*****May you be happy, healthy, wealthy and peace of mind those who have been visiting to my blog.*****
.
*****သစ်ပင်အရိပ် ဆွေမျိုးရိပ်နှင့် မိရိပ်ဘရိပ် ဆရာရိပ်ထက် မင်းရိပ်သည်သာ ဆင့်ဆင့်သာ၏။ ထိုမှတစ်ဖြာ မြတ်စွာဟောကြား တရားဆာယာ အရိပ်မှာကား လွန်စွာအေးမြ ချမ်းသာရ၍ မှီကြခိုသူ များဗိုလ်လူတို့ အပူခပ်သိမ်း ပ,ပျောက်ငြိမ်း၏ ။*****

Tuesday, October 30, 2012

သောဏနန္ဒဇာတ်တော်လာ မိဘဂုဏ်ရည် (၁၂) ပါး


(၁) မိဘတို့သည် သားသမီးအပေါ်မေတ္တာထားသောကြောင့် “ဗြဟ္မာ”မည်ပါတယ်။
(၂) ငယ်စဉ်ကတည်းက ဒီလိုစား၊ ဒီလိုသွား ဒီလိုနေ စသဖြင့် သင်ကြားပြသပေးသောကြောင့် “ လက်ဦးဆရာ” ဖြစ်ပါတယ်။
(၃)မိဘတို့သည် ရပ်ဝေးတွင် စီးပွါးရှာ၍ သားသမီးကိုကျွေးမွေးသည်။ သားသမီးတို့ကလည်း ထိုသို့ပြန်လည် လုပ်ကျွေးထိုက်သော “အာဟုနေယျ” ပုဂ္ဂိုလ်ဖြစ်ပါတယ်။
(၄)သားသမီးများရှာဖွေထားသည်ကို  မပျောက်ပျက်အောင် တိုးတက်အောင်စောင့်ရှောက်ပေးသော “ပုဗ္ဗဒေ၀တာ” ပုဂ္ဂိုလ်ဖြစ်ပါတယ်။
(၅) သားသမီးများမမွေးခင်ကတည်းက ကြိုတင်ချစ်ခင်လွန်းသောကြောင့်  “သုဟဒ” ပုဂ္ဂိုလ်ဖြစ်ပါတယ်။
(၆)လူဖြစ်အောင်မွေးဖွားပေးခဲ့သော မိခင်၏ဂုဏ်ကို “ဇနေတ္တိ” ဟုခေါ်ပါတယ်။
(၇)နို့ချိုတိုက်ကျွေးခဲ့သော မိခင်၏ ဂုဏ်ကို “ပေါသက” ဟုခေါ်ပါတယ်။
(၈)ယုယကြင်နာစွာ မွေးဖွားပေးခဲ့သော မိခင်၏ဂုဏ်ကို “ပေါသေန္တ”ဟုခေါ်ပါတယ်။
(၉) မိဘတို့သည် သားသမီးများကို အမြဲတစေစောင့်ရှောက်နေတတ်သောကြောင့် “အာပါဒက”ဟုခေါ်ပါတယ်။
(၁၀) လောကအကြောင်း၊လူအကြောင်းကို သူတို့သိသမျှ သားသမီးများသိရအောင် ပြောပြတတ်သောကြောင့် “ဒေဿတာရ” မည်ပါတယ်။
(၁၁) သားသမီးများနားဝင်အောင် ချော့မော့ပြောပြတတ်သောကြောင့် “တောသယန္တိ”ဟုခေါ်ပါတယ်။
(၁၂) ကိုယ်သုးံဖို့ရှာဖွေထားသော ပစ္စည်းများကို ကိုယ်ကိုယ်တိုင်မသုးံရက်၊ မစားရက်ဘဲ သားသမီးများအတွက် ချန်ထားတတ်သောကြောင့်  “ဂေါပယန္တိ” ဟုခေါ်ပါတယ်။
ဤဂုဏ်ရည်များသည် မိဘတို့က သားသမီးအပေါ် မည်မျှကောင်းကြောင်း ထင်ရှားစေသော ဂုဏ်ရည်များ ဖြစ့်ပါသောကြောင့် သားသမီးတိုင်း မိဘကျေးဇူးကိုသိတတ်နားလည်နိုင်တတ်ကြပါစေလို့…. 

                                                           အရှင်စန္ဒိမာ (ဓမ္မလရိပ်)
                                                              

