာသည်၊ မွေတော်ရှစ် စိတ် ကြွင်းတယ်ကို။

ထိုခုနစ်နေ့၊ သာချမ်းမြေ့ကို၊ ဆွေ့ဆွေ့ကြည်ဖြူ၊ အာရုံယူလျက်၊ သုံးလူတို့နတ်၊ မြတ်ထက် မြတ်သား၊ အထွဋ် ခေါင်ဖျား၊ ကိုယ်တော်ဘုရားကို၊ သုံးပါးမှန်စွာ၊ ၀န္ဒနာဖြင့်၊ သဒ္ဓါဖြိုးဖြိုး၊ ကျွန်ရှိခိုးသည်၊ ကောင်းကျိုးခပ်သိမ်း ကြွယ်စေသော်။


အရှင် စန္ဒိမာ (ဓမ္မလရိပ်)
ဓမ္မာစရိယ၊ ၀ိနယ၀ိဒူ၊ အဘိဓမ္မ၀ိဒူ၊
M.A (Buddhist Philosophy)Dip.In Eng, Hons.Dip.In IT
ဆန်စကရစ် တက္ကသိုလ်၊
ဗာရာဏသီ၊ အိန္ဒိယနိုင်ငံ

Friday, August 5, 2011

မိဘတွေက သားသမီးတွေ အပေါ် ထားတဲ့ မျှော်လင့်ချက် ၅ ပါး




ကမ္ဘာကြီးမှာ လာပြီး လူရယ်လို့ ဖြစ်လာရင်တော့ .. မိရယ်..ဘရယ်.. သားရယ် သမီးရယ် ဆိုတာလည်း “ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုသလို “ တစ်ဦးကို တစ်ဦးမှီတင်းပြီးတော့ ကမ္ဘာ့လောကကြီးကို အလှဆင်ကြပါတယ်။ မိဘတွေက သားသမီး အပေါ်မှာ ပြုစုပျိုးထောင်ပေးသလို မိဘတွေကြီးရင့်လာတဲ့ အခါမှာလည်း သားသမီးတွေဆီက မိဘတွေဟာ မျှော်လင့်ချက် ငါးပါးထားကြောင်းကို မြတ်စွာဘုရားရှင်က ဟောကြားတော် မူခဲ့တာကို ဓမ္မဒါန တရားအလှူဖြစ်အောင် ရေးသားတင်ပြလိုက်ပါတယ်။ အဲဒီ ၅ ပါးကို ၂ ပိုင်းခွဲပြီးတော့ ပထမ ၄ ပါးက ယခုဖြစ်နေတဲ့ ဘ၀ ယခုဖြစ်နေတဲ့လောကမှာ သားသမီးများက မိဘအပေါ်ကို တုံ့ ပြန်မဲ့ကျေးဇူးကို မျှော်တာ။ နောက် ကျန်တဲ့ တစ်ပါးက ဘ၀တစ်ပါးပြောင်းသွားတဲ့အခါ ကျန်ရစ်ခဲ့တဲ့ သားသမီးများက မိဘအပေါ်ကို တုံ့ ပြန်မဲ့ကျေးဇူးကို မျှော်တာ။
တစ်ယောက်နဲ့ တစ်ယောက်အပြန်အလှန်ချစ်ခြင်းနဲ့ နှောင်ဖွဲ့ နေတာကို ဦးဇင်းတို့ ပါဠိတော်မှာ ပေမ သို့ မဟုတ် ပိယ လို့ ခေါ်တယ်။ အရပ်ကတော့ ဒါကို ချစ်ခြင်းမေတ္တာလို့ ပြောတယ်။ ဒါပေမယ့် မေတ္တာ နဲ့ ပေမ က ကွာတယ်။ နည်းနည်းကွာတယ်။ မေတ္တာ ဆိုတာ ကိုယ့်အတွက် လုံးလုံးမကြည့်တာ မမျှော်လင့်တာ။ သူတစ်ပါးရဲ့ အကျိုးကို ကြည့်တာ။ အဲဒါကို မေတ္တာ လို့ ခေါ်တယ်။ ပေမ ဆိုတာကကြတော့ ကိုယ်ချစ်တဲ့လူရဲ့ အကျိုးကိုကြည့်တာလည်းပါတယ်။ ကိုယ့်အတွက်မျှော်လင့်တာလည်းပါတယ်။ အဲဒါကို ပေမ လို့ ခေါ်တယ်။