Wednesday, October 24, 2012

မွေးနေ့မှာ အမေကို သတိရနိုင်ကြပါစေ


မွေးနေ့ဆိုတာ  လူသားတစ်ယောက် လူ့လောကကြီးထဲသို့ မိခင် ၀မ်းကြာတိုက်ကနေ မွေးဖွားသန့်စင် လူဖြစ်လာသည့် ခန္ဓာအိမ်ကို ရတဲ့ နေ့ရက်အား ဂုဏ်ပြုသတ်မှတ်ခေါ်ဆိုသောနေ့ (တစ်နည်း) ကိုယ့်မိခင်က ကိုယ့်ကို မွေးခဲ့တဲ့နေ့ဖြစ်လို့ မိခင်ကို အလေးအမြတ်ပြုရမဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။
မြတ်စွာဘုရားရှင်ရဲ့ တရားဒေသနာတော်အရ “ဘ၀ပစ္စယာ ဇာတိ”  ကမ္မဘ၀လို့ခေါ်တဲ့ အတိတ်ဘ၀က ပြုလုပ်ခဲ့တဲ့ ကုသိုလ်ကံကြောင့်   ဥပပ္ပတ္တိဘ၀ လို့ဆိုတဲ့ ယခုဘ၀မှာလာပြီး လူ ဖြစ်လာပါတယ်။
တကယ်တော့ လူ့ဘ၀ လူ့အဖြစ်ကို ရတယ်ဆိုတာ တွေးကြည့်ရင် အမတန်မှ ခဲ့ယဉ်းလှတဲ့ ဘ၀တစ်ခုပါ။ " လူ့ပြည်က အပ်တစ်စင်းကို မိုးပေါ်ထောင် ၊မိုးပေါ်က အပ်တစ်စင်းကို လူ့ပြည်ပစ်ချ၊ ထိုအပ်နှစ်စင်း ထိပ်ချင်းထိလျှင် ထိမည်။ လူ့ဘ၀ကို ရရှိရန်တော့ မလွယ်ပါဘူး။ ပြီးတော့ ပင်လယ်သမုဒ္ဒရာထဲ မျောချင်ရာမျောနေသော အပေါက်တစ်ပေါက်ပါ  ပျဉ်ချပ်ကဲ့သို့  အနှစ်တစ်ရာမှ တစ်ခါ သမုဒ္ဒရာရေမျက်နှာပေါ် ပေါ်ချင်ရာပေါ်သည့် လိပ်ကန်းကြီး၏ ဦးခေါင်း စွပ်မိလျှင်  စွပ်မိမည် လူ့ဘ၀ကို ရရှိရန်တော့ မလွယ်ကူပါ"။  ဒါကြောင့်လည်း ဘုရားရှင်က အလွန်တရာမှ ရခဲ့လှပါတယ်ဆိုတဲ့ ဒုလ္လဘတရား ငါးပါးထဲမှာ လူ့ဘ၀ကို “မနုသတ္တဘာဝ ဒုလ္လဘ” လို့ အတိအကျဟောကြားထားပါတယ်။  လွယ်လွယ်လေးနဲ့ လူ့ဘ၀ကို ရလာတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး ။
ဒီတော့ လူဖြစ်ရင် ဘ၀ တစ်ခုရလာမယ်။  ဘ၀ရရင် ခန္ဓာရတယ်။ ဒီခန္ဓာဟာ ဘယ်အချိန်က စပြီး ရလာသလဲဆိုရင် မိခင်ရဲ့ ၀မ်းကြာတိုက်ကနေ မွေးဖွားတဲ့ နေ့ကစပြီး ခန္ဓာကိုယ် စပြီးရလာခဲ့တာပါ။  ဒါကြောင့် မွေးနေ့မှာ အထူးသဖြင့်  မိခင်ကို အရင် ရှိခိုးကန်တော့ပြီး..( အမေ သုးံဖို့၊ အမေ လှူလိုရာ လှူဖို့ ၊ အမေ စိတ်ချမ်းသာဖို့ ) မိမိက ကုသိုလ်ကောင်းမူတွေ ပြုလုပ်ပေးသင့်ပါတယ်။  ပြီးမှသာ တခြားသော သူတွေကို  မုန့်လေးဘာလေး ကျွေးချင်ရင်ကျွေးပါ။ ဒီလိုဆိုရင် မွေးနေ့ဟာ ဘယ်လောက်ကြည်နူးစရာကောင်းမလဲ…။ သို့သော်လည်း တစ်ချို့တစ်ချို့သောမွေးနေ့ရှင်တွေဟာ ငွေတွေအမြောက်အများကုန်လို့ လှူဒါန်းမှ ကုသိုလ်ရတယ်လို့ထင်ကြသလို တစ်ချို့တစ်ချို့သော မွေးနေ့ရှင်တွေဟာလည်း အနောက်တိုင်းတွေကို အတုယူပြီး ပျော်ကြပါးကြတာတွေ ဒီခေတ်မှာတော့ အများကြီးတွေ့မြင်နေရပါတယ်။ ဒီနေ့မှာ မိခင်ကို ကန်တော့ဖို့ ၊ မိခင်ကိုစိတ်ချမ်းသာအောင်ထားဖို့တော့ မေ့နေကြတယ်။
အမှန်စင်စစ်အားဖြင့်  မွေးနေ့မှာ မိခင်ထက် ကျေးဇူး ကြီးမားတဲ့သူ ၊မိခင်ထက် မေတ္တာ ကရုဏာတွေ ကြီးမားတဲ့သူ ဒီကမ္ဘာမှာ ဘယ်သူရှိမှာလဲ။ လူတိုင်းမှာ ကျေးဇူးရှင်များကိုယ်စီရှိကြပေရာ ကျေးဇူးရှင်များအပေါ် ကျေးဇူးတင်စေတဲ့အကြောင်းအရာများကို မသိ၍သာ ကျေးဇူးကို ပြန်လည် မပေးဆပ်ကြသေးဘဲ လွှင့်မျော၊ မေ့လျော့ နေတတ်ကြပါတယ်။ ကျေးဇူးရှင်များ၏ ကျေးဇူး (ဂုဏ်တော်) ကို  မှန်ကန်စွာသိလာသည်နှင့်အမျှ ကျေးဇူးတရားအား ပြန်လည် မပေးဆပ်ဘဲ မနေနိုင်ကြတော့ပါ။  ကျေးဇူးတရားတို့မည်သည် ပြန်လည်ဆပ်၍ ကျေတယ်လို့ ဆိုရိုးထုံးစံမရှိပါသော်လည်း ယူပြီးကြွေးမြီကို ပြန်လည်ပေးဆပ်ရန် တာဝန်ရှိသကဲ့သို့ တင်ပြီးကျေဇူးကြွေးကိုလည်း ပြန်လည်ပေးဆပ်ရန်မှာ လူသားတိုင်းရဲ့ တာဝန်တစ်ရပ်ဖြစ်ပါတယ်။  ဒါကြောင့်လည်း နိုင်းတုစရာမရှိသော မိခင်ရဲ့ ကျေးဇူးတရားတွေကို အာရုံပြုပြီး  “မွေးနေ့ မွေးရက် ကုသိုလ်ဆက် အသက်ရှည်တတ်တယ်” လို့ စာပေကျမ်းဂန်များမှာ ပါရှိသလို မွေးနေ့မှာ မိခင်ကို လှူတဲ့အလှူဟာ အမွန်မြတ်ဆုးံသော အလှူတစ်ခု ဖြစ်ပြီး   အလှူရှင် ဖြစ်တဲ့ မိမိအတွက်လည်း ဒီကုသိုလ်ကောင်းမူကြောင့်  အသက်ရှည်ခြင်းဆိုတဲ့ အကျိုးတရားကို ရရှိမှာပါ ။ ။   "မိမိထက် အသက် သိက္ခာ ဂုဏ်ဝါ ကြီးသောသူတို့ကို အရိုသေပြုလေ့ ရှိခိုးကန်တော့လေ့ ရှိသောသူတွေဟာ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ခွန်အားကြီးခြင်း၊ ချမ်းသာခြင်း " ဆိုတဲ့ အကျိုးတရားလေးပါးကို  အမှန်ပင်ရရှိနိုင်ကြောင်းကို ဓမ္မပဒ ပါဠိတော်ထဲမှာ ဖတ်ရူလေ့လာ မှတ်သားရပါတယ်။
မွေးနေ့နဲ့ ပါတ်သက်လို့ လောကဥပမာ တစ်ခု အနေနဲ့ ပြောပြရမယ်ဆိုရင် ..လူတွေဟာ ကိုယ်နေဖို့ အိမ်ကို ဆောက်ကြတဲ့အခါ အိမ်ပုံစံလှလှလေးတွေကို  ရွေးချယ်ပြီး ဆောက်တတ်ကြပါတယ်။ ဆောက်ပြီးတော့ ပိုလှအောင် ဆေးရောင် အမျိုးမျိုး သုတ်ကြပါတယ်။ ဒီတော့ အိမ်လေးဟာ နေချင်စရာကောင်းလိုက်တာလို့ တွေ့မြင်တဲ့ လူအားလုးံက ချီကျူးကြသလို  ဒီအတိုင်းပဲ မိမိဘ၀ မိမိခန္ဓာကိုယ် အိမ်ကလေး လှလှပပ သပ်သပ်ရပ်ရပ် တင့်တင့်တယ်တယ် ဖြစ်ချင်ရင် နေချင်ရင် အကုသိုလ်ကံ ဆိုတဲ့ လက်သမားကို  မငှါးမိဖို့ အရေးကြီးပါတယ်။ ဘာလို့လဲ ဆိုတော့ .. အကုသိုလ်ကံ လက်သမားဟာ လူနေတဲ့အိမ်တွေကို ဖြစ်ကလက်ဆန်း ပြီးပြီးရောဆိုပြီး ရွဲ့ရွဲ့စောင်းစောင်း ဆောက်တတ်တဲ့အလေ့ အကျင့်ရှိလို့ပါဘဲ။
ကုသိုလ်ကံ လက်သမားကတော့ ကျကျနန ဒီဇိုင်းလှလှစရွေးကျကျ ခိုင်ခံလှပအောင် ဆောက်တတ်ပါတယ်။  အကုသိုလ်ကံ လက်သမားဆောက်တဲ့အိမ်နဲ့ ကုသိုလ်ကံ လက်သမား ဆောက်တဲ့ အိမ်ကို နိုင်းယှဉ် ကြည့်မယ် ဆိုလျှင်လည်း လုးံဝ တူညီမူတွေမရှိပါဘူး ။  အဲဒါကြောင့်မို့ .. ဘ၀ခန္ဓာအိမ်လှလှပပ တည်ဆောက်ချင်ရင် ကုသိုလ်ကံလက်သမားနဲ့ ပေါင်းဆောက်ဖို့ လိုအပ်ပါတယ်။ ပြီးမှသာ ဘ၀ခန္ဓာအိမ်အသစ်ကလေးဟာ လှပတင့်တယ် ကျက်သရေရှိရှိ နေရ ထိုင်ရမှာပါ။ သို့သော်လည်း ဘ၀ခန္ဓာအိမ် အသစ်ပေါ် နေရတယ် ဆိုပြီး မေ့မေ့ လျော့လျော့ ပေါ့ပေါ့ ဆဆ နေဖို့တော့ မသင့်တော်ပါဘူး ။ အေးဒီ လောကအိမ်ကလေးဟာ ဆောက်လုပ်ပြီးလို့ တစ်နှစ်လောက် ကြာလာရင် အရောင်တွေ မှိန်လာ တတ်ပါတယ်။  ရေညှီတွေ နံရံပေါ်မှာတက်လာတတ်ပါတယ်။
အဲဒီလိုဖြစ်လာတဲ့အခါ အိမ်ရှင်က ငွေကို နှမြောမနေဘဲ သတိဝီရိယထားပြီး ဆေးသုတ်ပေးရင် အိမ်ကြီးဟာ ပကတိ အသစ်ကဲ့သို့ကောင်းမွန်လှပနေမှာဖြစ်ပါတယ်။ ဒီအတိုင်းပဲ မိမိတို့ ရှိထားတဲ့ ဆောက်လုပ်ထားတဲ့ လူ့ဘ၀ ခန္ဓာကိုယ်ကို ထာဝရ လှပအောင် တစ်နှစ်တစ်ခါဆိုသလို မွေးနေ့မှာ အထူးသဖြင့် အနန္တဂိုဏ်းဝင် ကျေးဇူးရှင် မိခင်ကို စိတ်ချမ်းသာဖို့ ကုသိုလ်တွေပြုလုပ်ပြီး ကုသိုလ်ဆေးရောင်တွေ သုတ်သင့်ပါတယ်။  ဒီလိုဆိုရင် လူ့ဘ၀ ခန္ဓာအိမ်ဟာ အမြဲထာဝရ အသစ်ကဲ့သို့ လှပသေသပ် ကျက်သရေမင်္ဂလာ ရှိနေမှာဖြစ်ပါတယ်။
ဒါကြောင့် လူ့ဘ၀ ခန္ဓာအိမ်မှာ ကပ်နေတဲ့ အကုသိုလ်ရေညှီတွေကို ခြုစ်ထုတ်ပြီး ကုသိုလ် ဆေးရောင် တွေ သုတ်လိမ်းရတဲ့အတွက် ယခုဘ၀မှာလည်း ကာယိကသုခ-ကိုယ်ကျန်းမာခြင်း၊ စေတသိက သုခ- စိတ်ချမ်းသာခြင်းလို့ခေါ်တဲ့ ချမ်းသာသုခ အ၀၀နှင့်ပြည့်စုံကြ၍ နောင်ဘ၀မှာလည်း ကောင်းရာသုဂတိ ဘုံဘ၀ ဘုံဌာနကို ဧကန်မုချ ရောက်ရှိနိုင်ပါလိမ်မယ်လို့... ကြည်နူးစရာကောင်းတဲ့ မွေးနေ့လေးကို တန်ဖိုးရှိရှိပြုလုပ်ရင်း...........
မွေးနေ့ရှင်များအားလုးံ မွေးနေ့မှာ  အမေကို မမေ့ကြပါနဲ့ အမေကို သတိရ ကန်တော့ နိုင်ကြပါစေ။ ။  ။ 

        သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ၊
အလှူ မှန်သမျှတွင်  တရားအလှူသည် အမြတ်ဆုးံ ၊
Dhamma- gift excels all other gifts.

                                                          အရှင် စန္ဒိမာ(ဓမ္မလရိပ်) 
                                                                           24,10,2012

Monday, September 17, 2012

*ချစ်လို့ပြောတာမှတ်ပါ*



ကွန်ပျူတာသုးံတဲ့အချိန်တွေများနေတယ်ဆိုတာကို သင့်ကိုသင် သတိထားမိရဲ့လား။ နာရီကို ကြည့်လိုက်ပါဦး.. (ညဉ့် ၁ နာရီ ၁၅ မိနစ် ) ရှိပြီ..  ဒီလိုသာ အချိန်ကို အတိုင်းအဆမသိဘဲ ကွန်ပျူတာကို သုးံနေရင် (၁) သင်ဟာ ကျောင်းသားတစ်ယောက်ဖြစ်နေမယ်ဆိုရင် (ကျောင်းသားတွေအတွက်) စာကျက်ပျက်မယ်။ (၂) သင်ဟာ စီးပွါးရေးလုပ်ငန်းပိုင်ချင်တစ်ယောက် ဖြစ်နေတယ်ဆိုရင် (စီးပွါးရေးလုပ်သူတွေအတွက်)  အလုပ်အချိန်နောက်ကျမယ်။ (၃) သင်ဟာရောဂါတစ်ခုခု ခံစားနေတယ်ဆိုရင် (မကျန်းမာတဲ့သူတွေအတွက်) ရောဂါတွေတိုးလာမယ်။ ကဲ့..ဘာတွေ ကောင်းကျိုးရှိလဲ ?
ကွန်ပျူတာကို လူသားတိုင်း အသိဥာဏ်၊ ဗဟုသုတ၊ သတင်းအချက်အလက်တွေနဲ့ ဆက်သွယ်ရေး တစ်ခု အနေနဲ့ အသုးံပြုသင့်တာမှန်ပေမေ့  အကျိုးရှိတဲ့နေရာမှာသာ အချိန်အတိုင်းတာ တစ်ခု ကန့်သတ်ထားပြီးသုးံသင့်ပါတယ်။ အချိန်ကို တန်ဖိုးရှိအောင်သုးံတတ်လျှင်  အချိန်တိုင်းမှာ တန်ဖိုးရှိနေမှာပါ။ အကျိုးမရှိဘဲ တစ်နေ့လုးံ (တစ်ချိန်လုးံ) ကွန်ပျူတာရှေ့မှာထိုင်နေတာမျိုး မဖြစ်သင့်ပါဘူး ၊အကျိုးမရှိရင်တော့ ဒီလောက်အချိန်အကြာကြီး မသုးံသင့်ဘူးဆိုတာကိုတော့  သင့်ကို သင် နားလည်ရမယ်။ "We can't substitute the time, it can't be created" အချိန်ကို အစားထိုးလို့လည်းမရသလို အချိန်ကို ဖန်တီးယူလို့လည်း မရနိုင်ပါဘူး။ ပြီးတော့  " Time wast is life wast" လို့ဆိုသလို အချိန်ကိုဖြုန်းတီးခြင်းဟာ ဘ၀ကို ဖြုန်းတီးခြင်း ဖြစ်တဲ့အတွက်ကြောင့် ...........
"သင်၏ တန်ဖိုးရှိသော အချိန်တွေကို ကွန်ပျူတာ အင်တာနက်ပေါ်မှာ အချိန်မကုန်ပါစေနဲ့ ။ 
ကွန်ပျူတာက ခိုင်းစေသော သင်မဖြစ်ပါစေနဲ့ ။ 
သင်က ခိုင်းစေသော ကွန်ပျူတာသာ ဖြစ်ပါစေ"
                                                                               
       ***မေတ္တာဖြင့်..... ချစ်လို့ပြောတာမှတ်ပါ***
                အရှင် စန္ဒိမာ (ဓမ္မလရိပ်)


Sunday, September 9, 2012

အလှူဒါန ပြုကြသောခါ

                               
   အလှူဒါနပြုခြင်းသည် " လွယ်မယောင်နှင့်ခက်  တိမ်မယောင်နှင့်နက်" ဆိုသလို  ကြည့်တော့ လွယ်မယောင်ယောင်နှင့် လက်တွေ့ကျတော့ အမှန်ပင်ခက်ခဲ့ပါတယ်။ မိမိပိုင် ပစ္စည်းကို သူတစ်ပါးအား ပေးရသော အလုပ်ဖြစ်၍ စစ်မှန်သော သဒ္ဓါတရားမပါဘဲ မရှိဘဲ အလှူပြုဖို့ရန် မလွယ်ကူလှပေ ။ ထို့ကြောင့် စာပေများ၌ အလှူဒါနကို စစ်ပွဲနှင့် နိုင်းယှဉ်၍ပြထားသည်ကို ဖတ်ရူလေ့လာ ရပါတယ်။ လောက၌ စစ်ပွဲတစ်ပွဲတိုက်ခိုက်ရန်သွားရမည်ဆိုပါက မည်သူမဆို အနည်း အများတော့  ကြောက်ရွံ့တတ် ကြပါတယ်။ စစ်ပွဲဆိုသည်မှာ အလှကြည့်နေခြင်းမဟုတ် ၊ ရန်သူနှင့် သူသေ ကိုယ်သေ ဆင်နွဲ့ရသည့် ပွဲမျိုးဖြစ်ပါတယ်။ အဆင်မတတ်လျှင် မိမိပါ ရန်သူလက်နက်ကြောင့် စစ်ပွဲ၌ကျရှူးံသွားနိုင်ပါတယ်။  ထို့ကြောင့်လည်း  စစ်ပွဲသို့ စစ်တိုက်သွားခါနီး ပုဂ္ဂိုလ်များမှာ စိတ်ဓါတ်ကို တည်ကြည်အောင်ပြုပြင်ကြရပါတယ်။ ရဲရင့်အောင်လည်း ကြိုးစားထားရသလို တက်ကြွအောင်လည်း ကြိုးစားထားရပါတယ်။         စစ်ပွဲသို့ စစ်တိုက်ရန်သွားသော ပုဂ္ဂိုလ်များအနေဖြင့် အနှောက်အယှက် များကို  ကျော်ဖြတ်၍ အတားအဆီးများကို ဖြတ်သန်းကာ စစ်ပွဲတွင်အောင်ပွဲများကို အမိအရယူလာဖို့ ဆိုသည်မှာ စစ်ရေးစစ်ရာ၌ ကျွမ်းကျင်ဖို့၊ သတိဝီရိယရှိဖို့ ၊ နယ်မြေဒေသတွေလည်း  အထိုက်အလျောက် ကျွမ်းကျင်ဖို့ လိုအပ်ပါတယ်။ သို့မှသာအောင်ပွဲနှင့် ပြန်လာနိုင်မှာဖြစ်ပါတယ်။ စစ်ရေးစစ်ရာလည်း မကျွမ်းကျင် ၊သတိဝီရိယလည်းမရှိ ၊နယ်မြေဒေသလည်း မကျွမ်းကျင်ဆိုပါက ထိုစစ်ပွဲအတွက် များစွာအန္တရယ်ရှိနိုင်ပါတယ်။ အောင်ပွဲများနှင့် ပြန်လာနိုင်ဖို့ ရန်လည်း ဖြစ်နိုင်မည် မဟုတ်ပါ ။ 
    စစ်ပွဲတစ်ပွဲကို နိုင်အောင်တိုက်ရမည်မှာ မလွယ်ကူလှသလို အလှူဒါနပြုသူတို့မှာလည်း အလှူဒါနတစ်ခု ပြီးမြောက်အောင်မြင်ဖို့ဆိုသည်မှာလည်း အမှန်ပင် မလွယ်ကူလှပါ။ ခက်ခဲလှပါတယ်။ လွယ်လွယ်နှင့်ကား မဖြစ်နိုင်ပါ ။
      "သတ္တ၀ါတို့၏ ပင်ကိုယ်စိတ်သည် မိမိပိုင်ပစ္စည်း ဥစ္စာများကို သူတစ်ပါးတို့အား ပေးဖို့ ၀န်လေးတတ်၊ နှမြောတွန့်တိုတတ်သည့် သဘောရှိကြပါတယ်။ ထိုနှမြောတွန်တိုမူ မစ္ဆရိယကို မတွန်းလှန်နိုင်သမျှ ၊ မတိုက်ထုတ်နိုင်သမျှ ဒါန တစ်ခုပြီးစီးအောင်မြင်ဖို့ ဆိုသည်မှာ ဘယ်လိုမှ မဖြစ်နိုင်ပါ ။   အလှူဒါနတစ်ခု ပြီးစီးအောင်မြင်အထမြောက်ရန်မှာ မစ္ဆရိယ ရန်သူကို ဦးစွာတိုက်ထုတ်ပစ်ရမည်ဖြစ်ပါတယ်။ မစ္ဆရိယရန်သူကို  အနိုင်ယူပြီးမှသာလျှင် အလှူဒါန တစ်ခု အထမြောက် အောင်မြင်နိုင်ပါမည်"။
 မစ္ဆရိယ ရန်သူကို တိုက်ရသည်မှာလည်း လွယ်ကူသော အလုပ်ကား မဟုတ်ပါ ။  အလှူတစ်ခုပြုတော့မည်ဟု စိတ်က တစ်ကြိမ် ဖြစ်ပေါ်လျှင် မစ္ဆရိယ ရန်သူက အကြိမ်တစ်ထောင် ဖျက်စီးပစ်တတ်ပါတယ်။  မအောင်မြင်ခင်ပင် မစ္ဆရိယ ရန်သူတိုက်ခိုက်၍ ဒါန စစ်ပွဲ၌  ကျရှူးခဲ့ရတတ်ပါတယ်။  မစ္ဆရိယ ရန်သူကို တိုက်ခိုက်ဖျက်စီးနိုင်ဖို့ ဝေးစွ ၀န်တိုမူ မစ္ဆရိယ အောက်၌ပင် ပြားပြားမှောက်လျှက် မရူမလှ ခံစားကြရ ၊ ကျရှူးံကြရပါတယ်။ ထိုပုဂ္ဂိုလ်များမှာ အလှူဒါန တစ်ခုပြုနိုင်ဖို့ရန်မှာ ပြောသလောက် မလွယ်ကူနိုင်ပေ။ 