ပထမ မျှော်လင့်ချက်
မိဘတွေဟာ သားသမီးတွေကို လူလားမြောက်တဲ့အထိ ကျွေးမွေးပြုစု စောင့်ရှောက်လာတဲ့အတွက် နောင်တစ်ချိန်မှာ သူတို့ ကိုလည်း သားသမီးတွေက ကျွေးမွေးပြုစု စောင့်ရှောက်မယ်လို့ ဆိုတဲ့အသိနဲ့ မျှော်လင့်တာ။ မွေးကတည်းက လူလားမြောက်တဲ့အထိ ကျွေးမွေးပြုစုစောင့်ရှောက်လာခဲ့တဲ့ တယ်ဆိုတာ မေတ္တာလို့ ပြောပေမဲ့ ခုနပြောသလို သားသမီးတွေအတွက်လည်း ကြည့်တယ်။ ကိုယ့်အတွက်လည်း ကြည့်တယ်။ သားသမီးတွေ တုံ့ ပြန်လာမဲ့အကျိုးကိုလည်းမျှော်တဲ့အတွက် ပေမ ဖြစ်သွားတယ်။ ဒါကြောင့် မိဘ နဲ့ သားသမီး အချစ်သည် မေတ္တာနဲ့ ပေမ ရောနေတာ။ ပထမ မျှော်လင့်ချက်က ကိုယ့်သားသမီးတွေ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ပြီး ကိုယ့်ဝမ်းကိုယ်ကြောင်းနိုင်တဲ့အခါ အဲဒီအချိန် တို့ ကလည်း ကိုယ့်ဝမ်းကိုယ်မကြောင်းနိုင်တဲ့အချိန် သားသမီးတွေ တုံ့ ပြန်မဲ့အကျိုးကို မျှော်လင့်တာ။ ဒါပထမ တစ်ချက်လို့ မှတ်။

ဒုတိယမျှော်လင့်ချက်
မိဘတွေဟာ သားသမီးတွေကို လူလားမြောက်တဲ့အထိ နောက် ဒီကမ္ဘာပေါ်မှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်မရပ်နိုင်ခင်ကတည်းက ရပ်နိုင်တဲ့အထိ၊ ရပ်နိုင်ပြီးသော်လည်း ဆက်ပြီးကို သားသမီးအလုပ်တွေလုပ်ပေးနေရတုန်းပဲ။ မိဘတွေဟာ သားသမီးတွေအလုပ်ကို အမြဲတမ်း အချိန်တိုင်းကို လုပ်ပေးနေရတယ်။ နောက်ဆုံး ဒီမိဘတွေက ဘယ်ကိုမှ မသွားနိင်မလာနိုင် အိပ်ယာထဲလဲနေတဲ့အချိန်ထိတောင်မှ ကိုယ် နေထိုင်မကောင်းလို့ ခြေနဲ့ လက်နဲ့ မလုပ်ပေးရတာတောင်မှ အနည်းဆုံး နှုတ်နဲ့ သားသမီးတွေ အလုပ်လုပ်ပေးနေရတယ်။ အဲဒါ မေတ္တာနဲ့ ပေမ နှစ်ခုရော ပြီးတော့လုပ်ကြတယ်။ ဒီတော့ မိဘတွေက သားသမီးတွေကို ဒီကမ္ဘာပေါ်မှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ပြီး သူတို့ အလုပ်တွေ လုပ်နိုင်တဲ့အချိန် ၊ အဲဒီအခါ တို့ တွေကလည်း တို့ တွေအလုပ်ကို မလုပ်နိုင်တဲ့အချိန် သားသမီးတွေက ငါတို့ အလုပ်ကို လုပ်ပေးမယ်လို့ ဆိုပြီး မျှော်လင့်တယ်တဲ့။ ဒါ ဒုတိယမျှော်လင့်ချက်။
အဲဒီ မိဘ မျှော်လင့်ချက် ပြည့်စုံရင် ဒီသား ဒီသမီးဟာ သားကောင်းသမီးကောင်းပဲ။ မိဘက ဒီလိုမျှော်လင့်ပြီး စောင့်ရှောက်ခဲ့တာကို သိပြီး ကိုယ်က မိဘကို ပြန်လည် အလုပ်အကျွေးပြု စောင့်ရှောက်ခဲ့ရင် ထိုသားသမီးသည် တစ်ကယ့် သားကောင်းသမီးကောင်းပဲ။ မိဘတွေက ဘယ်လောက်ပဲ မျှော်လင့်ချက် ကြီးကြီးနဲ့ သားသမီးတွေအပေါ် ပြုစုစောင့်ရှောက် ဆောင်ရွက်ပေးခဲ့သော်လည်း ထိုသားသမီးက မိဘအပေါ် ပြန်လည်မဆောင်ရွက် မပြုစုခဲ့ရင် ထိုသားသမီးသည် သားကောင်းသမီးကောင်း မပီဘူး။

တတိယမျှော်လင့်ချက်
ကိုယ့် ရဲ့ အဖိုးအဖွား ဘိုးဘေး ဘီဘင် အစဉ်အဆက် ကိုပြန်ကြည့်လိုက်။ တို့ အမျိုးအနွယ်ရဲ့ ဓလေ့ထုံးစံဟာ ဘယ်လိုရှိလဲ ? ရတနာ သုံးပါးရဲ့ ဝတ်တရားတွေကို အမြဲတမ်းဆောင်ရွက်လာခဲ့တဲ့ ဒို့ အမျိုးအနွယ်။ တို့ အဖိုးအဖွား အမျိုးအနွယ်ရဲ့ ဓလေ့ထုံးစံဟာ သူတော်ကောင်းစရိုက် ကို အားမာန်ကြိုးပမ်း နဲ့ ဆောင်ရွက်လာခဲ့တဲ့ အမျိုးအနွယ်။ သူယုတ်မာတို့ ရဲ့ အကျင့်စရိုက် ကို ရှောင်ကြဉ်ပြီးတော့ ဆောင်ရွက်လာခဲ့တဲ့ အမျိုးအနွယ်။ သူတော်ကောင်းအမျိုးအနွယ် ဘုရားရဲ့ သားတော်သမီးတော်များဖြစ်ခြင်းဆိုတဲ့အတွက်ကြောင့် တို့ သား တို့ သမီးတို့ သည် တို့ တွေမရှိတော့တဲ့နောက် တို့ အဖိုးအဖွားတွေ လုပ်ဆောင်လာခဲ့တဲ့ ဓလေ့ထုံးစံအတိုင်း တို့ သား တို့ သမီးတွေကလည်း လုပ်ဆောင်လိမ့်မယ်လို့  မိဘတွေက သားအပေါ် သမီးအပေါ်မျှော်လင့်တဲ့ မျှော်လင့်ချက်။
ဆိုကြပါစို့ ။ မိဘနှစ်ပါးဟာ ကျောင်းတိုက်တစ်ခုမှာ နေ့ စဉ်နေ့ စဉ် ဆွမ်းဝတ်တည်တယ်။ သို့ မဟုတ် တစ်လ တစ်ခါ ဆွမ်းဆက်ကပ်တယ် ဆိုကြပါစို့ ။ သို့ မဟုတ် စေတီတော်ကြီးတစ်ခု မှာ ၀တ်တစ်ခုအမြဲတမ်း ဆောင်ရွက်နေတဲ့ မိဘတွေဖြစ်တယ် ဆိုကြပါစို့ ။ အဲလိုမိဘမျိုးတွေ သားသမီးလေးတွေ ရှိလာတဲ့အခါမှာ သူတို့ သားသမီးတွေအပေါ်ကို အဲဒီ မျှော်လင့်ချက်လေး ထားတယ်။ တို့ ဆောင်ရွက်တဲ့ ဘုရားဝတ် တရားဝတ် သံဃာဝတ် ဆွမ်းဝတ် ကျောင်းဝတ် အဲဒီဝတ္တရားတွေကို တို့ တွေမရှိတဲ့နောက် တို့ သားတွေ တို့ သမီးတွေ ဟာ လုပ်မှ လုပ်ကြပမလား။ လုပ်ကြပါစေ ဆိုပြီးတော့ မျှော်လင့်ချက်ရှိတယ်တဲ့။ မိဘက ဘုရားဝတ် တရားဝတ် သံဃာဝတ် စေတီဝတ် ဆွမ်းဝတ် ကျောင်းဝတ် တွေနဲ့ နေ။ မိဘလည်းမရှိတဲ့အခါ သားသမီးလက်ထက်လည်းရောက်ပြီဆိုရော် အဲဒီ ၀တ်တွေကို အကုန်ဖျက်ပြစ်ပြီ ဆိုလို့ ရှိရင် အဲဒီသားသမီးတွေသည် သားကောင်းသမီးကောင်းမပီသတော့ဘူး။ တို့ ဘိုးဘွား ဘီဘင် ရဲ့ သူတော်ကောင်းစရိုက် မိဘတွေရဲ့ ဓလေ့ကို မဖျက်ဆီးဘူး ၊ ဆက်လက်ထိန်းသိမ်းမယ်ဆိုလို့ ရှိရင် အဲဒီသားသမီးတွေ သားကောင်းသမီးကောင်းပီသတယ်တဲ့။ သားဝတ် သမီးဝတ် ကျေတယ်လို့ ဆိုကြရမယ်။ အဲဒါကို မိဘများက သားများ သမီးများအပေါ်မှာမျှော်လင့်ပါတယ်တဲ့။