 "မရှိလို့ မလှူ၊ မလှူလို့ မရှိ "ဖြစ်ရကာ သံသရာထဲဝယ် ဒါန ရိက္ခာထုတ်မပါသဖြင့် သံသရာခရီး  ကြမ်းကို ခက်ခက်ခဲခဲ လျောက်လှမ်းကြရတတ်ပါတယ်။ "ထီးနှင့် ဖိနပ်မပါ ၊နွေခါမှသိ၊ ဒါန နှင့် သီလမပါရင် သေခါမှသိ" ဆိုသလို အဖြစ်ဆိုးနှင့်လည်း ကြုံရတတ်ပါတယ်။ ဖြစ်လေရာဘ၀များစွာ၌လည်း ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်းဖြင့် ဘ၀ကို မရှုမလှ ဖြတ်သန်းကြရတတ်ပါတယ်။ ဒါနရိက္ခာထုတ်ပါသူများမှာတော့ သံသရာ ဘ၀ခရီး၌ မျက်နှာလည်းပွင့်၍ မျက်နှာပန်းလည်းလှကာ ခရီးမကြမ်းပဲ ချောမွေ့ရတတ်သည်ကများပါတယ်။ 
         "ဒါနကောင်းမူဟူသည်.. မျက်မှောက်ဘ၀ချမ်းသာ၊ တမလွန်ဘ၀ချမ်းသာ နိဗ္ဗာန်ချမ်းသာတို့၏ အကြောင်းလည်းဖြစ်ပါတယ်။ လောကကီဘက်၌ သိကြားမင်းစည်းစိမ်၊ မာရ်နတ်မင်းစည်းစိမ်၊   ဗြဟ္မာမင်း စည်းစိမ် ၊ စကြာမင်းစည်းစိမ်တို့ကို ပေးစွမ်းနိုင်၏ လောကကုတ္တရာဘက်၌ သာဝကဗောဓိဉာဏ်၊ ပစ္စေကဗောဓိဉာဏ်၊ သမ္မာသမ္ဗောဓိဉာဏ်တို့ကို ပေးစွမ်းနိုင်၏" ဟု  မဟာဗုဒ္ဓ၀င် ဒုတိယတွဲ စာမျက်နှာ (၅၀၆)  မှာတွေ့ရပါတယ်။  
                    အလှူဒါနတစ်ခုပြုဖို့ရန် မိမိ၏ရင်ထဲ နှလုးံသားထဲမှာ ဘုရား တရား သံဃာ ရတာနာမြတ် သုးံပါးအပေါ်၌ ဦးစွာကြည်ညိုလိုစိတ် ဖြစ်စေရန်လိုအပ်ပါတယ်။ ထိုမှတစ်ဆင့် ကြည်ညိုစိတ်ကိုပွးများယူကာ ၀န်တိုမူ မစ္ဆရိယကို ကျော်လွှားနိုင်အောင် ဉာဏ်ယှဉ်ဖို့လည်း လိုအပ်ပါတယ်။ ဉာဏ်ယှဉ်ဖို့ ဆိုသည်မှာလည်း လွယ်လွယ်နှင့်ကား မဖြစ်နိုင်ပါ .။ ကြိုးစားယူရပါမည်။
              " ငါသည် ယခုအခါမြတ်စွာဘုရားရှင်၏ သာသနာတော်နှင့် ကံကောင်းသဖြင့်တွေ့ကြုံရတယ်၊ အတိတ်၏ ကုသိုလ်ပါရမီကြောင့် လူ့ဘ၀ကိုလည်းရနေတယ်။ ဘုရားတရားသံဃာ ရတာနာမြတ်သုးံပါးကို ကြည်ညိုတတ်သည့် ဗုဒ္ဓဘာသာဝင်စစ်စစ်လည်း ဖြစ်နေတယ်။   တွေ့ခဲ့လှသည့် မြတ်စွာဘုရားရှင် သာသနာတော်နှင့်လည်း အလိုက်သင့် ကြုံတွေနေရဆဲဖြစ်ပါတယ်။ မြတ်စွာဘုရား၇ှုင်၏ သာသာနာတော် ဟူသည် ဘုန်းကံကြီးမားသော ပုဂ္ဂိုလ်များသာ တွေ့ကြုံရတတ်ပါတယ်။ ထိုသာသနာတော်ကိုလည်း ယခု ငါတို့ တွေ့ကြုံနေကြပြီ ။ ဒီလိုတွေ့ကြုံနေခိုက် သာသနာတော်နှင့်စပ်သည့် ဘုရားတည် ကျောင်းဆောက်စသော သာသနာပြုကုသိုလိထူးများကိုလည်း ငါတို့ပြုလုပ်သင့်တယ်။ ကြိုးစား အားထုတ် သင့်တယ်။ သာသနာတော်၌ ချီးမြောက်ခွင့် ကို ငါတို့ အလဟဿဖြုန်းတီးပစ်၍ မသင့်တော်။ ဘ၀သံသရာခရီးမှာ မလှူလို့ မရှိ၊  မရှိလို့ မလှူ မဖြစ်ရလေအောင် ငါတို့ဆောင်ရွက်သင့်တယ်။  ကြိုးလည်း ကြိုးစားသင့်တယ်"ဟု အထပ်ထပ် အခါခါ ဆင်ခြင်သုးံသပ်၍ ဉာဏ်ယှဉ်လာအောင်လည်း ကြိုးစားဆောင်ရွက် ရမှာဖြစ်ပါတယ်"။
             သာသနာတော်နှင့်တွေ့ကြုံပြီး သာသနာတွင်းအလှူများဖြစ်သည့် ရဟန်းသံဃာတော်များအတွက် ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး လေးပါးသော ပစ္စည်းများကိုလည်း လှူဒါန်းနိုင်ကြပါတယ်။ ထို့ပြင်..၀ါဆိုချိန်ဝါဆိုသင်္ကန်းအလှူ၊ ကထိန်ကာလ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကိုလည်း မိမိတို့စိတ်တိုင်းကျ ကာလဒါန အလှူအဖြစ်  လှူဒါန်းခွင့်ရနေကြပါတယ်။
 ရဟန်းခံ ၊ သိက္ခာထပ်၊ ရှုင်ပြု စသော သာသနာ့အမွေခံ ကုသိုလ်မျိုးကိုလည်း ပြုလုပ်နိုင်ကြပါတယ်။ မိမိတို့ကိုယ်တိုင်လည်း သာသနာတော်ထဲဝင်ရောက်၍ ရှင်ရဟန်းဘ၀ဖြင့် သာသနာ့တာဝန်များကို ကြိုးစားအားထုတ်နိုင်ကြပါတယ်။
 အဲဒီအတွက်ကြောင့်  ဗုဒ္ဓဘာသာဝင်များသည်  မိမိတို့၏စိတ်ကို ပြုပြင်၍ သဒ္ဓါတရား တိုးပွါးလာအောင်ပြုကာ မစ္ဆရိယရန်သူကို အလေးထိုး အနိုင်ယူလျှက် သာသနာပြုကုသိုလ်ကောင်းမူများကို ကြိုးစားအားထုတ် နိုင်ကြပါစေဟု....................
                