စတုထ္တမျှော်လင့်ချက်
မိဘရဲ့ အမွေကို ဆက်ခံတာဟာ ဒါ ၀တ္တရား တစ်မျိုးလိုဖြစ်နေတယ်။
ကျွေးမွေးမပျက်
ဆောင်ရွက် စီမံ
မွေခံထိုက်စေ
လှူမျှဝေ၍
စောင့်လေမျိုးနွယ် ၀တ်ငါးသွယ်
ကျင့်ဖွယ်သားတို့  (သမီးတို့) တာ။

သင်္ဂဇာ ဆရာတော်ဘုရားကြီးရေးခဲ့တာ။ အဲဒီမှာ မွေခံထိုက်စေ။ စကားလုံးမှာ ထိုက် ဆိုတဲ့စကားလုံးပါလာတယ်။ အဲဒီ ထိုက် ဆိုတဲ့စကားလုံးကို ပယ်လိုက်ရင် အမွေခံ။ မိဘရဲ့ အမွေကိုယူရုံနဲ့ ဒါ အမွေခံသားသမီးမဟုတ်ဘူး။ မွေခံထိုက် ၊ မိဘရဲ့ အမွေကို ခံယူထိုက်တဲ့သားသမီးဖြစ်မှ မိဘရဲ့ အမွေကို ယူရမယ်။ မိဘရဲ့ အမွေကို ယူပြီး သုံးဖြုန်းနေတာဟာ တစ်နည်းအားဖြင့် ဒီသားသမီးဟာ မိဘကို ပြစ်မှားနေတာပဲ။ ဘယ်လိုသားသမီး အမွေခံထိုက်လဲ ဆိုတော့ ခုန ရှေ့ကပြောခဲ့တဲ့သုံးချက်။ မိဘကိုကျွေးမွေးပြုစုစောင့်ရှောက်ရမယ်။ မိဘအလုပ်တွေကို လုပ်ပေးရမယ်။ မိဘတွေရဲ့ အစဉ်မပြတ်လုပ်ဆောင်လာခဲ့တဲ့ သူတော်ကောင်းစရိုက် ဓလေ့ထုံးတမ်းအစဉ်အလာတွေ ကို သားသမီးတွေက မပြတ်အောင် ဆက်လက်ထိန်းသိမ်းရမယ်။ အဲဒီအချက်တွေသာရှိမယ် လိုက်နာခဲ့မယ်ဆိုရင် ဒီသားဒီသမီးတွေဟာ မိဘရဲ့  ပစ္စည်းတွေ အမွေကို သုံးထိုက်တယ်တဲ့။ မကျင့်သုံးတဲ့ မလိုက်နာတဲ့ သားသမီးတွေ မိဘ့  ပစ္စည်း ကို မသုံးထိုက်ဘူး။ ခုနအရှေ့ကပြောခဲ့တဲ့သုံးချက်ကိုလည်း မလိုက်နာ မိဘကျေးဇူးကို မတုံ့ ပြန်တဲ့သားသမီးတွေဆို သားဆိုးသမီးဆိုးလို့ ပြောလို့ ရသလို မိဘ ပစ္စည်း လည်း မသုံးထိုက်ဘူး။ အမွေခံမထိုက်ဘူး။

ပဉ္စမမြောက်မျှော်လင့်ချက်
မိဘတွေဟာ ကံကုန်လို့ ကုသိုလ် ကုန်လို့ ဘ၀တစ်ပါးကူးပြောင်းသွားခဲ့သော် ၊ အဲဒီကူးပြောင်းသွားတဲ့ ဘ၀မှာ ကောင်းမှု ကုသိုလ်လုပ်လို့ မရတဲ့ဘ၀ဖြစ်နေခဲ့ရင် ( လုပ်လို့ ရတဲ့ဘ၀တွေလည်းရှိပါတယ်နော်။) ငါတို့ သားသမီးတွေသည် ငါတို့ ရှာဖွေထားခဲ့တဲ့ ပစ္စည်းတွေကို လက်ခံပြီးတော့ ခံယူပြီးတော့ တို့ ပေးထားခဲ့တဲ့အမွေတွေကို ခံယူပြီးတော့ တို့ သားတို့ သမီးတွေဟာ သူတို့ အတွက်လည်း သုံးစား တို့ အတွက်လည်း ကုသိုလ်ကောင်းမှုပြုပေးပြီး နေရစ်ကြလိမ့်မယ်လို့  ပဉ္စမမြောက်မျှော်လင့်ချက်ထားကြတယ်။

တို့ မိဘတွေ ရှာဖွေထားတဲ့ ပစ္စည်း တွေကို သုံးနေရင် တို့ ပြုသမျှ ကုသိုလ်အစုစုသည် တို့ မိဘအတွက်ပဲဖြစ်ရမယ်။ အဲဒီအချက်သည်အရေးအကြီးဆုံးအချက်။ သားသမီး ၀တ္တရားသည် အဲဒီတိုင်ရောက်မှ ကျေတယ်။ ရှေ့က ၀တ္တရား ၄ ပါး ဘယ်လောက်ပဲ ကျေကျေ ဒီ ပဉ္စမ မြောက် ၀တ္တရားမကျေရင် ဒီသားသမီး သည် သားသမီးဝတ္တရား တစ်ကယ်မကျေပါဘူး။ မိဘကို နှစ်ပေါင်း တစ်ရာတိုင် အောင် ပုခုံးမှာထားပြီး ပြုစုစောင့်ရှောက်လုပ်ကျွေးရင်တောင် ခုနက ပဉ္စမ မြောက် ၀တ္တရားမကျေရင် သားသမီးသည် သားသမီးဝတ္တရား တစ်ကယ်မကျေပါဘူးတဲ့။ အဲဒါကြောင့် မိဘကျေးဇူးဆပ်လို့ မကုန်နိုင်ဘူး ဆိုတဲ့ စကားဖြစ်လာတာ။

ဒီနေရာကို သေချာစိစစ်ကြည့်မယ်ဆိုရင် မိဘအတွက် ရည်စူးပြီး ကုသိုလ်ကောင်းမှုလုပ်ပေးတာ နှစ်မျိုးရှိတယ်။ ပထမက မိဘသက်ရှိထင်ရှားရှိတုန်းမှာ မိဘအတွက်ကိုရည်စူးပြီး ကုသိုလ်ကောင်းမှုလုပ်ပေးတာရယ် ၊ မိဘတွေ ကွယ်လွန်သွားပြီးမှ မိဘအတွက်ကိုရည်စူးပြီး ကုသိုလ်ကောင်းမှုလုပ်ပေးတာရယ်။ နှစ်မျိုး။ အဲဒီမှာ မိဘသက်ရှိထင်ရှားရှိတုန်းမှာ မိဘအတွက်ကိုရည်စူးပြီး ကုသိုလ်ကောင်းမှုလုပ်ပေးတာသည် အမွန်မြတ်ဆုံး။ အကောင်းဆုံးပဲတဲ့။ ဒီထက်ပိုကောင်းတာရှိသေးတယ်။ သရဏဂုံ သီလ မဆောက်တည်ဘူးတဲ့ မိဘဖြစ်ရင် သရဏဂုံသီလဆောက်တည်ဘူးအောင် ၊ ကမ္မာဌာန်း ၀ိပသနာ တရားမနာကြားဘူးသေးတဲ့ မိဘဖြစ်ရင် ကမ္မာဌာန်း ၀ိပသနာ တရားနာကြားဘူးအောင် ၊ သီလ သမာဓိ ပညာ သိက္ခာသုံးပါး မကျင့်သုံးဘူးသေးတဲ့ မိဘဖြစ်ရင် သီလ သမာဓိ ပညာ သိက္ခာသုံးပါး ကျင့်သုံးဖြစ်အောင် ၊ ဒီ လောကမှာတင် မိဘရဲ့ အကျိုးကို လုပ်ပေးတဲ့သားသမီးသည် ပိုရွေ့ ပိုရွေ့ သားသမီးဝတ္တရား ကျေပါတယ်လို့……မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သောတရားဒေသနာတော်ကို ဓမ္မဒါန ပြုတဲ့ အနေနဲ့ ဓမ္မလရိပ်မှ တိုက်တွန်းဆန္ဒပြုပါတယ်။
အရှင်စန္ဒိမာ(ဓမ္မလရိပ်)