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ၊
အလှူ မှန်သမျှတွင်  တရားအလှူသည် အမြတ်ဆုးံ ၊
Dhamma- gift excels all other gifts.

                                                          အရှင် စန္ဒိမာ(ဓမ္မလရိပ်) 


Saturday, September 1, 2012

(၂၄) ပစ္စည်းပဌာန်းဒေသနာတော် နှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်များ


      ပဌာန်းဆိုတဲ့ ဝေါဟာရဟာ ပဌာန ဆိုတဲ့ ပါဠိဘာသာမှ ဆင်းသက်လာတဲ့စကားတစ်ခုဖြစ်ပါတယ်။ အဲဒီ ပဌာန ဆိုတဲ့ ပုဒ်ကို  ပဉ္စပကရဏ အဌကထာမှာ " ကေနဌေန ပဌာနန္တိ နာနာပ္ပကာရပစ္စယေန၊ ၀ိဘဇဌေန ပဌိတတ္ထေန -- လို့ဆိုပြီး (၁) အမျိုးမျိုးသောအကြောင်း (၂) ဝေဖန်ခြင်း (၃) ကျက်စားသွားလာရာ ဟူ၍ အဓိပ္ပါယ်သုးံ မျိုးဖွင့်ပြထား ပါတယ်။ 
ဒါကြောင့်- (၁) အကြောင်းအမျိုးမျိုးကို ဟောတော်မူသောကျမ်းဖြစ်၍ ပဌာန်း။
              (၂) ကုသိုလ်စသော တရားတိုကို ၂၄ ပစ္စည်းတို့ဖြင့် ဝေဖန်ထားသောကျမ်းဖြစ်၍ ပဌာန်း။
           (၃)သဗ္ဗညုတဥာဏ်၏ လွတ်လွတ်လပ်လပ် ကျက်စားသွားလာရာကျမ်းဖြစ်၍ ပဌာန်းဟု ခေါ်ဆိုခြင်းဖြစ်ပါတယ်။  ၂၄ ပဌာန်းဒေသနာတော်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာတော့ 

ဟေတုပစ္စယော - အကုသိုလ်ကင်း၍ ကုသိုလ်နှင့် ယှဉ်တွဲရပါစေသား။
အာရမ္မဏပစ္စယော-မျက်စိနှင့်နားသည် နိဗ္ဗာန်သို့မျက်မှောက်ပြူရပါစေသား။