Thursday, August 4, 2011

အာမခံ၍ မရသော သဒ္ဓါတရား




မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်အခါက ရှင်သီဝလိမထေရ်မြတ်၏ မိခင်ဖြစ်သော သုပ္ပ၀ါသာမင်းသမီးသည် ရှင်သီဝလိကို ကိုယ်ဝန်ဆောင်ထားရစဉ် သေမလား ရှင်မလားဆိုသည်ကို သေချာမသိနိုင်သောကြောင့် မသေခင်ကုသိုလ်လုပ်သွားချင်၍ သူ၏ခင်ပွန်းဖြစ်သော ကောလိယမင်းသားအား မြတ်စွာဘုရားထံသို့ ဆွမ်းစားပင့်ရန် စေလွှတ်ခဲ့လေသည်။
ကောလိယမင်းသားသည် ဇနီးဖြစ်သူ သုပ္ပ၀ါသာ၏စကားကို ယူဆောင်၍ မြတ်စွာဘုရားထံသို့သွားရောက်ကာ အကျိုးအကြောင်းကို လျှောက်ထားလေသညိ။ သုပ္ပ၀ါသာမင်းသမီး၏ သဒ္ဓါတရားကိုငဲ့၍ နေအိမ်သို့ အလှူခံကြွရောက်ပါရန်လည်း ပင့်လျှောက်လေသည်။ မြတ်စွာဘုရားက သုပ္ပ၀ါသာမင်းသမီး၏ အလှူကို ချက်ချင်း လက်မခံသေးဘဲ ဆိုင်းငံ့ထား၏။ ဤသို့ဆိုင်းငံ့ထားရခြင်းမှာ သုပ္ပ၀ါသာမင်းသမီးထံမှ အပင့်မရောက်မီ အရှင်မောဂ္ဂလာန်ကို ဆည်းကပ်ကိုးကွယ်သော ဒကာတစ်ဦးက ပင့်ထားပြီးဖြစ်၍ ချက်ချင်း ၀န်မခံခြင်း ဖြစ်ပေသည်။
အလှူ (၂)ခု တိုက်ဆိုင်နေသဖြင့် မြတ်စွာဘုရားရှင်က အရှင်မောဂ္ဂလာန်ကိုခေါ်၍ အရှင်ဒကာကို အလှူရက်များ နောက်ဆုတ်ပေးနိုင်မလား မေးဖို့ရန် စေလွှတ်လိုက်လေသည်။ အရှင်မောဂ္ဂလာန်က သူ၏ဒကာကို ပြောပြသည်မှာ အလှူ(၂)ခု တိုက်ဆိုင်နေသည့်အတွက် ဝေဒနာသည်ကို ဦးစားပေးသောအားဖြင့် ဒကာကြီး၏ အလှူရက်ကို (၇)ရက်မျှ နောက်သို့ ရွှေ့ပေးရန် ဖြစ်နိုင်မလားလို့ မေးသောအခါ အလှူဒကာကြီးက ပြတ်ပြတ်သားသား ပြန်၍လျှောက်ထားလိုက်သည်မှာ အရှင်ဘုရားများ ဖြစ်စေချင်သလို တပည့်တော်၏ အလှူရက်ကို နောက်သို့ ရွေ့ဆိုင်းပေးပါမည်။ သို့ရာတွင် ခုနစ်ရက်အတွင်း တပည့်တော်၏ အသက်ရယ်၊ စည်းစိမ်ဥစ္စာရယ်၊ သဒ္ဓါတရားရယ် ဤသုံးမျိုး မပျက်စီးစေရပါဘူးလို့ အရှင်ဘုရားတို့ အာမခံနိုင်ပါ့မလား၊ အာမခံနိုင်ရင် တပည့်တော်ရဲ့ အလှူရက်ကို ရွေ့ပေးပါမယ်ဘုရားဟု လျှောက်ထားလေသည်။
ထိုအခါ အရှင်မောဂ္ဂလာန်ကိုယ်တော်မြတ်က ဒကာကြီးရဲ့ တင်ပြချက်ဟာ သဘာဝကျပါပေတယ်။ ဒါပေမဲ့ အသက်နှင့် စည်းစိမ်ကိုတော့ (၇)ရက်အတွင်း မပျက်စီးစေရပါဘူးလို့ အာမခံမယ်ဆိုလျှင် ခံနိုင်စရာ ရှိပါတယ်။ သဒ္ဓါတရားကိုတော့ အာမမခံနိုင်ပါ။ ဒကာကြီးဘာသာ လိမ္မာသလို မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ပါဟု မိန့်တော်မူလေသည်။
မှန်ပေသည်။ သဒ္ဓါတရားဆိုသည်မှာ သူပေါ်ချင်တဲ့ချိန်မှ ပေါ်ပေါက်လာသောအရာဖြစ်ပေသည်။ အမြဲတမ်းသဒ္ဓါတရားဖြစ်ဖို့ရန်မှာ ဘုရားလောင်းများနှင့်အရိယာပုဂ္ဂိုလ်များမှသာ ဖြစ်နိုင်ပေသည်။ ပုထုဇဉ်များအနေဖြင့် မိမိသန္တာန်၌ သဒ္ဓါတရားပေါ်ပေါက်လာချိန် သဒ္ဓါတရားရှိနေခိုက်မှာ ဒါန၊ သီလ၊ ဘာဝနာများကို ပြုလုပ်ပေးသင့်ပါသည်။ ထို့ကြောင့် စာရေးသူတို့ လူသားများသည် မိမိသန္တာန်ဝယ် သဒ္ဓါတရားဖြစ်ချိန်ကိုသာ အဓိကထား၍ နေ့ရက်ကောင်းများကို အဓိကမထားဘဲ အလှူဒါနစသည်များကို ပြုလုပ်ကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ရပေသည်။
အရှင် စန္ဒိမာ(ဓမ္မလရိပ်)

Sunday, July 3, 2011

ကံကြမ္မာ ကျွန်းလေးပေါ်မှ ဗောဓိမင်းသား ဇနီးမောင်နှံ





"ကောင်းမူလုပ်က ကောင်းကျိုးရ လောက ဓမ္မတာ၊ မကောင်းမူလုပ်က မကောင်းကျိုးရ လောကဓမ္မတာ" လို့ ဆိုတဲ့ အတိုင်း အတိတ်ဘ၀က  အကုသိုလ် ကံကြောင့် မြတ်စွာဘုရားရှင်  လက်ထက်တွင် ဗောဓိမင်းသားရဲ့ ဇနီးမောင်နှံ ဇာတ်လမ်း အဖြစ်အပျက်ကို ကွန်ပျူတာ ဖန်သားပြင်တွင် သတိပြုရန် တင်ပြလိုက်ပါတယ်။
ဗောဓိမင်းသားဇနီးမောင်နှံတို့သည် တနေ့ ဘုရာရှင်အား ပင့်ပြီးဆွမ်းကျွေးရန်စိတ်တူ ကိုယ်တူ တိုင်ပင်ကြလေသည် ။ အေးဒီအတိုင်းဘဲ စီစဉ်ကြရင်း လမ်းတွင် ပုဆိုးခင်းပြီး အကယ်၍ ခင်းထားသောပုဆိုးကို ဘုရား၇ှင် နင်းသွားပါက သားသမီးရအံ့ဟု နှလုးံသွင်းထားကြပါသည်။ 
သို့သော် ဘုရားရှင်က မနင်းသဖြင့် ခင်းထားသောပုဆိုးကို ဘာကြောင့် မနင်းပါသနည်း ဟု မင်းသားက မေးလျှောက်သည့်အခါ..... ဘုရား၇ှင်က မင်းသားကို ပြန်၍ မည်သည့်ရည်ရွယ်ချက်ဖြင့် ပုဆိုးကို ခင်းထားသနည်းဟု ပြန်မေးခဲ့ပါတယ်။
မင်းသားက  သားသမီးရအံ့ပါက  ဘုရား၇ှင် ပုဆိုးကို နင်းသွားပါစေ ဟု ဆန္ဒပြုထားပါကြောင်း ပြန်လျှောက်ခဲ့ပါသည်။ ထိုအကြောင်းကြောင့် ပုဆိုးကို ငါမနင်းကြောင်း ဘုရားရှင်က ပြောပြီး အတိတ် အကြောင်းဇာတ်လမ်းကို ဟောပြောခဲ့ပါသည်။
ရှေးဘ၀ တစ်ခုက သင်တို့လင်မယား ခ၇ီး အတူသွားစဉ် သင်္ဘောပျက်၍ ကံအားလျှော်စွာ ကျွန်းပေါ်ရောက်ပြီး  စားစရာမရှိသဖြင့် ကြက်ဥ၊ ငှက်ဥ၊ တို့ကို အသိုက်ဖျက်ပြီး စားသောက်ခဲ့သော အကုသိုလ်ကံအလှည့်ကြောင့် ဤဘ၀တွင် သား သမီးရရန်အကြောင်းမမြင်သဖြင့်ငါမနင်းကြောင်း ဓမ္မအနေဖြင့်ဟောကြားခဲ့ပါသည်။  ထို့ကြောင့်  အနန္တဂုဏ်အင် မြတ်ဗုဒ္ဓသည်ပင် သားသမီး ရစေ  မရစေဟုနှလုးံသွင်း ဖန်ဆင်းခြင်း မဟုတ်ကြောင်းမိမိတို့၏ ကံကုသိုလ်၊ အကုသိုလ် အလျှောက်သာ ဖြစ်ကြရမည်ကြောင်းကို ဓမ္မလရိပ်မှ ဓမ္မဒါန ပြုပါသည်။
 အရှင်စန္ဒိမာ( ဓမ္မလရိပ်)


အလှဆုးံလူ


(၁)   ဦးခေါင်းကို.....ရတနာသုးံပါးဖြင့် အလှဆင်ပါ။
(၂)   နားကို...........တရားနာခြင်းဖြင့်အလှဆင်ပါ။
(၃)   ပါးစပ်ကို........သစ္စာစကားဖြင့် အလှဆင်ပါ။
(၄)  လက်ကို..........ဒါနဖြင့်အလှဆင်ပါ။
(၅)   ခန္ဓာကိုယ်ကို...သီလဖြင့် အလှဆင်ပါ။

 အရှင် စန္ဒိမာ(ဓမ္မလရိပ်)