အဓိပတိပစ္စယော - ရုပ်၊ နာမ်နှစ်ပါးတို့ကို စောင့်ရှောက်ထိန်းသိမ်းနိုင်ရပါစေသား။
အနန္တရပစ္စယော - များစွာသော ကုသိုလ်တရားတို့ကို မျက်မှောက်ပြူရပါစေသား။
သမနန္တရပစ္စယော - ရုပ်နှင့်နာမ် အတူရှိသောတရားတို့ကို မျက်မှောက်ပြူရပါစေသား။
သဟဇာတပစ္စယော - ရုပ်,ရုပ်ချင်း၊ နာမ်,နာမ်ချင်း ထင်ရှားစွာ သိရပါစေသား။
အညမညပစ္စယော - ရုပ်မှနာမ်သို့၊ နာမ်မှရုပ်သို့ပြောင်းလဲ၍ သိရပါစေသား။
နိဿယပစ္စယော - ရုပ်နာမ်နှစ်ပါးတို့၏ တည်နေရာကိုသိရပါစေသား။
ဥပနိဿယပစ္စယော - ရတနာသုံးပါးကို ဦးထိပ်ထားရပါစေသား။
ပုရေဇာတပစ္စယော - ရှေးကဖြစ်သော အကုသိုလ်ကိုပယ်၍ ကုသိုလ်ကိုမျက်မှောက်ပြုရပါစေသား။
ပစ္ဆာဇာတပစ္စယော - နောက်မှဖြစ်သော အကုသိုလ်ကိုပယ်၍ ကုသိုလ်ကိုမျက်မှောက်ပြုရပါစေသား။
အာသေ၀နပစ္စယော - လိုရာဆန္ဒမရှိအောင် ပြည့်စုံရပါစေသား။
ကမ္မပစ္စယော - ကံသုံးပါးကို ထိန်းသိမ်းနိုင်ရပါစေသား။
ဝိပါကပစ္စယော - ၀ဋ်ကြွေးသုံးသွယ်ကို ပယ်ဖျက်ရပါစေသား။
အာဟာရပစ္စယော - လိုရာဆန္ဒကို ပြည့်စုံစွာ ထောက်ပံ့ နိုင်ရပါစေသား။
ဣန္ဒြိယပစ္စယော - နာမ်ရုပ်ကို ထိန်းသိမ်းတတ်သော ပညာနှင့် ပြည့်စုံရပါစေသား။
ဈာနပစ္စယော - သူတော်ကောင်းတရား (ရ)ပါး၊ ဉာဏ်စဉ် (၅)ပါးနှင့် ပြည့်စုံရပါစေသား။
မဂ္ဂပစ္စယော - ဘာဝနာ (၂)ပါး အပေါင်းကို အာရုံပြု၍ အထွဋ်အထိပ် ပညာကိုရ, ရပါစေသား။
သမ္ပယုတ္တပစ္စယော - သူတော်ကောင်းတို့နှင့်ပေါင်း၍ (ရ)ဖြာသော တရားနှင့် ယှဉ်တွဲရပါစေသား။
ဝိပယုတ္တပစ္စယော - သူယုတ်မာနှင့်ဝေး၍ အကုသိုလ် ကင်းရှင်းရပါစေသား။
အတ္တိပစ္စယော - သမုတိနယ်၏ အရှိကို ဟုတ်မှန်စွာ သိရပါစေသား။
နတ္တိပစ္စယော - ပရမတ္တမရှိတရား၏ အသိကို မျက်မှောက်ပြုရပါစေသား။
ဝိဂတပစ္စယော - ရှေး၌ ပွင့်ပြီးကုန်သောဘုရားတို့ကို ရှိခိုးရပါစေသား။
အ၀ိဂတပစ္စယော - ပွင့်လတ္တံ.သော ဘုရားတို့ကို ရှိခိုးရပါစေသား။

၂၄- ပစ္စည်း ပဌာန်း ဒေသနာတော်ကို ရွတ်ဖတ်သောအားဖြင့် မျက်မှောက်ချက်ချင်း အခါမလင့် အောက်ပါကောင်းကျိုးတရားများကို ရရှိနိုင်ပါတယ်။
(၁) ရင်ဆိုင်ကြုံတွေ့နေရသည့် ဘေးအန္တရာယ် အသွယ်သွယ်တို့ကို လွန်မြောက်နိုင်ခြင်း ။
(၂) ကျရောက်လတ္တံသော ဘေးအန္တရာယ်တို့မှ ကင်းလွတ်နိုင်ခြင်း ။
(၃) အပြစ်ကင်း၍ ကောင်းကျိုးပွါးသည့် ဆောင်ရွက်ချက်ကိစ္စအ၀၀တို့ကို ပြီးစီးအောင်မြင်နိုင်ခြင်း။
(၄)  အပြစ်ရှိ၍ မကောင်းကျိုးဖြစ်စေမည့် ကျုးလွန်ခြင်းတို့မှ ရှောင်လွဲနိုင်ခြင်း ။
(၅)  အချုပ်အားဖြင့် ဆောင်ရွက်သမျှကောင်းမြတ်သည့် ကိစ္စခပ်သိမ်းတို့ကို ပြီးစီးအောင်မြင်နိုင်ခြင်း။
(၆) အဆုးံစွန်သောဘ၀၌ နိဗ္ဗာန်ကို   မျက်မှောက်ပြုရခြင်း စသည့်အကျိုးတရားတို့ကို ရရှိနိုင်ပါတယ်။  သို့ဖြစ်ပါသောကြောင့် “ ကောင်းရာမြတ်နိုး၊ ကောင်းအောင်ကြိုးပမ်း” နေသူတို့အတွက် ကောင်းကျိုးတွေဖြိုးဝေအောင် တန်ခိုးရှိန်စော် အာနုဘော်တို့ တိုးစေသည့် ၂၄-ပစ္စည်း ပဌာန်းဒေသနာတော်ကို နေ့ညမပြတ် ရွတ်ဖတ် သရဇ္ဈာယ်သင့်ပါတယ်။ ထို့ကြောင့် ဖြူစင်ကောင်းမြတ်သည့် ဗုဒ္ဓဘာသာဝင်သူတော်ကောင်းတို့သည် မိမိတို့မျှော်မှန်းသော ကောင်းမြတ်သည့် ကောင်းကျိုးမှန်သမျှကို ရရှိနိုင်ကြစေရန် ရည်သန်၍ ၂၄-ပစ္စည်း ပဌာန်းဒေသနာတော်နှင့် တကွ အဓိပ္ပါယ်ကို ဓမ္မဒါန အဖြစ် ရေးသားပူဇော်လိုက်ပါတယ်။  ဓမ္မပူဇာ အခါမလပ် ထက်ကြပ်မကွာ ပြုနိုင်ကြပါစေ။. . . ……..

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ၊
အလှူ မှန်သမျှတွင်  တရားအလှူသည် အမြတ်ဆုးံ ၊
Dhamma- gift excels all other gifts.

                                               အရှင် စန္ဒိမာ(ဓမ္မလရိပ်)