Goal.................ပန်းတိုင်





ဘ၀မည်သည်၊    လူတိုင်းတောင့်တ
ဆန္ဒများစွာ၊    ရှိသည်သာတည်း။
ဆန္ဒလိုအင်၊    ပြည့်စုံခြင်းတည်း။
ကံ၊ ဥာဏ် ၊ ၀ိရိယ၊ သုးံခုမျှ၍
နေရာတကျ၊  အသုးံချသော်
မိမိဆန္ဒ၊   ပြည့်စုံရ၍
လိုရာပန်းတိုင်၊   ဆုပ်ကိုင်နိုင်မည်။
ဆန္ဒတစ်ခု၊   အာရုံပြု၍
ဥာဏ်စွမ်းမပါ၊    ခြေဗလာနုင့်
ကာယအားကိုး၊    ပြေးလွှားတိုးက
ပန်းတိုင်မရောက်၊     အသက်ပျောက်အံ့။ ။ ။
 အရှင် စန္ဒိမာ(ဓမ္မလရိပ်)

Friday, July 1, 2011

နှလုးံသွင်း မှန်ကန်ပါစေ

      
        ဓမ္မပဒ ပါဠိတော်ထဲမှာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက " မိစ္ဆာပဏိဟိတံ စိတ္တံ၊ ပါပိယော  နံ တတော ကရေ ။ သမ္မာပဏိဟိတော စိတ္တံ၊ သေယျသော နံ တတော ကရေ"           "မကောင်းသောစိတ်ဟာ ထိုစိတ်ရှိသူကို ယုတ်ညံ့ဆိုး၇ွာသူဖြစ်အောင်ပြုလုပ်ပေးပါတယ်။ ကောင်းသောစိတ်ကလည်း ထိုစိတ်ရှိသူကို အပြစ်ကင်းပြီး အထက်တန်းရောက်အောင်  ပြုလုပ်ပေးနိုင်ပါတယ်" လို့ဆိုပါတယ် ။ ဒီတော့ စိတ်ကောင်းလျှင် လူကောင်းဖြစ်တယ် ။ စိတ်မကောင်းလျှင် လူမကောင်း လူဆိုးဖြစ်တယ်လို့ မှတ်ယူရပါမယ်။ ပြောလိုတာကတော့ လိမ္မာတာစိတ်ကြောင့်၊ ဆင်းရဲတာ စိတ်ကြောင့်၊ ချမ်းသာတာစိတ်ကြောင့် စသဖြင့် အကျယ်အားဖြင့်လည်း မိမိတို့ရဲ့စိတ်ထဲမှာ မှတ်ထား သင့်ပါတယ်။ 
                 ဒါကြောင့် ..ရှေး ပညာရှိ ဆရာတော်ကြီးတစ်ပါးက " စိတ်လိမ္မာမှ ၊ရုပ်သက်သာမည်၊၊ စိတ်မလိမ္မာ၊ ရုပ်နာလိမ့်မည်။ အယုတ်အမြတ် ၊စိတ်ဓါတ်ဆောင်သည် ။ စိတ်မကောင်း၊ ရုပ်ပေါင်းခွေးဖြစ်မည်။" 
                စိတ်က မလိမ္မာလျှင် စိတ်၏မှီရာဖြစ်သော ရုပ်ခန္ဓာကိုယ်ကြီးနာသွားလိမ့်မည်။ စိတ်က လိမ္မာပါမှ စိတ်၏မှီရာဖြစ်သောရုပ်ခန္ဓာကိုယ်ကြီးသက်သာလိမ့်မည်။ ဘာကြောင့်လဲဆိုတော့ ယုတ်တာစိတ်ကြောင့်၊ မြတ်တာစိတ်ကြောင့်၊ လိမ္မာတာစိတ်ကြောင့်၊ မိုက်တာစိတ်ကြောင့်ဖြစ်လို့ပါ။  ယုတ်ညံ့တဲ့စိတ်မဖြစ်အောင်၊ မြင့်မြတ်တဲ့စိတ်ဖြစ်လေအောင်၊ ယောနိသောမနသိကာရ လို့ခေါ်တဲ့ နှလုးံသွင်းမှန်ကန်ဖို့ အရေးကြီးပါတယ်။ နှလုးံသွင်းမှန်ကန်လျှင် စိတ်ဓါတ်တွေနဲ့  လုပ်ရပ်တွေလည်း မှန်ကန်လာပါလိမ့်မယ်လို့...ဓမ္မလရိပ်မှ   Dhamma Sharing  အဖြစ် ဓမ္မဒါန ပြုပါတယ်။
 အရှင် စန္ဒိမာ(ဓမ္မလရိပ်)